ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးမှာကြားဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆက်သွယ်မှုပိုမိုမြန်ဆန်စေရေးအတွက် ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်တိုးချဲ့နိုင်ရေးဆောင်ရွက်လျက်ရှိ

နေပြည်တော်  စက်တင်ဘာ  ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား ထားဝယ်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာမျိုးသိန်းကျော်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆောင်ရွက်လျက်ရှိမှုနှင့်လိုအပ်ချက်များအား ဆွေးနွေးတင်ပြ

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာအချက်အလက်များ၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိမှုနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်လျက်ရှိမှု၊ ဆီဖူလုံမှုရရှိရေးအတွက် ဆီကြမ်းနှင့် ဆီချောစက်ရုံများ ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ ရော်ဘာနှင့်ကော်ဖီသီးနှံ စိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်လျက်ရှိမှု၊ ငါးသယံဇာတနှင့် ရေထွက်ကုန်ထုတ်လုပ်ရေးစက်ရုံများတိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ မြို့ပြနှင့်ကျေးလက်ဒေသများအားလုံး လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နိုင်မှု၊ တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဒေသများသို့ ပြည်ပခရီးသွား ဧည့်သည်များဝင်ရောက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်းအခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ ကျန်းမာရေးဆိုင်ရာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု၊   ဒီရေတောပင်များ ထိန်းသိမ်းထားရှိမှုနှင့်တစ်အုပ်တမသစ်ပင်စိုက်ပျိုးပွဲများပြုလုပ်၍သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု၊ ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင် ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများနှင့်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ရော်ဘာကုန်ကြမ်းများအား တင်ပို့ရောင်းချရာတွင် ပိုမိုလွယ်ကူမှုရှိစေရေးနှင့်အကျိုးအမြတ်ပိုမိုရရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ ထားဝယ်ခရိုင်အတွင်း ငါးနှင့် ရေထွက်သယံဇာတမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ကျွန်းပတ်လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးစေလိုမှု၊ အသေးစား၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးစေလိုမှု၊   ထားဝယ်ဒေသအတွင်း လမ်းပန်းဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး

၎င်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများက တင်ပြချက်များ တွင်ပါဝင်သည့် မြန်မာ့ရော်ဘာပို့ကုန်များ ပိုမိုဈေးကွက်ရရှိရေးအတွက် နိုင်ငံတကာမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်သတ်မှတ်ချက်များ၊ အသိအမှတ်ပြု လက်မှတ်များ ပြည့်မီမှုရှိစေရေးဆောင်ရွက်သွားရန်လိုအပ်မှု၊ နိုင်ငံတော်မှသတ်မှတ်ပေးထားသည့် တရားဝင်လမ်းကြောင်းများမှ တင်ပို့ရောင်းချသွားမည်ဆိုပါက ရော်ဘာပို့ကုန်များ ပိုမိုဈေးကွက်ရရှိနိုင်မှု၊ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန်နှင့် အသေးစားစက်မှုဇုန်ပြုလုပ်ရန် မြေနေရာရရှိလိုမှုနှင့်ပတ်သက်၍ သတ်မှတ်ချက်များ နှင့် အညီ တင်ပြလျှောက်ထားနိုင်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများအား လုပ်ငန်းရပ်များအလိုက် ကာလသတ်မှတ်ချက်များနှင့် အညီထုတ်ပေးထားခြင်းဖြစ် သည့်အတွက် စည်းကမ်းသတ်မှတ်ချက်များအတိုင်းသာ ရယူဆောင်ရွက်သွားရန်နှင့် ပြန်လည်ပေးဆပ်သွားရန်လိုအပ်မှု၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်အား ဖွင့်လှစ်ပေးသွားမည် ဖြစ်သဖြင့်  တနင်္သာရီတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း တက်ရောက်နိုင်မည်ဖြစ်ပြီး အဆိုပါတက္ကသိုလ်များအား နှစ်စဉ်တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိမှု၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေနိမ့်ကော်ဖီများကိုအောင်မြင်စွာစိုက်ပျိုးနိုင်မည့် အရင်းအမြစ်များရှိပြီးဖြစ်သဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုမှု၊ ရေငန်ပုစွန်မွေးမြူရေးနှင့်ပတ်သက်၍လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားရှိပြီး ဈေးကွက်ရှိသည့်လုပ်ငန်းဖြစ်သဖြင့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအား နိုင်ငံတော်မှ လိုအပ်သည်များကူညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများမှ ခရီးသည်ရရှိမှုနှင့် ရာသီဥတုအပေါ်မူတည်၍ လေကြောင်းခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိမှု၊ ရေထွက်ကုန်ပစ္စည်းများအား ပြည်ပနိုင်ငံများသို့ တိုက် ရိုက်ပြေးဆွဲတင်ပို့နိုင်ရေးအတွက် ကုန်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်မည့်  လေယာဉ်ကွင်းများဖြစ်ပေါ်လာရေး အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ ကမ်းရိုးတန်းသွားသင်္ဘောများဖြင့် ကုန်စည်စီးဆင်းမှုနှင့်ခရီးသွားလာမှုများ အဆင်ပြေစေရေးအတွက် ထားဝယ်မြို့ရှိ ဆိပ်ခံဘောတံတားအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လျာထားဆောင်ရွက်လျက်ရှိမှု၊ သိပ္ပံနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံကျောင်းများ   ဖွင်လှစ်သင်ကြားပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ အသီးသီးပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့မိ၊ မြို့ဖများနှင့်လုပ်ငန်းရှင်များ၏ တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြား

