ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး

နေပြည်တော် စက်တင်ဘာ  ၁၆

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်တော်အနီး၌ကျင်းပရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ ခရေပျိုးပင်ကိုဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ကော်မရှင်အဖွဲ့ဝင်အမှုဆောင်ချုပ်ဦးအောင်လင်းဒွေး၊ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy ၊ Naypyitaw State Polytechnic University၊ အစိုးရ စက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့ ဆိုသည့်နိုင်ငံတော်၏မူဝါဒနှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ သဘာဝဘေး အန္တရာယ်များမှတားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး စသည့်ရည် ရွယ်ချက် ကောင်းများနှင့် နိုင်ငံတော်ကဦးဆောင်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့် သစ်ပင်စိုက်ပျိုးပွဲတော် များကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း။

ယနေ့ သစ်ပင်စိုက်ပျိုးပွဲတွင် အရောင်အသွေးစုံလင်ပြီး  ရနံ့မွှေးပျံ့သောပန်းများ ပွင့်သည့် အရိပ်ရသစ်မျိုး (၁၈)မျိုး၊ အပင်ပေါင်း (၃၀၀၀)ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယနေ့စိုက်သည့် နှစ်ရှည်ပင်များ သည်အထူး အစီအစဉ်ဖြင့်စိုက်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး၊ အကြီးဆုံးဖြစ်သည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး  တည်ထားသည့်ပရိဝုဏ်တော်ထဲတွင်သီးခြားစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ၁၂ လရာသီ ပန်းရနံ့များဖြင့်ဝေဆာစွာရှိနေစေရန် ပူဇော်နိုင်အောင်ရည်မှန်းပြီးသီးသန့်ရွေးချယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊အင်ကြင်း၊တမာ၊စံကားဝါ၊ ပနားမားငု၊ စွယ်တော်အပါအဝင် (၁၈)မျိုး စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း။

ယခုနှစ်တွင် ထူးခြားချက်မှာ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲ များကို ဇူလိုင်လ ၁၁ ရက်နေ့က နိုင်ငံတော်အဆင့်အနေဖြင့် ပထမဆုံးအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး၊      မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လူထုလှုပ် ရှားမှုအသွင်ဖြင့်  တစ်ပြိုင် တည်းကျင်းပစိုက်ပျိုးခဲ့ကြကြောင်း၊ မြို့နယ်(၂၉) မြို့နယ်တွင် သစ်ပင်ပေါင်း (၃၅၀၀၀) ခန့်ကို စိုက်ပျိုး နိုင်ခဲ့ကြောင်း။

ဒုတိယအကြိမ်အဖြစ်   ဩဂုတ်လ  ၁၉ ရက်နေ့ မင်းဘူးမြို့နယ်၊ မင်းဘူး-ပဒါန်း-အမ်း ကားလမ်းဘေး တစ်လျှောက်တွင် သစ်မျိုး(၇)မျိုး၊ သစ်ပင်ပေါင်း (၁၀၀၀) စိုက်ပျိုးခဲ့ကြကြောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်းယခုနှစ်မိုးရာသီတွင်နိုင်ငံနှင့်အဝန်း နိုင်ငံပိုင် သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင် စုစုပေါင်း ၂၁ ဒသမ ၈၇၉ သန်းကို စိုက်ပျိုးတည်ထောင် နိုင်ခဲ့သည်ကိုသိရသည့်အတွက်ကျေနပ်အားရဝမ်းသာမိသည်ကို ပြောကြားလိုကြောင်း။

သစ်ပင်သစ်တောများသည် လူသားများအပါအဝင် ကမ္ဘာပေါ်တွင်ရှိသည့် သက်ရှိ သတ္တဝါများအားလုံး၏ အသက်ရှင်ရပ်တည်ရေးအတွက် အောက်ဆီဂျင်ကိုထုတ်လုပ်ပေးနိုင်သည့်တစ်ခုတည်းသော ဂေဟစနစ်ဖြစ်သည့်အတွက် အသက်ပံ့ပိုးမှုစနစ် (Life Supporting System) အဖြစ်  သတ်မှတ်ထား ကြောင်း၊ ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများကိုလည်း တားဆီးကာကွယ်ပေးကြောင်း၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေး၊ စားရေရိက္ခာ ဖူလုံရေး စသည့် ဂေဟစနစ်ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးသည့်အတွက် စနစ်တကျစိုက်ပျိုးခြင်း၊စီမံအုပ်ချုပ်ခြင်းဖြင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီးနိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို  သေချာ ပေါက်အထောက်အကူပြုအကျိုးရှိစေမည်ဖြစ်ကြောင်း။

နိုင်ငံနှင့်အဝန်းသစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံ သစ်တောများ   ပြန်လည် တည်ထောင်ရေးစီမံကိန်း၊ အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်း စိုပြည်ရေးစီမံကိန်း၊ကမ်းရိုးတန်း ဒီရေတောများ ဘက်စုံစီမံအုပ်ချုပ်ခြင်းစီမံကိန်းစသည့် စီမံကိန်းများကို ရည်မှန်းချက်များနှင့်အညီ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ အလားတူ ကျေးလက်ဒေသပြည်သူများ အတွက် တစ်ရွာ(၂)ဧက စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ခြင်း၊ အာဆီယံလမ်းဘေးဝဲယာ၊ ပြည်ထောင်စုလမ်းမကြီးဘေးဝဲယာ၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးဝဲယာအပါအဝင် ကားလမ်းများ၏ဘေးဝဲယာများတွင် အရိပ်ရအပင်များ၊ တစ်အုပ် တစ်မသစ်တောငယ်များ စိုက်ပျိုးတည်ထောင်သွားကြရမည်ဖြစ်ကြောင်း၊ထို့ပြင်ရထား လမ်းဘေး ဝဲယာတစ်လျှောက်နှင့် သစ်ပင် သစ်တောကျဲပါးသည့်တောင်ကုန်းတောင်ထိပ်များ၊  မြစ်ချောင်းများ၏ ရေဝေရေလဲဧရိယာများနှင့်သဘာဝရေထွက်ဧရိယာများတွင်သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်း တို့ကိုအရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင် သွားကြရမည်ဖြစ်ကြောင်း။

