ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချန်ဒူးမြို့၌ မီဒီယာများ၏မေးမြန်းမှုများအား ပြန်လည်ဖြေကြား

နေပြည်တော်   စက်တင်ဘာ   ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာ ယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ၊ ချန်ဒူးမြို့သို့ရောက်ရှိနေစဉ် အတွင်း ချန်ဒူးမြို့ရှိ Shangri La ဟိုတယ်၌ ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်လာ ရောက်ခဲ့မှုနှင့်ပတ်သက်၍တရုတ်နိုင်ငံသတင်းမီဒီယာများ၏မေးမြန်းမှုများအား ပြန်လည်ဖြေကြား ခဲ့သည်။

ထိုသို့လက်ခံဖြေကြားခဲ့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှမီဒီယာများဖြစ်ကြသည့် Chengdu Daily၊ Chengdu Business Daily၊ West China Metropolis Daily၊ Chengdu Television (CDTV)၊ SichuanTelevision(SCTV)၊ China Central Television(CCTV)၊ People’s Daily Online နှင့်   china   xinhua  news   တို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး(Shanghai Cooperation Organisation-SCO SUMMIT 2025)နှင့်တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့မှုအခြေအနေ၊ တီယန်ကျင်းမြို့နှင့်ချန်ဒူးမြို့တို့၌ မြန်မာ-တရုတ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေးပွဲများဆောင်ရွက်၍ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ် မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများအား မေးမြန်းမှုများဆောင်ရွက်ခဲ့သည်။

ထိုသို့မီဒီယာများနှင့်တွေ့ဆုံစဉ် ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်‌အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အလုပ်သဘောခရီးစဉ်အတွင်း SCO ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့မှု၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို အောက်ပါအတိုင်းရှင်းလင်းပြောကြားခဲ့ပါသည်-

အားလုံးပဲ  မင်္ဂလာပါ။ ကျွန်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး H.E.Mr.Xi Jinping ရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့  ဩဂုတ်လ   ၃၀  ရက်နေ့ကနေ ဒီနေ့ စက်တင်ဘာလ  ၆  ရက်နေ့အထိ ၈ ရက်ကြာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ပထမဆုံး ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ တီယန်ကျင်း မြို့မှာပြုလုပ်ခဲ့တဲ့      ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့     ထိပ်သီး အပေါင်းအစည်းအဝေးကို ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာတော့ ကျွန်တော် မူလအဖွဲ့ဝ င်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအနေနဲ့ရှိတဲ့အခါမှာ ကျွန်တော်တို့မြန်မာ နိုင်ငံကတော့ ဆွေးနွေးဖက်နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်မှာရောက်ရှိပြီးဖြစ်တဲ့အတွက်ကြောင့် ဒီအစည်း အဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးရဲ့ဖိတ်ကြားချက်အရ လာရောက်တက်ရောက်ခဲ့ပြီး ကျွန်တော်လည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။  အဲ့ဒီမှာတော့  တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးက ကမ္ဘာလုံးဆိုင်ရာ  အုပ်ချုပ်မှုလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက် ၅ ခု Global Governance Initiative ၅ ချက်ကို အဆိုပြုဆွေးနွေးခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့အခြေအနေနဲ့ကိုက်ညီပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့နိုင်ငံတွေမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရှိတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရှိတယ်။ ဆင်းရဲတဲ့နိုင်ငံ တွေရှိတယ်။

ဒီနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံအခြေအနေချင်းမတူပေမယ့်လည်း၊ တချို့တူညီတဲ့    အခြေအနေ တွေရှိပေမယ့်လည်း အင်အားကြီးတဲ့နိုင်ငံတွေက   အင်အားတူညီတဲ့နိုင်ငံတွေရော၊ အင်အားနည်းတဲ့ နိုင်ငံတွေရောကို နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေး အမျိုးစုံနဲ့ ဖိအားပေးနေတာကို ကြုံတွေ့နေ ရပါတယ်။ ဒီဟာကို သမ္မတကြီး H.E.Mr.Xi Jinping က ထောက်ပြပြီးတော့ ဒါကိုပြုပြင်ပြောင်းလဲ ဖို့လိုအပ်တဲ့အကြောင်းကိုပြောခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံကတော့  ဒီအဆိုပြုချက် ၅ ချက်ကို အပြည့်အဝထောက်ခံကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။   ကမ္ဘာ့ခေါင်း ဆောင်များကလည်း   ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ဒီရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့  အစည်းအဝေးကတော့ လုံးဝအောင်မြင်တဲ့အစည်းအဝေးတစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါ တယ်။ တစ်ဆက်တည်းမှာပဲ စက်တင်ဘာလ ၃ ရက်နေ့ကပြုလုပ်ခဲ့တဲ့ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်    အခမ်းအနားကိုလည်း ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ အင်မတန်ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြ အခမ်းအနားကြီးဖြစ်ပါတယ်။   ပထမဦးဆုံးအနေနဲ့ တရုတ်တပ်မတော်ရဲ့ စနစ်တကျလေ့ကျင့်ထား မှုကိုလည်း အကောင်းဆုံးဖြစ်တာကို ကျွန်တော် တွေ့ပါတယ်။  နောက် တရုတ်ပြည်သူများရဲ့စည်းကမ်း အပြည့်အဝရှိမှုကိုလည်း ကျွန်တော်တွေ့ရှိပါတယ်။ နောက် တတိယအနေနဲ့ကတော့   တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့  ကာကွယ်ရေးစွမ်းပကား မြင့်မားတယ်ဆိုတာကို ဒီမှာတွေ့ရပါတယ်။ နောက်တစ်ခါ ကမ္ဘာကြီးကို တရုတ်နိုင်ငံအနေနဲ့ အကာအကွယ်ပေးနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဒီမှာတွေ့ပါတယ်။ တချို့ပစ္စည်းတွေဆိုရင် ကျွန်တော်တို့ လုံးဝကိုမထင်တဲ့ကာကွယ်ရေးပစ္စည်းတွေ တွေ့ပါတယ်။ ဒီကာကွယ်ရေးပစ္စည်းတွေကကမ္ဘာကို ခြိမ်းခြောက်နေတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့  ယုံကြည်ပါတယ်။ ဖက်ဆစ်တွေရဲ့နှိပ် စက်မှုဒဏ်ကိုခံခဲ့ရတဲ့ တော်လှန်မှု နှစ်(၈၀)ပြည့်တဲ့ ကာလဖြစ်တဲ့အတွက်ကြောင့်  အဓိပ္ပာယ်ရှိတဲ့၊ အကျိုးရှိတဲ့  စစ်ရေးပြအခမ်းအနားကြီးတစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့   တစ်ဆက်တည်းမှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့မြောက်ဘက်မှာရှိတဲ့ ဟေလုံကျန်းပြည်နယ်နဲ့ ဒီနေ့ ကျွန်တော်ရောက်ရှိနေတဲ့ စီချွမ်ပြည်နယ်တို့ကိုလည်း နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်ဖို့ ကျွန်တော်ချစ်ကြည်ရေးခရီး ဆက်လာခဲ့တာဖြစ်ပါတယ်။ ဒီနေ့ခရီးစဉ် ဒီတင်ပြီးပြီဖြစ်ပါ တယ်။

