နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အောင်လံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးမှာကြား       

နေပြည်တော်   ဩဂုတ်  ၂၀

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင်  ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ်  ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ အောင်လံမြို့ရှိ အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး   လုပ်ငန်းများ ဆွေးနွေးမှာကြားသည်။

ထိုသို့တွေ့ဆုံရာတွင်ဦးစွာအောင်လံခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ဆန်ဖူလုံမှုအခြေအနေများ၊ အောင်လံခရိုင်အတွင်း စိမ်းလန်းစိုပြည်စေရေးအတွက်သစ်ပင်စိုက်ပျိုးပွဲများကျင်းပပြုလုပ်၍စိုက်ပျိုးဆောင်ရွက်လျက်ရှိမှု၊ပညာရေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲအောင် မြင်စွာကျင်းပနိုင်ရေး   ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ အောင်လံမြို့ရှိဆေးရုံကြီးအား  အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အောင်လံနယ်မြေဒေသလုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အောင်လံမြို့ရှိ ဆေးရုံကြီးအား သတ်မှတ်ချက်များနှင့်အညီ အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊အောင်လံမြို့ရှိမြို့နယ်ခန်းမအား စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိ သူများအနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွား ရန်လိုကြောင်းမှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီး၌ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ယာမြေများကို အသွင်ပြောင်းလယ်မြေများအဖြစ်ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျစိုက်ပျိုး ဆောင်ရွက်နိုင်ခြင်းဖြင့် အထွက်နှုန်းများ ပိုမိုတိုးတက်လာစေရန်ဖြစ်ကြောင်း၊ သီးနှံ အထွက်နှုန်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်းပန်းတိုင်ရည်မှန်းချက်ပြည့်မီမှု မရှိသေးသည်ကိုတွေ့ရကြောင်း၊ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိခြင်းကြောင့် အောင်လံခရိုင်တွင် နှစ်စဉ်ဝင်ငွေ ငွေကျပ် ၄၆၅ ဘီလီယံခန့် လျော့နည်းလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်    ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများတိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်း ဝယ်လိုအားနှင့် ရောင်းလိုအားများ တိုးတက်ကောင်းမွန်လာကာ ဒေသစီးပွားကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

 ထို့ကြောင့်  အထွက်နှုန်းများပိုမိုတိုးတက်ကောင်းမွန်စေရေး   စိုက်ပျိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့်  မျိုး၊ မြေ၊ ရေ၊ နည်းများ လုံလောက်ကောင်းမွန်စွာရရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရန်လိုသကဲ့သို့ မြေကောင်းမွန်မှုရှိစေရေး မြေပြုပြင်ခြင်းလုပ်ငန်းများနှင့် သဘာဝမြေဩဇာများကို အသုံးပြုရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေလုံလောက် စွာရရှိစေရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ အသုံးပြု၍ ရှိပြီးသား ရေအရင်းအမြစ်ဖြစ်သော ဧရာဝတီမြစ်ရေများကို စနစ်တကျ အသုံးချရန်လိုကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နည်းစနစ်တကျဖြင့် စိုက်ပျိုးရန်လည်းလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ    သီးနှံအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသတွင်းဆန်ဖူလုံလာမည်ဖြစ်ပြီး ဒေသထွက်သီးနှံများဖြစ်သည့်    ဆီထွက်သီးနှံနှင့်ပဲမျိုးစုံကိုလည်း ပိုမိုတိုးတက် ထုတ်လုပ်လာနိုင်မည်ဖြစ်သဖြင့် ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့်ပတ်သက်၍ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်နိုင်ကြောင်း၊ ဒေသတစ်ခုတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊    အောင်လံမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းလုပ်ဆောင်မှုများ အားနည်းနေသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ပစ္စည်းများဖြင့် တိရစ္ဆာန်အစာများထုတ်လုပ်နိုင်သဖြင့် အဆိုပါတိရစ္ဆာန်အစာများကို အသုံးပြု၍ ကြက်၊ ဝက်၊ ဆိတ်၊ နွားများကို မွေးမြူနိုင်ကြောင်း၊ ထိုသို့မွေးမြူဆောင်ရွက်ခြင်းဖြင့် ဒေသစားရေးကို ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသား အရင်းအမြစ်များ ရရှိရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်း များနှင့်ပတ်သက်၍    အသိပညာပေးခြင်းလုပ်ငန်းများကို   သက်ဆိုင်ရာတာဝန်ရှိသူများက စဉ်ဆက်မပြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အောင်လံဒေသအတွင်း ဝါစိုက်ပျိုးမှုများ  ဆောင်ရွက်လျက်ရှိသဖြင့် ဝါနှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများကိုအခြေခံမှစ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့်    ဒေသစီးပွားတိုးတက်ရေးကိုများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း။

