နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ – ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ် ခန်းမ၌ တွေ့ ဆုံအမှာစကားပြောကြားသည်။

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများ အနေဖြင့် မိမိတို့၏ သားသမီးများကို နွေရာသီကျောင်းပိတ်ရက်ကာလအား အကျိုးရှိရှိ အသုံးချ နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဘင်ခရာသင်တန်းနှင့် မြန်မာ့သိုင်း အခြေခံ သင်တန်းများကို ဖွင့်လှစ်သင်ကြားနေသည်ဟု သိရကြောင်း၊ ဗုဒ္ဓဘာသာ အခြေခံ သင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်ခြင်းများ၊ ယခင်ပညာ သင်နှစ်တွင် သင်ကြားခဲ့ရသည့် သင်ခန်းစာများကို ပြန်လည် ဖတ်မှတ်ခြင်းများကိုလည်း ပြုလုပ် ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့၏ သားသမီးများကို ကောင်းမွန်သည့် ပညာအမွေများ ပေးနိုင်ရမည်ဖြစ်ပြီး ငယ်စဉ်ကလေးဘဝမှစ၍ စနစ်တကျဖြင့် သွန်သင်ကြပ်မတ်နေရန်လိုကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်း ပညာရေးကိုသင်ယူပြီး ကျောင်းတက်ရက်မှန်စေရေးနှင့် အခြေခံပညာများကို အမှန် တကယ် တတ်မြောက်စေရေးအတွက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုမှတဆင့် ၎င်း တို့အတွက် ပညာရေးနှင့် ပတ်သက်၍ အခြေခံကောင်းများကို ရရှိသွားရမည်ဖြစ် ကြောင်း။

မြန်မာရိုးရာ အတာသင်္ကြန်ကာလကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြတ်သန်းကြစေလိုပြီး စည်းကမ်းစနစ်တကျဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန်လိုကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သကဲ့သို့ မိမိတို့ အပန်းဖြေ နေထိုင် ရမည့် အားလပ်ရက်များကိုလည်း ပျော်ရွှင်စွာဖြင့် ဖြတ်သန်းကြရန်လိုကြောင်း၊ ကိုကိုး ကျွန်းဒေသသည် ယခင်ကထက်များစွာ တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရှိရပြီး မိမိတို့ အကြီးအကဲများက လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းထက် ဒေသခံများနှင့် အတူ နယ်မြေခံတပ်များ၏ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းကြောင့်ပင် ဖြစ် ကြောင်း၊ ထို့ကြောင့် ကိုကိုးကျွန်းဒေသ ယခုထက် ဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံ ပြည်သူများနှင့် စုစည်းညီညွတ်စွာဖြင့် ဒေသအကျိုး၊ ဒေသခံများ၏ အကျိုးစီးပွားကို ယခုထက် ပိုမိုဖော်ဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန်လိုကြောင်း၊ နှစ်သစ် အခါသမယတွင် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်းနှင့် အောင်မြင်မှုများ ဆထက်ထမ်းပိုးရရှိနိုင်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည် ။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့် ငွေများကိုလည်းကောင်းပေးအပ်ရာ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီးတို့က အသီးသီး လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများကို မြန်မာရိုးရာ အတာသင်္ကြန်ရေများပက်ဖျန်း၍ နှစ်သစ်ကိုအတူတကွ ရင်းနှီးနွေးထွေး စွာကြိုဆိုခဲ့ကြသည်။

ယနေ့ မွန်းလွဲပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကိုကိုးကျွန်းတပ်နယ်အတွင်းစိုက်ပျိုး မွေးမြူရေး အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို သွားရောက် ကြည့်ရှု စစ် ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ စမ်းသပ်စိုက်ပျိုး ထားသည့် ကိုကိုးစိုက်ခြံ အမှတ်(၁) ၁ ဒသမ ၆၆ ဧကနှင့် စိုက်ခြံအမှတ်(၂) ၃ ဒသမ ၃၄ ဧကတို့ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  ကိုကိုးပင်များကို ထားဝယ်ဒေသတွင် အောင်မြင် ဖြစ်ထွန်းစွာ စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရပြီး ရေခံမြေခံသဘော တူညီသည့် ကိုကိုးကျွန်းတွင်လည်း အောင်မြင်စွာ စိုက်ပျိုးနိုင်မည့် အခြေအနေများရှိကြောင်း၊ ကိုကိုးစေ့ကို ချောကလက် ပြုလုပ်ရာတွင် အဓိက အသုံး ပြုပြီး ကျန်းမာရေး ဆိုင်ရာကောင်းကျိုးများ အများအပြားကိုလည်း ပေးစွမ်းနိုင်ကာ ဈေးကွက် လိုအပ်ချက် များစွာရှိကြောင်း၊ ကိုကိုးပင်ကို ဒေသတွင်း၌ အောင်မြင် ဖြစ်ထွန်းစွာ စိုက်ပျိုး နိုင်ပါက ဒေသဖွံ့ဖြိုးတိုးတက်မှုများကိုလည်း များစွာ အထောက် အကူ ဖြစ်စေနိုင်မည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များ မှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ၇ မိုင် လိပ်သားဖောက်စခန်းနှင့် နယ်မြေခံ ရေတပ် စခန်းဌာနချုပ် လိပ်မွေးမြူရေးစခန်းတို့သို့ရောက်ရှိကြပြီး လိပ်များမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုကိုးကျွန်းဒေသအတွင်း ပင်လယ်လိပ် များ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် ၃ နှစ်သားအရွယ်ရှိ ပင်လယ်လိပ်ကြီး နှစ်ကောင်ကို မြန်မာ့ ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်အကြိုကာလ ဇီဝိတ ဒါန အဖြစ် ပင်လယ်အတွင်းသို့ ကုသိုလ်ပြု လွှတ်ပေးကြသည်။ အလားတူ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ သည်လည်း ပင်လယ်လိပ်များကို ဇီဝိတဒါန အဖြစ် ပင်လယ်အတွင်းသို့ လွှတ်ပေး ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်းဌာနချုပ်၊ ဒေသနွား မွေးမြူရေးခြံ သို့ ရောက်ရှိကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကိုကိုးကျွန်းဒေသ၏ အသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဒေသနွားမွေးမြူရေးလုပ်ငန်း များကို စနစ်တကျဖြင့် တိုးချဲ့မွေးမြူသွားရန်၊ အစာကျွေးမွေးမှုများ စနစ်တကျ ရှိရန် တို့နှင့်  ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။