နေပြည်တော် စက်တင်ဘာ ၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus)နှင့် တရုတ်ပြည်သူများ၏ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများသို့တက်ရောက်ခဲ့သည့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရှိ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာ လေဆိပ်မှအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI) အထူး လေယာဉ်ဖြင့် နေပြည်တော်တပ်မတော် လေဆိပ်သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ စီချွမ်ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ချုံချင့်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း နှင့်တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးချစ်ဆွေ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်တပ်မတော် လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားပြည်သူများ၊ တရုတ်ရိုးရာနဂါးနှင့် ခြင်္သေ့အကအဖွဲ့၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့များ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ၊ အနုပညာရှင်များနှင့် ဒေသခံပြည်သူများကကြိုဆိုနှုတ်ဆက်ကြသည်။
ထို့ပြင် “တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ”၊ “အမျိုး၊ ဘာသာ၊ သာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကျန်းမာပါစေ”၊“ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကျန်းမာပါစေ”၊ “တရုတ်-မြန်မာ ချစ်ကြည်ရေးခိုင်မြဲပါစေ” ၊ “တရုတ်-မြန်မာ ချစ်ကြည်ရေးအဓွန့်ရှည်ပါစေ” စသည့်ကြွေးကြော်သံများကို ကြွေးကြော်၍လည်းကောင်း၊ “မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍအလိုက် အောင်မြင်ပါစေ”၊ “နိုင်ငံ့အရေးအတွက် ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါ၏” ၊ “မြန်မာ-တရုတ် အေးအတူပူအမျှဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်မှုအောင်မြင်ပါစေ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း တရုတ်-မြန်မာ နှစ်နိုင်ငံအလံငယ်များ ဝှေ့ယမ်း၍လည်းကောင်း သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာကြသည့် မီဒီယာများ၏သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပြီး မေးမြန်းဖြေကြားမှုအပြည့်အစုံမှာ –
ကျွန်တော်ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကနေစပြီးတော့ တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာပြုလုပ်တဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအပေါင်းအစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး H.E.Mr. Xi Jinping ရဲ့ ဖိတ်ကြားချက်အရတက်ခဲ့ပါတယ်။ ဒီမှာလည်း အစည်းအဝေးအဖွဲ့ဝင်နိုင်ငံတွေ၊ လေ့လာသူနိုင်ငံ၊ ဆွေးနွေးဖက်နိုင်ငံတွေတက်ကြပါတယ်။ တော်တော်များများ ခေါင်းဆောင်တွေနဲ့ Bilateral တွေ့ဆုံနိုင်ခဲ့တာရှိသလို တွေ့ဆုံဆွေးနွေးပြောကြားမှုတွေလည်းရှိပါတယ်။ အလားတူစွာပဲ စက်တင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်တဲ့ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။ တော်တော်ကိုအောင်မြင်တဲ့၊ ကောင်းမွန်တဲ့ အခမ်းအနားတွေလည်းဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာမှာရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခြေအနေအရပ်ရပ်ကို