နောက်ထပ်ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး   နယ်ပယ်တွေဘယ်လိုဆောင်ရွက်နိုင်မ လဲ ဆို တာ ကျွန်တော်လေ့လာတဲ့အခါမှာ ကျွန်တော်တို့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့အတွက် အခွင့်အ လမ်း တွေများစွာရှိတာကို ကျွန်တော်တွေ့ပါတယ်။ နောက်တစ်ခါ စီးပွားရေးနဲ့ပတ်သက်ပြီး ရောင်းဝယ် ဖောက်ကားမှု၊ ကုန်သွယ်မှုနဲ့ပတ်သက်ပြီးတော့လည်း များစွာဆောင်ရွက်နိုင်တဲ့  အခွင့်အလမ်း တွေများစွာရှိတယ်ဆိုတာလည်း နှစ်ဖက်လုံးမှာ ကျွန်တော် တွေ့ပါတယ်။       တီယန်ကျင်းမှာရော၊ စီချွမ်မြို့မှာရော၊ ဟာပင်းမှာရော၊ ချန်ဒူးမြို့မှာရော နှစ်နိုင်ငံမှာရှိတဲ့ ကုန်သည်ကြီးများနဲ့ ကျွန်တော် တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခွင့်အလမ်းနဲ့ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်နဲ့ အဖွဲ့ဝင်အဖြစ်ပါလာတဲ့ ဝန်ကြီးတွေကလည်း အကုန်ပြည့်ပြည့် စုံစုံရှင်းပြနိုင်ခဲ့ပါတယ်။ တရုတ်ကုန်သည်များကလည်း စိတ်ဝင်တစားနဲ့ ပါဝင်ဆွေးနွေးပြောကြား ခဲ့မှုများ၊  လာရောက်တွေ့ဆုံတက်ရောက်ခဲ့မှုများရှိလို့   ကျွန်တော်တို့   နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများစွာ မျှော်လင့်ချက်ရှိနေကြတယ်ဆိုတာ ကျွန်တော်တို့တွေ့ပါတယ်။ ကျွန်တော် တရုတ်နိုင်ငံကို လာတာ ၁၂ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပါတယ်။ ဒီ ၁၂ ကြိမ်မြောက်ခရီးစဉ်မှာ ဒီခရီးစဉ်က အောင်မြင်ဆုံးခရီးစဉ်တစ်ခုလို့ ကျွန်တော် ပြောလိုပါတယ်။ မြန်မာနိုင်ငံဟာ တရုတနိုင်ငံရဲ့ယုံကြည် စိတ်ချရတဲ့ မိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။  အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်ပါတယ်။   တရုတ်နိုင်ငံကလည်း   ကျွန်တော်တို့နိုင်ငံရဲ့ယုံကြည်စိတ်ချရတဲ့မိတ်ဆွေအဖြစ်   အမြဲတမ်း မျှော်လင့် ထား ပါတယ်။ အခု ကျွန်တော်တို့လာတဲ့ခရီးစဉ်က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကို ခိုင်ခိုင်မာမာနဲ့ ယုံယုံကြည်ကြည်လုပ်နိုင်ဖို့အတွက် အခွင့်အလမ်းတွေရခဲ့တယ်လို့ ကျွန်တော်ပြောချင် ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ရဲရဲတင်းတင်းပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း  ကျွန်တော်မျှော်လင့်ပါတယ်။ အောင်မြင်မှုခရီးစဉ်တစ်ခုဖြစ်အောင် ခင်ဗျားတို့တက်ရောက် လာကြသူများကလည်း အိမ်ဖြည့်ပေးတာဖြစ်ပါတယ်။ ကောင်းပါပြီ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ထို့နောက် မီဒီယာများ၏မေးမြန်းမှုများကို အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်-

မေး။     လေးစားအပ်ပါသော ယာယီသမ္မတကြီးရှင့်။ ကျွန်မကတော့  People’s Daily Online Media သတင်းထောက်ဖြစ်ပါ တယ်။ ကျွန်မမေးချင်တာကတော့ တရုတ်မြန်မာဆက်ဆံရေး၊ သံတမန်ဆက် ဆံရေး ဟာဆိုရင် ဒီနှစ်မှာ(၇၅)နှစ်ပြည့်ခဲ့ပြီဖြစ်ပါ တယ်။ ယာယီသမ္မတကြီးအနေနဲ့ နှစ်နိုင်ငံ အနာဂတ်မှာ မည်သည့်အခန်းကဏ္ဍများ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုများ မှာ   ဆက်လက်ပူး ပေါင်းပေး သွားမယ်၊ တရုတ်မြန်မာရဲ့အေးအတူပူအမျှအသိုက်အဝန်းမှာဘယ်လို ဆက်လက်တွန်းအား ပေး သွား မယ်ဆိုတာသိရှိလိုပါတယ်ရှင့်။

ဖြေ။     ။ကျွန်တော် အစကပြောခဲ့ပြီးသား။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော်နိုင်ငံ တွေဖြစ်တယ်။ အိမ်နီးနားချင်းမှာလည်း မိုင်ပေါင်း ၁၃၀၀ လောက်ရှညတဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေဖြစ်တယ်။ နှစ်နိုင်ငံသမိုင်းကြောင်းကလည်း နှစ်ပေါင်းများစွာကတည်းက    ကူးလူးဆက်ဆံမှု တွေရှိခဲ့တယ်။ နှစ်နိုင်ငံဆက်ဆံရေးကလည်း ယုံကြည်စိတ်ချမှုအပြည့်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကဏ္ဍစုံကနေပြီးတော့မှ  ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားမယ်။ နောက် တစ်ခါ တရုတ်နိုင်ငံကနေပြီးတော့ အားသာချက်ရှိနေတဲ့  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ပေါ့နော်။      ဒီဟာကလည်း အမြဲတမ်းစိမ်းလန်းစိုပြည်တဲ့    မူဝါဒကို ကျွန်တော်တို့ရဲ့မူဝါဒနဲ့တူညီတာကြောင့်                  ဒါလည်း တရုတ်နိုင်ငံရဲ့အတွေ့အကြုံကို ရယူပြီးတော့မှ တရုတ်ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံ ကလည်း ဒီနေ့အကျိုးကျေးဇူးတွေခံစားနိုင်အောင် အားပေးဆောင်ရွက်သွားမယ်လို့ပြောချင်ပါတယ်။

