နေပြည်တော် စက်တင်ဘာ ၃
တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဒေသစံတော်ချိန်ယနေ့ညနေ ၅ နာရီတွင် ပေကျင်းမြို့ရှိ Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့သွားရောက်ကြည့်ရှုလေ့လာသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့ရောက်ရှိ ကြရာ ကုမ္ပဏီဥက္ကဋ္ဌနှင့် ကုမ္ပဏီဝန်ထမ်းများက ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်ကုမ္ပဏီရုံးခန်း၌ခင်းကျင်းပြသထားသည့် TBEA ကုမ္ပဏီမှဆောက်လုပ်ထားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ကမ္ဘာတစ်ဝန်း စွမ်းအင်ထုတ်လုပ်ရေး၊ သတ္တုထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ပစ္စည်းများထုတ်လုပ် တပ်ဆင် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်းပြသမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။
ထို့နောက် ကုမ္ပဏီအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ TBEA ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများ၊လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့်စက်ရုံများအား မြန်မာနိုင်ငံတွင် တည်ဆောက်ထုတ်လုပ်၍ ပြည်တွင်းဈေးကွက်နှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့်အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာပြီးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့်အခြေအနေများ၊သတ္တုတူးဖော် ရေးလုပ်ငန်းများတွင် အတူတကွပူးပေါင်းဆောင်ရွက်၍ ကုန်ချောများ ထုတ်လုပ်နိုင်မှုအခြေအနေများ၊မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတိုးတက်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်း နှီးနှီးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက TBEA ကုမ္ပဏီ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး TBEA ကုမ္ပဏီဥက္ကဋ္ဌနှင့် လက်ဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။