အမှန်တကယ်မှာ သစ်ပင်စိုက်ပျိုးခြင်းသည် ယခုကဲ့သို့   ပွဲတော်များ၊ အခမ်းအနား များနှင့်စိုက်ပျိုးခြင်း ထက် လုပ်ရိုးလုပ်စဉ်မိရိုးဖလာသဘာဝတွင်လည်း  ရှိပြီးသားကိစ္စဖြစ်ကြောင်း၊   မိမိအိမ်ဝင်းခြံထဲ၊ အိမ်ပတ်ဝန်းကျင်၊ မိမိရပ်ရွာဝန်းကျင်၊ မိမိလယ်ယာပတ်ဝန်းကျင်၊ မိမိစက်ရုံအလုပ်ရုံဝန်းကျင်၊ လက်လှမ်းတမီနေရာများတွင်တစ်ဦးချင်းကဖြစ်စေ၊မိသားစုအလိုက်ဖြစ်စေ၊အဖွဲ့အစည်း အလိုက် ဖြစ်စေ၊ တစ်ပင်၊ နှစ်ပင်၊ သုံးပင်စသည်ဖြင့် တတ်နိုင်သလောက် ရှင်သန်အောင် နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးထူထောင်သွားကြမည်ဆိုပါက မိမိတို့ရည်မှန်းသည့်နိုင်ငံတော်တွင် သစ်တောလွှမ်းခြုံမှု (၅၀) ရာခိုင်နှုန်းရှိစေရေး၊ သစ်တော သစ်ပင်တိုးတက်ရေးနှင့် စိမ်းလန်းစိုပြည်ရေးသည် မလွဲမသွေတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုကိစ္စသည် လုပ်ရိုးလုပ်စဉ် အလုပ်လည်းဖြစ်၊ ပင်ပင်ပန်းပန်းလည်းမဟုတ်၊ ဆင်းရဲဒုက္ခမများသဖြင့်    လုပ်ကြမည်၊ လုပ်နိုင်ကြမည်ဆိုပါက အလွန်အကျိုးရှိသော ကုသိုလ်ရမည့် လုပ်ဆောင်မှု ဖြစ်လိမ့်မည်ကိုပြောကြားလိုကြောင်း၊ ယနေ့ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲသည် မြတ်စွာဘုရားကို ထာဝရပူဇော်နိုင်ရန်ရည်ရွယ်ပြီး အရောင်၊ အဆင်း၊ အနံ့နှင့်ပြည့်စုံသည့် နှစ်ရှည်ပင်များကို စိုက်ပျိုးခြင်း ဖြစ်သည့်အတွက်ကြောင့် ရှင်သန်ဖြစ်ထွန်းအောင် အထူးစေတနာထား ဆောင်ရွက်သွားကြရန်    တိုက်တွန်းလိုကြောင်း။

“နိုင်ငံတော်သာယာဖို့သဘာဝပတ်ဝန်းကျင်ထိန်းကြစို့ ဆိုသည့် နိုင်ငံတော်၏မူဝါဒနှင့်အညီ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် နိုင်ငံအဝန်း မြို့ပြများနှင့် ရပ်ရွာ၊   ကျေးလက်ဒေသ အသီးသီး တွင် သစ်ပင်သစ်တောများ၊ စိမ်းလန်းစိုပြည်သည့် သစ်တောမြေယာရှုခင်း (Landscape)များ၊ အစိမ်းရောင်ဧရိယာ (Green Space) များကို စဉ်ဆက်မပြတ် တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး အလေးထားဆောင်ရွက်ပေးကြရန်၊   လူတိုင်းလူတိုင်း၊ အိမ်ထောင်စုတိုင်း၊ ကျေးရွာ၊ ရပ်ကွက်တိုင်း  သစ်ပင်စိုက်ပျိုးကြရေး စည်းရုံးဆောင်ရွက်ကြရန်၊ ယခုကဲ့သို့ အချိန်၊ လူအင်အားနှင့်ငွေကုန်ကြေးကျခံပြီး စိုက်ပျိုးထားသည့်အပင်များကို တစ်ပင်စိုက်တစ်ပင်ရှင်ဖြင့်   အားလုံးရှင်သန်အောင် ဝိုင်းဝန်းထိန်းသိမ်းပြုစုသွားကြရန်၊   နိုင်ငံအဝန်း သစ်ပင်သစ်တောများ စနစ်တကျစိုက်ပျိုးထိန်းသိမ်း စီမံအုပ်ချုပ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူအားလုံး ပူးပေါင်း  ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်း   မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရေပျိုးပင်အား    သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့်ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်ကြီးများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား သို့ တက်ရောက်လာကြသူများက ပျိုးပင်များအားတပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင်အရောင်အသွေးစုံလင်ပြီးရနံ့မွှေးပျံ့သောပန်းများပွင့်သည့်အရိပ်ရသစ်မျိုးများဖြစ်သောပိတောက်၊ခရေ၊ကံ့ကော်၊အင်ကြင်း၊ တမာ၊ စကားဝါ၊ ပနားမားငု၊ စွယ်တော်အပါအဝင် သစ်မျိုး ၁၈ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့်တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။