ထို့နောက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ထားဝယ်မြို့သည် အစဉ်အလာရှိသည့်မြို့တစ်မြို့ဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းစဉ်ကတည်းကပင် သမိုင်းကြောင်းကောင်းသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ယဉ်ကျေးမှုအနေဖြင့်လည်း ရှေးနှစ်ပေါင်းများစွာကတည်းကပင် ခိုင်ခိုင်မာမာ ရှိခဲ့သည့်ဒေသတစ်ခုဖြစ်ခဲ့ကြောင်း၊ မကြာသေးမီနှစ်များအတွင်း မိမိအနေဖြင့် ထားဝယ်ဒေသသို့ရောက်ရှိခဲ့ပြီး မြို့တော်ခန်းမအဆောက်အဦလိုအပ်ချက်ရှိသည်ကို တွေ့ရှိခဲ့ရသဖြင့်အဆောက်အဦအသစ်ဆောက်လုပ်နိုင်ရန် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေဝယ်သီရိအားကစားကွင်းအဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထားဝယ်လေဆိပ်အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက်လည်း လိုအပ်သည်များ မှာကြားခဲ့ကြောင်း။

တင်ပြချက်များတွင်ပါဝင်သည့် ရော်ဘာထုတ်ကုန်နှင့်ပတ်သက်၍  မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ရော်ဘာကုန်ကြမ်းများအနေဖြင့် အဆင့်မြှင့်တင်နိုင်ရန်လိုကြောင်း၊ ရော်ဘာကုန်ကြမ်းများအား ပြည်ပသို့လွယ်ကူစွာတင်ပို့နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ဈေးကွက်နှင့် ဈေးနှုန်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊  ကုန်ကြမ်းများ တင်ပို့ခြင်းအပြင် ရော်ဘာထုတ်ကုန်များဖြစ်သည့် တာယာ၊ ကျွတ်နှင့် လူသုံးကုန်ပစ္စည်းများကို အဆင့်မီစွာဖြင့် ဈေးကွက်ရရှိအောင်ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့်   ရော်ဘာထုတ်ကုန် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအားပေး ဆောင်ရွက်လျက်ရှိပြီး  ရင်းနှီးမြှုပ်နှံငွေများကိုလည်း  ထုတ်ပေးလျက်ရှိကြောင်း၊ ရာဘာစိုက်ပျိုးရာတွင်လည်း   အပင်၏ သက်တမ်းနှင့်ထွက်ရှိနိုင်မှုတို့အပေါ်မူတည်၍ သွင်းအားစုများဖြည့်သွင်းခြင်းအပါအဝင်  စဉ်ဆက်မပြတ်သည့်   ရော်ဘာထုတ်လုပ်မှုကွင်းဆက်ဖြစ်ပေါ်လာအောင် တွက်ချက်စိုက်ပျိုးဆောင်ရွက်သွားရန်လိုကြောင်း၊ ရော်ဘာထုတ်ကုန်ပစ္စည်းများသည် နိုင်ငံတော်အတွက်လိုအပ်ချက်အမြဲရှိနေမည်ဖြစ်သည့်အတွက် ရော်ဘာကိုအခြေခံသည့်  စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ငါး၊ ပုစွန်၊ ဂဏန်း၊ ရေထွက်ပစ္စည်းနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