မေး။      ကျွန်မကတော့ ဆင်ဟွာသတင်းဌာနမှဖြစ်ပါတယ်။ ကျွန်မမေးချင်တာက နှစ်ချက်ရှိပါတယ်။ နံပါတ်တစ်က မြန်မာနိုင်ငံဟာ       ရှန်ဟိုင်း SCO မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ အဆွေတော်ဟာဆိုရင် ကျွန်မတို့ သမ္မကြီးရဲ့ဖိတ်ခေါ်မှုနဲ့အတူ တီယန်ကျင်းမြို့မှာဆောင်ရွက်ခဲ့တဲ့ SCO Plus အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာလည်း ကျွန်မတို့ရဲ့သမ္မတကြီးက Global Governance Initiative (GGI)ကိုပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဆွေတော်ဟာ သမ္မကြီးရှီကျင့်ဖျင် အဆိုပြုခဲ့တဲ့ အစီအမံနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိပါသလဲ။ ပြီးတော့ အဲ့ဒီအစီအမံဟာ လက်ရှိကမ္ဘာကြီးမှာ    ဘယ်လိုဟာမျိုးတွေသက်ရောက်မှုရှိပါသလဲ။ ဒါဟာ နံပါတ်တစ် မေးခွန်းပါ။ နံပါတ်နှစ်မေးခွန်းဟာဆိုရင် ယခုနှစ်ဟာ  တရုတ်မြန်မာ သံတမန် ဆက်ဆံရေး ၇၅ နှစ်မြောက်ဖြစ်ခဲ့ ပါပြီ။ သမ္မတကြီး ရှီကျင့်ဖျင်က တီယန်ကျင်းမှာ သမ္မတကြီးနဲ့ တွေ့ဆုံစဉ်မှာတော့ တရုတ်မြန်မာ ဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဖြစ်ပြီး ပြည်သူများမှပေါက်ဖွားလာတဲ့ သမိုင်း ကြောင်း ရှည်လျားတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ နှစ်ဖက်လုံးဟာဆိုရင်တော့ တရုတ်မြန်မာ  သံတမန်ဆက်ဆံရေး ၇၅ နှစ်အပေါ်မှာမူတည်ပြီး နက်ရှိုင်းစွာ မဟာဗျူဟာပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ တရုတ်မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကိုလည်း တွန်းအား ပေးလျက်ရှိပြီး နှစ်နိုင်ငံပြည်သူများကိုလည်း သာယာဝပြောပြီး သုခများကိုလည်း သယ်ဆောင် လာတဲ့အတွက် ကျွန်မမေးခွန်းကတော့ လက်ရှိ အဆွေတော်အနေနဲ့ တရုတ်မြန်မာနှစ်နိုင်ငံ  ဆက်ဆံရေး ဖွံ့ဖြိုးတိုး တက်မှုနဲ့ပတ်သက်ပြီး    ဘယ်လို Comment ပေးလိုပါသလဲ။