အောင်လံခရိုင်အတွင်း ကျောင်းသား၊ ကျောင်းသူများ တန်းစဉ်ကူးပြောင်းမှုများ အားနည်းလျက်ရှိသည်ကိုတွေ့ရကြောင်း၊ တန်းစဉ်ကူးပြောင်းမှုများ  မြင့်မားလာမှသာ လူတစ်ဦးချင်း၏   တိုးတက်မှုများရှိလာမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဒေသအတွင်းစီးပွားရေး တိုးတက်ကောင်းမွန် စေရန်အတွက် ပညာတတ်လူသားအရင်းအမြစ်များပေါများကြွယ်ဝအောင် ဆောင် ရွက်ပေးကြရန်လိုကြောင်း၊ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း ပညာသင်ကြားမှုအဆင့်အလိုက် တစ်ဦးချင်း၏စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်မှုများကွာခြားသွားကြကြောင်း၊   ထို့ကြောင့် ကျောင်းနေရာခိုင်နှုန်းများ ကောင်းမွန်ပြီး တန်းစဉ်ကူးပြောင်းမှုများ ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပညာရေးကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

အောင်လံဒေသအတွင်းသစ်တောသစ်ပင်များကို ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ သစ်ပင်သစ်တောများရှိမှသာ သဘာဝဘေးဒဏ်များကိုထိုက်သင့်သလောက်လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်တာဝန်ယူချိန်မှစ၍ ကျေးရွာများ၌တစ်ရွာလျှင် ထင်းစိုက်ခင်း ၂ ဧကနှုန်းဖြင့် စိုက်ပျိုးရန်မှာကြားထားကြောင်း၊ အလားတူ မြို့ရွာများ၊ ရပ်ကွက်များအလိုက် တစ်အိမ်လျှင် သစ်ပင်တစ်ပင်နှုန်း နှစ်စဉ်စိုက်ပျိုးသွားမည်ဆိုပါက သစ်ပင်သစ်တောများပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ လမ်းဧရိယာများ၌လည်း   သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်လာမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ   ခေတ်အဆက်ဆက်တွင် အုပ်ချုပ်ရေးစနစ်များ ပုံစံအမျိုးမျိုးဖြင့် အဆင့်ဆင့်   ပြောင်းလဲလာခဲ့ကြောင်း၊ ကိုလိုနီခေတ်၌ ခရိုင်အုပ်ချုပ်ရေးကို အခြေခံ သည့် မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင်စသည့် ပုဂ္ဂိုလ်များက  ဒေသအလိုက် လက်တွေ့ အကောင်အထည်ဖော်ရသော အုပ်ချုပ်ရေးကိုဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးစ ပါလီမန်ဒီမိုကရေစီစနစ်၌လည်း ၎င်းစနစ်ကိုပင်အခြေခံ၍ ကျင့်သုံးဆောင်ရွက် ခဲ့ကြောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၌ အုပ်ချုပ်ရေးမှူးများ၏အပေါ်တွင် ကောင်စီဥက္ကဋ္ဌများက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ နဝတခေတ်တွင် တပ်မတော်ကခန့်အပ်သည့်ဥက္ကဋ္ဌများကဦးဆောင်၍ ဆောင်ရွက်ခဲ့ပြီးနယကခေတ်မှစ၍ မြို့နယ်၊ခရိုင်အုပ်ချုပ်ရေးမှူးများက ဦးဆောင်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အစိုးရ လက်ထက်တွင်လည်း  ဒေသအလိုက် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးတို့ကို ဒီမိုကရေစီစနစ်နှင့်အညီ ဆောင်ရွက်စေခဲ့ကြောင်း။

ဒေသတစ်ခုတိုးတက်ရေးအတွက်  ဒေသတွင်းနေထိုင်ကြသူများတွင် တာဝန်ရှိပြီး ဒေသကို ဦးဆောင်အုပ်ချုပ်နေသူများတွင်လည်းတာဝန်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ထမ်းဆောင်နေသည့် ဒေသအတွင်း ခရိုင်၊ မြို့နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တတ်နိုင်သမျှ အကောင်အထည်ဖော်   ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဒေသအတွင်း တာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြင့်ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လိုကြောင်း၊ သက်ဆိုင်ရာဌာနချင်းအလိုက်ညှိနှိုင်း၍ လုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြင့် ခရိုင်အလိုက်၊  မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အောင်လံခရိုင်အတွင်း    အခြေခံကောင်းများရှိပြီးဖြစ်သဖြင့်   ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးကဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက်နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောင်လံမြို့ရှိ ရွှေတင့်ဝမ်းမွေးမြူရေးဇုန်သို့ရောက်ရှိကြပြီး မွေးမြူရေးဇုန်အတွင်း    ဥစားကြက်များ  မွေးမြူထားရှိမှုကို    လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မွေးမြူရေးလုပ်ငန်းများအား စနစ်တကျဖြင့်ဆောင်ရွက်သွားရန်၊ မွေးမြူရေးဇုန်အတွင်း အရိပ်ရလေကာပင်များစိုက်ပျိုးသွားရန်နှင့် သန့်ရှင်းမှုများရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက်နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အောင်လံမြို့အဝေးပြေးယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်တည်ဆောက်ထားရှိမှုအခြေအနေများအား   ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ယာဉ်ရပ်နားစခန်းအတွင်း ယာဉ်ရပ်နားမှုများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရန်၊ အရိပ်ရလေကာပင်များအား စနစ်တကျစိုက်ပျိုးသွားရန်၊ ယာဉ်ရပ်နားစခန်းအနီးပတ်ဝန်းကျင်၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှုကို အထောက်အကူပြုစေမည့် သစ်တောငယ်အားစိုက်ပျိုးဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။