နေပြည်တော် ဩဂုတ် ၄
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ် တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ အမြန်လမ်းမကြီးအတိုင်း မော်တော်ယာဉ်များဖြင့်ထွက်ခွာ၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄ နေရာရှိ ရေထွက်ပေါက်နေရာ ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက်အမြန်လမ်းမကြီးရှိ ဆောက်လုပ်ရေးရိပ်သာသို့ ခေတ္တရောက်ရှိကြပြီး အစည်းအဝေးခန်း မတွင် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ လမ်းနယ်ပေ ၂၀၀ အတွင်းအမြဲစိမ်းသစ်ပင်များစိုက်ပျိုးသွားရန်လိုကြောင်း၊လမ်းနယ်အတွင်း လေကာပင်များကို လမ်းဖြင့် ၁၀ ပေခြား၍ ၂ တန်း (သို့မဟုတ်) ၃ တန်းစိုက်ပျိုးသွားရန်လိုကြောင်း၊ အလားတူ လမ်းဘေးဝဲယာရှိ သစ်တောကြိုးဝိုင်းကြိုးပြင်တောများကိုလည်း ယခုနှစ်မိုးရာသီအတွင်း သစ်ပင်များ စိုက်ပျိုးသွားရန်နှင့် ၅ ဧက/၁၀ ဧကခန့် ရှိသော သစ်တောငယ်များ ထူထောင်စိုက်ပျိုးသွားရန်လိုကြောင်း၊ အမြန်လမ်းမကြီး ဘေးတစ်လျှောက်ရှိ တရားမဝင်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် အခြားတရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အဦများကိုလည်းအမြန်လမ်းမကြီးဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ အမြန်လမ်းပေါ်သို့တက်ရောက်ရန်အတွက် တရားမဝင် လမ်းများဖောက်လုပ်ထားရှိမှု မရှိစေရေးနှင့်အမြန်လမ်းမပေါ်တက်ရောက်မည့်သတ်မှတ်ထားသည့် လမ်းများကိုလည်း အမြန်လမ်းမကြီး ဥပဒေ၊ သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်းဖောက်လုပ်ရေး အတွက်လည်း ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အား ၄ လမ်းသွား နိုင်လွန်ကတ္တရာခင်း၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်သွားနိုင်ရေး စီမံချက်ရေးဆွဲသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ဆက်လက်ထွက်ခွာလာကြပြီး ဆွာချောင်းတံတား ပြန်လည်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက် ရေးလုပ်ငန်း များကို စနစ်တကျဆောင်ရွက်ရန်၊ ဆွာချောင်း ကမ်းထိန်းလုပ်ငန်းများနှင့် ရေလမ်းကြောင်းကောင်းမွန်ရေးဆောင်ရွက်ရန်နှင့်အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် နေပြည်တော်သို့ပြန်လည်ရောက်ရှိခဲ့သည်။