မိမိတို့၏အိမ်နီးချင်းနိုင်ငံများတွင် ငါး၊ ပုစွန်၊ ဂဏန်းနှင့်ရေထွက်ပစ္စည်း အသား လိုအပ်ချက်များစွာရှိနေကြောင်း၊ မိမိတို့အနေဖြင့် ငါးနှင့် ရေထွက်ပစ္စည်းများကို သဘာဝအလျောက်ဖမ်းယူရရှိနိုင်သကဲ့သို့ မွေးမြူရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်၍   ထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် ဈေးကွက်လိုအပ်ချက်ရှိနေသည့် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန်နှင့် မွေးမြူရေးလုပ်ငန်း အတွက်   လိုအပ်သည့်အစာကိုလည်း ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ထို့ကြောင့် မိမိတို့ရေပိုင်နက် အတွင်း ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်း များတိုးတက်လာစေရေးဆောင်ရွက်သွား ရန်လိုပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊အလားတူ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆက်သွယ်မှု ပိုမိုမြန်ဆန်စေရေးအတွက်   ထားဝယ်လေဆိပ်အား အဆင့်မြှင့်တင်တိုးချဲ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဘုတ်ပြင်း၊ ကော့သောင်းစသည့် ကျွန်းပတ်လေကြောင်း ခရီးစဉ်များတိုးချဲ့ပြေးဆွဲပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထားဝယ်ဆိပ်ကမ်းနှင့်ပတ်သက်၍လည်း ထားဝယ်မြစ်အတွင်း သင်္ဘောများ   ဝင်ထွက်မှုအဆင်ပြေစေရေးမြစ်ကြောင်းတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ဆိပ်ကမ်းအဆင့်မြှင့်တင်နိုင်ရေးအတွက် အကောင်းဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

မွေးမြူရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်မှရင်းနှီး မတည်ငွေများထုတ်ပေးထားရှိပြီး လုပ်ငန်း များအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အသား၊ ငါးနှင့် အခြေခံစားကုန်ပစ္စည်းများ  ဈေးနှုန်းကြီးမြင့်ရခြင်းမှာ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှခြင်းတို့ ကြောင့်ဖြစ်ကြောင်း၊ ထို့ပြင် တရားမဝင်ကုန်သွယ်မှုများကြောင့်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုများကို ဖြစ်ပေါ်စေကြောင်း၊ မိမိတို့အနေဖြင့် ကုန်ဈေးနှုန်းများထိုက်သင့်သည်ဈေးနှုန်းအတိုင်းဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး တရားမဝင်ကုန်စည် စီးဆင်းမှုများ မဖြစ်ပေါ်စေရေး တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကြောင့်  ကုန်ဈေးနှုန်းကြီးမြင့်ခြင်းအပြင် နိုင်ငံတော်မှ ရသင့်ရထိုက် သည့်အခွန်ငွေများသည်လည်း များစွာထိခိုက်နစ်နာရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး အရည်အသွေးပြည့်မီသည့်ပို့ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်လည်း  များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအနေဖြင့်လည်း ဒေသတွင်းကုန်ထုတ်လုပ်မှုများတိုးမြှင့်၍  ဒေသနှင့်နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း   စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်စေရေးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် လိုအပ်သည်များ အပြန်အလှန်ဆွေးနွေးနိုင်ရန်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိုးရမှ ဆောင်ရွက်ပေးခြင်းအပြင် ဒေသခံများအားလုံးကလည်း ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထားဝယ်ဒေသအတွင်း တစ်ဧကအထွက် နှုန်းပြည့်မီအောင်ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် ဒေသတွင်းဆန်ဖူလုံမှုမရှိသည်ကို တွေ့မြင်ရကြောင်း၊ ဒေသတွင်းဆန်ဖူလုံမှုရှိအောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငွေကြေးလည်ပတ်မှုများကောင်းမွန်လာမည်ဖြစ်ပြီး  ဒေသစီးပွားရေးကို  များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ အလားတူ အခြားသီးနှံများ အထွက်နှုန်း တိုးတက်စေရေး၊ ပန်းတိုင်အထွက်နှုန်းများ ရရှိရေးအတွက်လည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းဖူလုံမှုမရှိ၍ပြင်ပမှဝယ်ယူစားသုံးကုန်ကျမည့်ငွေကြေးများကို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားနေရာများ၌ သုံးစွဲခြင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက်သွားကြစေလို
ကြောင်း။

စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

စိုက်ပျိုးရေးကို အခြေခံသည့် စက်မှု လုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုပြီး တနင်္သာရီ တိုင်းဒေသကြီးအတွင်း မြေနိမ့်ကော်ဖီဖြစ်သည့် Robesta ကော်ဖီကို စိုက်ပျိုးနိုင်ကြောင်း၊ ဒေသ၏အခြေခံကောင်းများကို အကျိုးရှိရှိအသုံးချပြီး ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းသည့် ကော်ဖီ၊ ကိုကိုး၊ ဒူးရင်း၊ သီဟိုဌ်၊ အုန်း စသည့်အပင်များကို အောင်မြင် အောင်စိုက်ပျိုး၍ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို  အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ အလားတူ    တနင်္သာရီတိုင်းဒေသကြီးအတွင်း ဝါးနှင့် ကြိမ်သယံဇာတများစွာထွက်ရှိသဖြင့် ဝါးနှင့် ကြိမ်ကုန်ကြမ်းများကို အခြေခံသည့် တန်ဖိုးမြင့်ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို    များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း။

တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက် ပျိုးရေးနှင့်  မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ဒေသတွင်း စားရေးဖူလုံမှုအပြင် ပြင်ပနှင့် ပြည်ပသို့ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံပြီး   စနစ်ကျန၍ စဉ်ဆက်မပြတ်သည့်  ကုန်ထုတ်လုပ်မှုကို ဖော်ဆောင်နိုင်မည်ဆိုပါက ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း။

ပညာတတ်လူသားအရင်းအမြစ်ကောင်းများမွေးထုတ်ပေးနိုင်ရေး

ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာအတတ်ပညာနှင့်ပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်  ပညာရေးကို  မဖြစ်မနေအားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းတန်းစဉ်ကူးပြောင်းမှုမှာလျော့နည်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ထို့ကြောင့် အတန်းပညာများရှိစေရေး ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ပြီး တန်းစဉ်ကူးပြောင်းမှုများ ကောင်းမွန်စေရေးဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံးပညာရည်မြင့်မားရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးအားနည်းမှုရှိပါက အခြားဒေသများသို့ သွားရောက်လုပ်ကိုင် ရမည်ဖြစ်ပြီး အခြားသူများ၏ ဦးဆောင်မှုကို ခံရမည်ဖြစ်သဖြင့် မိမိတို့ဒေသအတွင်း ပညာတတ်   လူသားအရင်းအမြစ်များပေါကြွယ်ဝအောင် မွေးထုတ်ကာ ဒေသအကျိုးကို ဖော်ဆောင်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

တနင်္သာရီတိုင်းဒေသကြီးအတွင်း လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှ ဖြည့်ဆည်းပေးရန်လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်သကဲ့သို့ ဒေသခံများကလည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် အခမ်းအနားအပြီးတွင် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အခမ်းအနားတက် ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ MSME ထုတ်ကုန်ပြခန်းများအား ပြခန်းတစ်ခုချင်းစီ အလိုက် လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်   အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ထားဝယ်မြို့ ဘိုးဘွားရိပ်သာသို့ ရောက်ရှိ ကြပြီး ဘိုးဘွားများအား ဂရဝပြုကန်တော့ကာ အာဟာရဖြည့်ငှက်သိုက်များနှင့် စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များကို ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ဘိုးဘွားများ၏ ကျန်းမာရေးအခြေအနေများအား  မေးမြန်းကာ  ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

၎င်းနောက် ယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည်   ဘိုးဘွားရိပ်သာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များမှာကြားကာ   ဘိုးဘွားရိပ်သာ အတွက်အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များသည် ထားဝယ်မြို့အတွင်းနှင့်  ဆိပ်ကမ်းသာလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊  အဖွဲ့ဝင်များသည် တနင်္သာရီတိုင်းဒေသကြီး ကျက်သရေဆောင် ထားဝယ်မြို့၊ လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စား စေတီတော်မြတ်ကြီးသို့သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဝင်များကလက်ခံရယူပြီး   ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ယင်းနောက် ရွှေတောင်စားစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များအား တာဝန် ရှိသူများကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရွှေဝယ်သီရိအားကစားကွင်းနှင့် အားကစား ရုံသို့  ရောက်ရှိကြပြီး  အားကစားကွင်း အဆင့်မြှင့်နိုင်မည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ထားဝယ်လေဆိပ်သို့ရောက်ရှိကြပြီး လေဆိပ်ရှင်းလင်းဆောင်၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင်တင်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းတင်းလင်ပြမှုများအပေါ် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ် သည့်အတွက် စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်လိုအပ်မှုနှင့် အခြားလိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။