ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်  မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ

နေပြည်တော်    ဩဂုတ်    ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်လေဆိပ်မှထွက်ခွာကြရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ပို့ဆောင် နှုတ်ဆက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင်  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဝါဝါမောင်၊ဦးမင်းနောင်၊ ဦးချစ်ဆွေ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင်လိုက်ပါသွားကြသည်။

ယင်းနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် တီယန်ကျင်းမြို့၊ Binhai  အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့မှသဘာဝအရင်းအမြစ်ရေးရာဝန်ကြီးဌာနဝန်ကြီး Mr. Guan Zhiou၊တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma  Jia၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)  ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

လေဆိပ်တွင်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အား တရုတ်ပြည်သူ့သမ္မတနိုင်ငံဂုဏ်ပြုတပ်ဖွဲ့နှင့်ယဉ်ကျေးမှုအကအဖွဲ့တို့က နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား   ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။