နေပြည်တော် အောက်တိုဘာ ၁
(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံ ခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြား သည်။
အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြု ကြပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များကိုထိန်းသိမ်းကာကွယ် စောင့် ရှောက်ရင်းကျဆုံးခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား အမှတ်ရဂုဏ်ပြုသောအားဖြင့် (၁)မိနစ် ငြိမ်သက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် “ပြည်သူ့ရဲတပ်ဖွဲ့”ဟုခေါ်ဝေါ်သတ်မှတ်ခဲ့ပြီး ရဲတပ်ဖွဲ့နေ့အဖြစ် စတင်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ပြည်သူ့ရဲတပ်ဖွဲ့မှ “မြန်မာနိုင်ငံရဲတပ်ဖွဲ့” ဟု ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဆိုသည့်ဆောင်ပုဒ်ကို ဦးထိပ်ပန်ဆင်ထားပြီး ပြည်သူ့အကျိုးစီးပွားကိုပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိလာသည်မှာ ယခုအခါ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်ယနေ့ကာလတွင်ဒို့တာဝန်အရေးသုံးပါးကိုဦးထိပ်ပန်ဆင်ပြီးအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည် ချက်(၄) ရပ်အောင်မြင်စေရေးအလေးထားဆောင်ရွက်လျက်ရှိပြီးတပ်မတော်၊ပြည်သူတို့နှင့်အတူအကြမ်းဖက်မှုချေမှုန်းရေးကိုလည်း ပိုမိုလက်တွဲပူးပေါင်းဆောင်ရွက်ရန် အလေးထားသွားကြရမည်ဖြစ်ကြောင်း။
ထို့ပြင်ပြည်တွင်းလုံခြုံရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးဆိုသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ရည်မှန်းချက်တာဝန်(၄)ရပ်နှင့်ပြစ်မှုများမဖြစ်ပွားအောင်ကြိုတင်ကာကွယ်ရေး၊ဖြစ်ပွားပြီး ပြစ်မှုများ စုံစမ်းဖော်ထုတ်တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်းစည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည် သူလူထုလုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကိုတားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးဆိုသည့်လုပ်ငန်းတာဝန်(၆)ရပ်ကိုလည်းအောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်မြန်မာနိုင်ငံဒေသအနှံ့အပြားက ပြည်သူများအကြားတွင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ပြည်သူများ၏ လူနေမှုဘဝတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ နေရခြင်းဖြစ်သဖြင့် ရဲတပ်ဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာအရည်အချင်း၊ အရည်အသွေး များအပြင် ပြည်သူ့ဆက်ဆံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း နားလည်ကောင်းမွန် နေဖို့လိုကြောင်း။
ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံများတွင် ရွေးကောက်ပွဲသည် အဓိကအကျဆုံး ဒီမိုကရေစီကျင့် စဉ်တစ်ရပ်ဖြစ်ကြောင်း၊ ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲများကို စတင်ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း၊ ပြည်သူများလိုလားတောင့်တခဲ့သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို တပ်မတော်ကပြန်လည်ဖော်ဆောင်ခိုင်မာစေပြီးပြည်သူ့လက်ကို အရောက်အပ်နှင်းတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးပြည်သူ့လုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်နှင့်ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။
နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံများ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း၊ အဆိုပါမှုခင်းများကို နိုင်ငံတစ်နိုင်ငံ တည်းက ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမဟုတ်သည့်အတွက် နိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်တုံ့ပြန်မှုနှင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသအဆင့်ကြိုးပမ်း ဆောင်ရွက်မှု များအနေဖြင့် ဒေသဆိုင်ရာရဲအဖွဲ့များဖွဲ့စည်းပြီး နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးကို ဆောင်ရွက်ပေးနေသကဲ့သို့အပြည်ပြည်ဆိုင်ရာရဲအဖွဲ့(INTER-POL)နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း။
၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် မူးယစ်ဆေး ဝါးနှင့်ပတ်သက်သူ တရားခံ ၅၁၁၅ ဦးကို စုစုပေါင်းတန်ဖိုးငွေကျပ် ၉၇၇ ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခုကဲ့သို့ကမ္ဘာကိုဒုက္ခပေးနေသည့် မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ချီးကျူးဂုဏ်ပြုသည် ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်က ထိန်းချုပ်ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်ခဲ့ရာမှ ယခုထိန်းချုပ်ဓာတုပစ္စည်း ၄ မျိုး ထပ်တိုးပြီး စုစုပေါင်း ၄၃ မျိုးကို ထုတ်ပြန်ထားကြောင်း၊ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲတွင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၆ မျိုး၊စုစုပေါင်းငွေကျပ် ၁၀၇၂ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း။