ဖြေ။     ။ Global SCO အပေါင်း အစည်းအဝေးနဲ့ပတ်သက်ပြီး သမ္မတကြီး ရှီကျင့်ဖျင်က Global Governance Initiative (၅) ချက်တင်ပြတာရှိတယ်။ ကျွန်တော်အဖွင့်မှာလည်း စပြီးပြောခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အင်အားကြီးနိုင်ငံတွေပေါ့။ သူတို့ကနေပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ စစ်ရေးအမျိုးစုံနဲ့ အနိုင်ကျင့်နေတာတွေ့ရပါတယ်။ ခင်ဗျားတို့ တရုတ်နိုင်ငံကိုပဲ အမေရိကန်က အခွန်နဲ့လှမ်းပြီးတော့ ဒုက္ခပေးနေတာ ဖိအားပေးနေတာလည်းရှိတယ်။ ကျွန်တော်တို့လည်း ဒီလိုဖိအား ပေးခံနေရတာရှိတယ်။ ဒါကဘဏ္ဍာရေးတင် မဟုတ်ဘူး။ နိုင်ငံရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ စီးပွားရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ ဒီလိုတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီ ၅ ချက်က ကမ္ဘာ့ရဲ့ ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီးတော့မှ ဒါကိုကျွန်တော်တို့ ပြုပြင်ဖို့လိုတဲ့အကြောင်းကို ဖော်ပြသွားတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံတွေပူးပေါင်းဆောင်ရွက်ဖို့သင့်တယ်လို့  ကျွန်တော်ကတော့ပြောချင် ပါတယ်။    အဲဒီတော့ သမ္မတကြီး ရှီကျင့်ဖျင်လည်း  မည်သည့်ဖိအားမဆို၊  ခြိမ်းခြောက်မှုမဆို တရုတ် နိုင်ငံ အနေနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ရှိကြောင်းပြောခဲ့တာ ဒီအဓိပ္ပာယ်ကို ကျွန်တော်တို့နားလည် ထားပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒါတွေအားလုံးကို ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မယ်လို့   ကျွန်တော်တို့ ယုံကြည်ပါတယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေး ၇၅ နှစ်ပြည့်ပြီးတဲ့ ကာလအပေါ်မှာ သဘောထားပြောတာရှိပါတယ်။ တကယ်လို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံဆက်ဆံရေး သံတမန်အရ ၇၅ နှစ်ပေမယ့် ကျွန်တော်တို့နှစ်နိုင်ငံဆက်ဆံရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ အိမ်နီးနားချင်း နိုင်ငံတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု အကျိုးဖြစ်မှုရှိ သလိုပဲ၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်းအေးချမ်းမှုဟာလည်း တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှုကိုလည်း အထောက်အကူရမှာဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိတယ်ဆိုတာ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံပဲရှိပါတယ်။ မဟာဗျူဟာမိတ်ဖက်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းအတူ ခံစားရမယ်ဆိုတဲ့ နိုင်ငံများအဖြစ် နှစ်နိုင်ငံသဘောတူညီချက်နဲ့လုပ်နေတာရှိပါတယ်။ ဒါကြောင့် ဒီကဏ္ဍတွေကို အခုလက်ရှိကျွန်တော်တာဝန်ယူထားတဲ့ အချိန်မှာလည်း ကျွန်တော်တို့နိုင်ငံကနေ ဒါကိုအလေးထားကုစားသွားမှာဖြစ်သလို တရုတ်နိုင်ငံကလည်း အခုလက်ရှိ ပူးပေါင်းဆောင်ရွက်ပေး နေတယ်ဆိုတာလည်း ကျွန်တော်တို့ အားလုံး မျက်မြင်ဖြစ်ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးဟာ အခုအခြေအနေမှာ အကောင်းဆုံးအခြေအနေ၊ အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်လို့ဆိုရ ပေမယ့်လည်း   ဒီထက်ပိုပြီးကောင်းတဲ့၊ ဒီထက်ပိုပြီးမြင့်မားတဲ့၊ ဒီထက်ပိုပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့ အခြေအနေမျိုးကို ဆက်ပြီးအကောင်အထည်ဖော်သွားမှာလည်းဖြစ်ပါတယ်။ ကောင်း တယ်ဆိုတာ ကတော့ အမြဲတမ်းမဟုတ်ပါဘူး။ ကောင်းတယ်၊ ဒီထက်ပိုကောင်းတယ်၊ ဒီထက်ပိုပြီး ကောင်းတယ်ဆိုတာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နမူနာပြနေတယ်။ ဒီလိုပဲ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရာမှာလည်း ကောင်းသည်ထက်ကောင်းအောင် ၊ ကောင်းသည်ထက်ကောင်း အောင် ဆောင်ရွက်သွားဖို့ နှစ်ဖက်လုံးက ကြိုးစားရမှာဖြစ်ပါတယ်။ ဒီနေ့ကျွန်တော်လာတဲ့ ခရီးစဉ် က မနေ့က အခြေအနေထက် ပိုကောင်းအောင် ကျွန်တော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ ကောင်းပါပြီ။