ဒီမှာ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးခဲ့တာရှိတယ်။ ကျွန်တော် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အချိန်မှာလည်း နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေနဲ့ မြန်မာနိုင်ငံမှာလာမယ့်ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအခြေအနေကို ကျွန်တော်ရှင်းပြပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေရော၊ တွေ့ဆုံပြောဆိုနိုင်ခဲ့တဲ့ခေါင်းဆောင်တွေရောက မြန်မာနိုင်ငံကိုကမ္ဘာမှာအပြည့်အဝနားလည်ပြီးတော့မှ အားလုံးရပ်တည်ထောက်ခံမှုပြုခဲ့ကြတယ်။ စောစောကပြောတဲ့ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲလည်း အားလုံးထောက်ခံတယ်။ သူတို့လည်း ဒီဟာနဲ့ပတ်သက်ပြီးတော့အောင်မြင်အောင် သူတို့ဆန္ဒပြုတဲ့အကြောင်းတွေလည်း သူတို့ပြောပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ရက်က တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ဟာပင်းမြို့ကို သွားခဲ့ပါတယ်။အဲ့မှာလည်း စိုက်ပျိုးရေးလုပ်ငန်း၊ အီလက်ထရောနစ်၊ အင်ဂျင်နီယာလုပ်ငန်း ဒါတွေကြည့်ခဲ့တာပေါ့လေ။ ထို့အတူပဲ နောက်ဆုံးခရီးစဉ်အဖြစ် စီချွမ်ပြည်နယ် ချန်ဒူးကိုရောက်ပါတယ်။ စီချွမ်ပြည်နယ်မှာလည်း ငလျင်ဒဏ်နဲ့ပတ်သက်ပြီး ကြုံတွေ့ခံစားပြီးတော့မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တကယ့်ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တော့သူတို့ရဲ့အတွေ့အကြုံကို မျှဝေကြည့်ရှုခဲ့တာရှိတယ်။ နောက် စိုက်ပျိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ မေးမြန်းဆွေးနွေးနိုင်ခဲ့တာရှိပါတယ်။ အင်မတန်အားရဖို့ လည်းကောင်းပါတယ်။ အလားတူပဲ တီယန်ကျင်းရော၊ ချန်ဒူးမှာရော တရုတ်နိုင်ငံရဲ့ စီးပွားရေးကိုယ်စားလှယ်အဖွဲ့တွေ၊ ကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတော့ ကျွန်တော်နဲ့ပါလာတဲ့ ဝန်ကြီးတွေကလည်း သူတို့ရဲ့မေးမြန်းချက်တွေလည်း ဖြေကြားပေးတာတို့ ကျွန်တော်ကိုယ်တိုင်လည်း သူတို့ရဲ့သိလိုတဲ့အချက်အလက်တွေပေါ့ သူတို့မေးတဲ့အပြင်ကို ကျွန်တော်ကလည်း သိသင့်တဲ့အချက်အလက်တွေကိုလည်း ဖြေပေးနိုင်ခဲ့ပါတယ်။နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေကတော့ တော်တော်ကို တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ပြောချင်တယ်။ နောက်တစ်ခုကလည်း တရုတ်နိုင်ငံကတော့ အလုံးစုံ AI ကို အတော်လေးဦးစားပေးလာတာတွေ့ပါတယ်။ Green Zone ၊ Green Revolution လို့ပြောမလား အစိမ်းရောင်နဲ့ ပတ်သက်တဲ့ဟာကိုတော့ သူတို့တော်တော် ဦးစားပေးတာကို တွေ့တယ်။ ကျွန်တော်တို့ တော်တော်အတုယူဖို့ကောင်းပါတယ်။ ကျွန်တော်တို့လည်း မြန်မာနိုင်ငံမှာလည်း “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဆိုတဲ့ဆောင်ပုဒ်နဲ့ လုပ်နေတာရှိပါတယ်။ ကျွန်တော့်ရဲ့ မူဝါဒပါပဲ။ ကျွန်တော်တို့က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ နိုင်ငံတော်ကို လှုပ်ရှားရမှာဖြစ်ပါတယ်။ အလားတူစွာပဲ အစည်းအဝေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ လိုတယ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့လည်း ကုန်ထုတ်လုပ်မှု တွေလုပ်မှရမယ်။ သူတို့ဆီကနေ ကုန်ပစ္စည်းတွေ သွင်းရုံနဲ့မရဘူး။ ကျွန်တော်တို့ပစ္စည်းတွေလည်း ပို့ဖို့လည်းလိုတယ်။ ကုန်ထုတ်လုပ်မှုတွေ ကျွန်တော်တို့လုပ်ရမယ်။ ဒါကြောင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုတဲ့ ဆောင်ပုဒ်လေး ကျွန်တော်နဲ့ ဆောင်ရွက်နေတာရှိပါတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့လိုတယ်။ အလုပ်မလုပ်ဘဲနဲ့တော့မရဘူး။ နောက်တစ်ခါ နည်းပညာလည်း တော်တော်မြင့်မားတာ တွေ့ပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ခရီးစဉ် အကြိမ်ကြိမ်ရှိပါပြီ။ တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်မှုတွေက အံ့မခန်းဖွယ်ရာဖြစ်အောင်ရှိပါတယ်။ တကယ်ကို တကယ် လက်တွေ့ကျကျ သုံးသပ်ကြည့်မယ်ဆိုရင် ဒီအတိုင်းပဲတွေ့ပါတယ်။ ကျွန်တော်တို့က သူတို့ကိုအမီလိုက်နိုင်ဖို့ တော်တော်ကိုလိုပါတယ်။ တိုးတက်ဖို့ဆိုရင်လည်း အတတ်ပညာ၊ အသိပညာတွေ တော်တော်လိုပါတယ်။ အတတ်ပညာ၊ အသိပညာရဖို့အတွက်ဆိုရင် ပညာရေးကလည်း အခြေခံတွေကောင်းမှရမယ်။
ဒါကြောင့် အခြေခံဖြစ်တဲ့ ပညာရေးကောင်းအောင်လည်း ကြိုးစားဖို့လိုပါတယ်။ ပညာတတ်တွေ ပေါကြွယ်ဝပြီဆိုမှ အတတ်ပညာတွေပိုကောင်းလာပြီးတော့ သူတို့နဲ့ယှဉ်ပြီးလုပ်နိုင်မယ်။ သူတို့ကျွန်တော့်ကိုမေးတဲ့မေးခွန်းတစ်ခုရှိတယ်။ သူတို့တကယ်လို့ မြန်မာနိုင်ငံမှာ လာရောက်အလုပ်လုပ်ပြီဆိုရင် မြန်မာနိုင်ငံက လူသား အရင်းအမြစ်တွေကို ရနိုင်မလားဆိုတဲ့ဟာတွေ၊ သတ်မှတ်ထားတဲ့အတိုင်းတာဝန်ပေးရမှာလားဆိုတဲ့မေးခွန်းတွေမေးလာတယ်။ ကျွန်တော်တို့ ဥပဒေက လုပ်ကိုလုပ်ရမယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင်လည်း သူတို့နဲ့ လက်တွဲပြီးတော့မှ ယှဉ်တွဲပြီးလုပ်နိုင်မယ့်လူသားအရင်းအမြစ်တွေလိုတယ်။ အဲဒီလူသားအရင်းအမြစ်တွေမလုပ်နိုင်ဘဲနဲ့ ကျွန်တော်တို့ ဘယ်လိုလက်တွဲလုပ်လို့ရမလဲ။ ဒါကြောင့်ကျွန်တော်တို့တိုင်းပြည်ကို ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ကြိုးစားအားထုတ်ဖို့လိုတယ်ဆိုတာ ပြောချင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့လိုတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့အတွက်ဆိုရင် တကယ်ကို အသိရှိရှိနဲ့လုပ်မှရမှာ။ ကျွန်တော်တို့ရပ်တည်ချက်လည်း ဘယ်လိုမှမပြောင်းလဲပါဘူး။ ကျွန်တော် ရအောင်လုပ်သွားမှာဖြစ်ပါတယ်။
လာမယ့်ဒီဇင်ဘာရွေးကောက်ပွဲပြီးလို့ရှိရင် နောက်ထပ်ဖြစ်ပေါ်လာမယ့် ပြည်သူက ရွေးချယ်တဲ့လမ်းကြောင်းအတိုင်းပဲ ကျွန်တော်တို့နိုင်ငံတော်ရဲ့ရှေ့ ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီမှာမှ ကျွန်တော်တို့က ဒါကိုပဲအငြင်းပွားပြီးတော့မှ လုပ်နေမယ်ဆိုရင် ကဏ္ဍကောစလုပ်နေမယ်ဆိုရင်တော့ တိုးတက်မှုအသီးအပွင့်တွေဟာ အပြည့်အဝခံစားရမှာတော့ မဟုတ်ဘူး။ ဒါ့ကြောင့် တည်ငြိမ်အေးချမ်းဖို့အတွက်လည်းလိုပါတယ်။ တည်ငြိမ်အေးချမ်းဖို့ဆိုရင် နိုင်ငံရေးအသိရှိရှိနဲ့လုပ်ဖို့လည်းလိုပါမယ်။ နံပါတ်တစ်အချက်တည်ငြိမ်အေးချမ်းအောင် ကြိုးစားရမယ်။ အတန်းပညာရှိအောင်ကြိုးစားရမယ်။ ပြီးလို့ရှိရင်ပညာရေးနဲ့ပတ်သက်ပြီး ရအောင်မြှင့်တင်ပေးရမယ်။ ကျွန်တော်တို့အလုပ်လုပ်ဖို့လိုတယ်။ ဒါတွေလုပ်နိုင်မှသာ ကျွန်တော်တို့အခုသွားတဲ့ ဒီခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့ရလဒ်တွေကိုကျွန်တော်တို့က ပြည့်ပြည့်ဝဝအကောင်အထည်ဖော်နိုင်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်ဗျ။