မူးယစ်ဆေးသည် လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေမည့် အန္တရာယ်ဖြစ်သဖြင့် မူးယစ်ဆေးထုတ်လုပ်နိုင်သည့် အရင်းအမြစ်များကအစ ဖော်ထုတ်ရှင်းလင်းသွားနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးကို အမျိုးသားရေးခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်လာစေရေး ပညာပေးခြင်း၊ ဆန့်ကျင်ခြင်း၊ နှိမ်နင်းခြင်းတို့ကိုလည်း ပူးပေါင်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့်လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်မှာ ယခုအခါ စတုတ္ထ ၅ နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ခုနှစ်ကို မဟာဗျူဟာ (၃) ရပ်၊ နည်းဗျူဟာ (၄) ရပ်၊ လုပ်ငန်းကဏ္ဍ (၄)ရပ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ အမှုပေါင်း ၇၂ မှု စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ ကျား (၃) ဦးတို့ကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ကာ မြန်မာငွေကျပ် ၄ ဒသမ ၆၀၅ ဘီလီယံခန့်ကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ခဲ့ကြောင်း၊ တရားမဝင်အွန်လိုင်းဂိမ်းနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုတို့ကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမှု ၁၆၂ မှု၊ တရားခံ ကျား ၁၈၈၂ ဦး၊ တရားခံ မ ၆၀၉ ဦး၊ စုစုပေါင်း ၂၄၉၁ ဦးကို အရေးယူနိုင်ခဲ့ကြောင်း။
ရဲတပ်ဖွဲ့ဝင်များ၏စွန့်လွှတ်စွန့်စားမှုများနှင့်တာဝန်ထမ်းဆောင်မှုကိုနိုင်ငံတော်ကအမြဲအလေးထားအသိအမှတ်ပြုပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များကိုစိစစ်ချီးမြှင့်ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ မိမိကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း အသက်ပေးလှူခြင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်သွားခဲ့ရသည့် ရဲတပ်ဖွဲ့ ဝင်များ၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုများအပေါ်တွင်လည်း ဂုဏ်ယူ လေးစားပါကြောင်းနဲ့ မိသားစုများကိုလည်း အသိအမှတ်ပြုသည်ကို ပြောကြားလိုကြောင်း။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှယနေ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ ရဲသူရတံဆိပ် ၅ ဦး၊ ရဲဗလတံဆိပ် ၂၀ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၁ ဦး၊ ရဲသူရိန်တံဆိပ် ၁၀ ဦး၊ ရဲကျော်စွာတံဆိပ် ၂ ဦး အပါအဝင် စုစုပေါင်း ၄၅၈၇ ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် ဒေသများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်၊ ဒေသခံပြည်သူလူထု၊ သက်ဆိုင်ရာဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အရေးပေါ်တုံ့ပြန်မှုအားအမြန်ဆုံးဆောင်ရွက်နိုင်ခဲ့သည့်အတွက်လည်းချီးကျူးဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ခေတ်မီရမည်”ဆိုသည့်မျှော်မှန်းချက်များနှင့် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားကြရန်၊ ထိုသို့ တည်ဆောက်ရာတွင် ခေတ်မီလက်နက် အသုံးအဆောင်ပစ္စည်းများ စသည်များကိုခေတ်ကာလနှင့်လျော်ညီအောင်နိုင်ငံတော်က တိုးမြှင့်ဖြည့်ဆည်း ဆောင်ရွက်ပေး နေသကဲ့သို့ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီကလည်း အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စွမ်းရည်မြင့်မားရေး၊အရည်အသွေးပြည့်မီစေရေးတို့အတွက်စဉ်ဆက်မပြတ် လေ့ကျင့်ဖြည့်ဆည်း ဆောင်ရွက်သွားကြရန်၊ ပြည်သူလူထုနှင့် အနီးကပ်ဆက်သွယ် ဆက်ဆံနေထိုင်ရသည့်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ပြည်သူ့ဆက်ဆံရေး၊ ပြည်သူ့ စည်းရုံးရေးတို့ကို ပြည်သူနှင့်တစ်ဆက်တည်းဖြစ်အောင် ဆောင်ရွက်သွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက် တာဝန် (၄)ရပ်နှင့်လုပ်ငန်းတာဝန်(၆)ရပ်တို့ကို အောင်မြင်အောင်ကြိုးစားအကောင်အထည် ဖော်ဆောင် ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်မှတ်တမ်း Video Clip ကိုပြသသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွမ်းရည်သတ္တိ ဂုဏ်ထူး ဆောင်တံဆိပ်ရရှိသူတပ်ဖွဲ့ဝင် ၄ ဦးကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ ၃ ဦးကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ရရှိသူ ၁ ဦးနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ပြုဆုတံဆိပ်ရရှိသူ ၂ ဦးကိုလည်းကောင်း ဂုဏ်ထူးဆောင်ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က တက်ရောက်လာကြသူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ခင်းကျင်း ပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ တပ်ဖွဲ့/ဌာနများတွင်အသုံးပြုလျက်ရှိသည့် စက်ကိရိယာများ၊ နည်းပညာဆိုင်ရာ ပစ္စည်းများ၊ လက်နက်များ၊ ဝတ်စုံများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ နှင့် ပြခန်းများအတွင်း စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။