မေး။     လေးစားအပ်ပါသော သမ္မတကြီးရှင်။ ကျွန်မကတော့ စီချွမ် Daily မီဒီယာမှဖြစ်ပါတယ်။ ကျွန်မ မေးခွန်းလေးနှစ်ခုမေးပါရစေ။ နံပါတ်တစ်မေးခွန်းကတော့ လက်ရှိစီချွမ်ကို လာရောက်တဲ့ ခရီးစဉ်မှာ ဘယ်လိုခံစားရပါသလဲ။ ဘယ်လိုကျေးဇူးရပါသလဲ။ နံပါတ်နှစ်က စီချွမ်နဲ့ မြန်မာကြားမှာ ပူးပေါင် ဆောင်ရွက်မှု နယ်ပယ်တွေမှာ ဘယ်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့မျှော်လင့်ချက် ရှိပါသလဲ။

ဖြေ။     ။ စီချွမ်ပြည်နယ်ကိုလာရတာ အဓိကကတော့ ကျွန်တော်ကတော့ ချန်ဒူးပေါ့လေ။ ချန်ဒူးကို ဒီအခေါက်အပါအဝင် ၅ ကြိမ်ကျွန်တော်ရောက်ပါတယ်။ ၂၀၀၇ ခုနှစ်က ရောက်ခဲ့တာ လွန်ခဲ့တဲ့ ၁၈ နှစ်က ကျွန်တော်ရောက်ခဲ့တာ။ ကျွန်တော်ရောက်ခဲ့တဲ့ အကြိမ်တွေအတွင်းမှာတော့ ချန်ဒူးက၊ ချန်ဒူးဆိုတာ ကလည်း စီချွမ်ကို ကိုယ်စားပြုထားတာပေါ့။ အများကြီး ဖွံ့ဖြိုးတိုးတက်နေတာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ အားလည်းကျပါတယ်။ ဒါလေးလည်း ပူးပေါင်း ဆောင်ရွက်ဖို့ အဆွေတော်တို့ရဲ့ ပါတီအတွင်းရေးမှူးနဲ့ ဆွေးနွေးခဲ့တာရှိတယ်။ ဒါတွေပူးပေါင်းဆောင်ရွက်ဖို့အတွက်  နှစ်ဖက်လုံးသဘော တူကြပါတယ်။ နှစ်နိုင်ငံ နှစ်ဖက်ပေါ့။ စီချွမ်ပြည်နယ်နဲ့   မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေ  ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်။ စီချွမ်ပြည်နယ်ဟာ စက်မှုနည်းပညာမှာလည်း ဖွံ့ဖြိုးတိုးတက်ပါတယ်။ နောက်ပညာရေးကဏ္ဍမှာလည်း မြင့်မားပါတယ်။ စိုက်ပျိုးရေးကဏ္ဍလည်း မြင့်မားပါတယ်။ သို့သော် စီချွမ်ပြည်နယ်မှာမရှိတဲ့ စိုက်ပျိုးရေးထုတ်ကုန်၊ မြေပေါ်မြေအောက် ထုတ်ကုန်ပစ္စည်းတွေ၊ ရေထွက်ပစ္စည်းတွေ မြန်မာနိုင်ငံက အများကြီးရှိပါတယ်။ ဒါကြောင့် ဒီဟာကို နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မယ်ဆိုလို့ရှိရင်    တရုတ်နိုင်ငံကိုယ်စားပြုဆောင်ရွက်တာနဲ့ အတူတူပဲလို့ ကျွန်တော် ပြောချင်ပါတယ်။ လေကြောင်းပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ဖို့အတွက် စီစဉ်နေပါတယ်။ ကုန်သွယ်မှုတွေ မြင့်မားလာရင် လေကြောင်းသွားလာမှုတွေလည်း များလာမှာ ဖြစ်တယ်။ ဘာပဲပြောပြော စီချွမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်ရေးဟာ အရင်ကာလနဲ့ စာရင် အများကြီး ဒီထက် အဆပေါင်းများစွာ တိုးတက်မယ်လို့ ကျွန်တာ်မျှော်မှန်းထားပါတယ်။ ဒါကြောင့်မို့  စီချွမ်ပြည်နယ်က မီဒီယာအဖွဲ့တွေလည်း   မြန်မာနိုင်ငံကို လာရောက်ပြီးတော့ လေ့လာဖို့ဖိတ်ကြားပါတယ်။ လာကြည့်ပါ။ လာကြည့်မှ မြန်မာနိုင်ငံနဲ့   ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း  ပိုပြီးတော့ ခံစားရမှာဖြစ်ပါတယ်။ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။