ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြား အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏  တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးကြီး ထိန်းသိမ်းကြရမည့်အမွေအနှစ်များပင်ဖြစ်

နေပြည်တော်  အောက်တိုဘာ  ၁၃

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ  ဇေယျာသီရိဗိမာန် သဘင်ဆောင်၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊   နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုအဖွဲ့များ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  ရိုးရာယဉ်ကျေးမှုအကအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ က “ကျောက်မျက်စီခြယ် နဝရတ်ကိုးသွယ်” ယိမ်းအကဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။

ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြား ရာတွင် မိမိတို့၏အမျိုးသားယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းမြှင့်တင်ရင်း နိုင်ငံတကာ အလယ်တွင် မိမိနိုင်ငံ မိမိလူမျိုး၏ အမျိုးသားရေးဂုဏ်သိက္ခာ မြင့်မားထည်ဝါအောင် ကြိုးပမ်းစွမ်းဆောင်ပေးနိုင်ကြပါစေဟု ဆုမွန် ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို အစဉ်အလာ မပျက်ကျင်းပလာခဲ့သည်မှာယခုအခါ(၂၆)ကြိမ်မြောက်ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျင်းပနိုင်ခဲ့ခြင်းများကြောင့်လည်းအမျိုးသားယဉ်ကျေးမှုအမွေအနှစ်အနုပညာရပ်များ ထိန်းသိမ်းမြှင့်တင်မှုတိုးတက်မြင့်မားလာပြီး အမျိုးသားရေးစရိုက်လက္ခဏာများ ထင်ရှားခိုင်မာလာမှုတို့နှင့်အတူ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်နိုးကြားထက်သန်မှုအကျိုးရလဒ်ကောင်းများကိုဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ပေးနိုင်ခဲ့သည်ကို အားလုံး အသိပင်ဖြစ်ကြောင်း။

ယခုကဲ့သို့ အမျိုးသားရေးအနှစ်သာရနှင့်ပြည့်ဝသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ကျင်းပ ပေးလျက်ရှိသကဲ့သို့    တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပြည်သူအများ ၏ အားပေးချီးမြှောက်မှုများကြောင့်လည်း အဓိပ္ပာယ်ပြည့်ပြည့်ဝဝဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အကဲဖြတ်အဖွဲ့ဝင် အနုပညာ ရှင်ကြီးများနှင့်  ပြိုင်ပွဲဝင်အနုပညာရှင်များ အားလုံး၏ ရိုးရာယဉ်ကျေးမှုအနုပညာရပ် များကို လေးစားမြတ်နိုးစွာလေ့လာလိုက်စားထိန်းသိမ်းမြှင့်တင်လိုသည့် စိတ်ကောင်း၊ စေတနာ၊ ပင်ကိုအရည်အသွေးကောင်းများ နှင့်အတူ အားပေးကြသည့်မိဘဆွေမျိုးများ နှင့် အနုပညာမြတ်နိုးသူ ဝါသနာရှင်အားလုံး တို့၏ ပူးပေါင်းပါဝင်မှုအကျိုးကျေးဇူးကြောင့်ဖြစ်သည်ကိုလည်း  ဂုဏ်ပြုပြောကြားလို ကြောင်း။

အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ၏တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးကြီးထိန်းသိမ်းကြရမည့် အမွေအနှစ်များပင်ဖြစ်ကြောင်း၊ အမျိုးသား ယဉ်ကျေးမှုမြင့်မားလေလေ၊ နိုင်ငံနှင့်လူမျိုး၏ အဆင့်အတန်းသည်လည်း မြင့်မားလေလေ ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားရေး ဝိသေသလက္ခဏာ၊ ပင်ကိုတန်ဖိုးနှင့်အဆင့်အတန်းတို့ကို အမျိုးသားယဉ်ကျေးမှုကတစ်ဆင့်သာ ဖော်ညွှန်းပြဆိုကြရခြင်းဖြစ်ကြောင်း။

ထို့ကြောင့် မိမိနိုင်ငံ မိမိလူမျိုး၏ ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု၊ ပြောဆိုနေထိုင်ကျင့်ကြံမှု၊ တွေးခေါ်မြော်မြင်မှုနှင့် စိတ်နေစိတ်ထားတို့ ယဉ်ကျေးသိမ်မွေ့စေရအောင်၊ အဆင့်အတန်း မြင့်မားစေရအောင် နိုင်ငံတိုင်းသည် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးခြင်းအားဖြင့် ပုံဖော် ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း။

မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး စသည့် ဂီတ၊ သဘင်နယ်ပယ်၏ ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု၊  ကပြသီဆိုတီးမှုတ်မှုနှင့် အသုံးပြုသည့် တူရိယာပစ္စည်းများသည် လည်း ထူးခြားသည့်မြန်မာ့မူ မြန်မာ့အသွင်စစ်စစ်ဖြင့် နိုင်ငံတကာတွင် ဂုဏ်ယူဝင့်ကြွားနိုင်သည့် ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ် များဖြစ်သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။

ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားဖွယ် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များကို မြန်မာ့ရိုးရာ  ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများတွင်  တင်ဆက်ပြသနိုင်ခြင်းအားဖြင့် တွေ့မြင်ရသည့် မျိုးဆက်သစ်လူငယ်များအဖို့ မြန်မာ့ယဉ်ကျေးမှု၏ကြီးကျယ်ခမ်းနား ထည်ဝါမှု၊ နက်နဲသိမ်မွေ့သည့် မြန်မာ့အနု ပညာရပ်များ၏ပြည့်စုံကြွယ်ဝမှုကိုသိရှိ နားလည်နိုင်ပြီး လေးစားဂုဏ်ယူခြင်းနှင့် အတူ အလေးထားမြတ်နိုးတန်ဖိုးထားစိတ်များပေါ်ပေါက်လာစေမည်မှာ   မလွဲဘူးဟု မှာကြားလိုကြောင်း၊ အမျိုးသားယဉ်ကျေးမှုကိုချစ်ခင်မြတ်နိုးပြီး    လေ့လာကြိုးပမ်း ပြိုင်ပွဲဝင်ခဲ့ကြသည့် မျိုးဆက်သစ်လူငယ် များနှင့်ဆုရရှိကြသူအားလုံးကိုလည်း လေးစားဂုဏ်ပြုသည်ကိုပြောကြားလို ကြောင်း။

မိမိတို့မြန်မာလူမျိုးများသည် ကိုယ်ပိုင် အမျိုးသားရေးစရိုက်လက္ခဏာများ၊ အဆင့် အတန်းမြင့်မားသည့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ၊နက်ရှိုင်းသိမ်မွေ့သည့်ယဉ်ကျေးမှုဓလေ့စရိုက်နှင့် အတွေးအခေါ်အယူအဆများ၊လူမှုကျင့်ဝတ်စည်းကမ်း များ၏ဂုဏ်ကျေးဇူးများကြောင့်သမိုင်း အစဉ်အဆက်တွင် ကျက်သရေရှိရှိ ရပ်တည် ထွန်းပြောင်နိုင်ခဲ့သည့် အစဉ်အလာကောင်း များရှိထားပြီးဖြစ်ကြောင်း။

မိမိတို့အနေဖြင့်   ဒီကောင်းမြတ်သည့် အတိတ်အစဉ်အလာများ၊ ကောင်းမွေများကိုတည်တံ့တိုးပွားအောင် ထိန်းသိမ်းမြှင့်တင်ရင်း ပစ္စုပ္ပန်ကာလ၏ အခွင့်အလမ်းကောင်းများနှင့်ပေါင်းစပ်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အခြေခံကောင်း အမွေခံကောင်းများထားရစ်ခဲ့နိုင်ရန် ကြိုးပမ်းကြရ မည်ဖြစ်ကြောင်း၊ မိမိတို့၏အမျိုးသားရေး တာဝန်ဖြစ်ပြီး မျက်မှောက်ခေတ်  နိုင်ငံသူနိုင်ငံသားများဖြစ်သည့် မိမိတို့အားလုံး၏ ပခုံးပေါ်ကို ရောက်ရှိနေပြီဖြစ်ကြောင်း။

ထို့ကြောင့် အတိတ်ကာလက ဘိုးဘွား အမွေအနှစ်ဖြစ်သည့် မြန်မာ့အနုသုခုမပညာ ရပ်များနှင့်တကွအမျိုးသားယဉ်ကျေးမှု အဆောက်အအုံကြီး၏ ကောင်းမွေများကို ပစ္စုပ္ပန်ကာလတွင် ကောင်းမြတ်သည့်ကြိုးပမ်း အားထုတ်မှုများဖြင့် ထိန်းသိမ်းမြှင့်တင်သွား ကြရမည်ဖြစ်ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများက ပေါက်ဖွားလာသည့် အကျိုးရလဒ်ကောင်းများနှင့်  ပေါင်းစပ်ပြီး အနာဂတ်အတွက အနုပညာအမွေအနှစ်စစ်စစ်များ ပွားများကျန်ရှိရအောင်ဆက်လက်လက်တွဲကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု  ဆန္ဒပြုတိုက်တွန်းလိုကြောင်း။

သမိုင်းအစဉ်အဆက်ဆက် ထိန်းသိမ်း အမွေဆက်ခံလာခဲ့သည့်အမျိုးသားယဉ်ကျေးမှုအရင်းအမြစ်များကို ပိုမိုအခြေခိုင်ခံ့အစွမ်းထက်စေရအောင် ရိုးရာအစဉ်အလာ ထိန်းသိမ်းမှုနှင့်  တီထွင်ဆန်းသစ်မှုများ ပေါင်းစပ်မြှင့်တင်ဆောင်ရွက်ပေးကြရန်၊ တိုင်းရင်းသားပြည်သူများ ဇာတိသွေးဇာတိ မာန်မြင့်မားရေးနှင့် မြန်မာ့ရိုးရာ အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းတစ်ပါးယဉ်ကျေးမှုထိုးဖောက်လွှမ်းမိုးမှုကို ကာကွယ်တားဆီးပေးကြရန်၊ အမျိုး သားရေးစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်ထွန်းကားပြန့်ပွားရေး စသည့် စိတ်ဓာတ်ရေးရာအခြေခံများ  တိုးတက် ရင့်သန်ခိုင်မာမြင့်မားစေရအောင် ယဉ်ကျေး မှုအနုပညာစွမ်းအားတို့ဖြင့် မြှင့်တင်ပေးကြရန် ဆန္ဒပြုတိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည် နယ်၊ ရခိုင်ပြည်နယ်၊  ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာ ယဉ်ကျေးမှုအဖွဲ့များကို  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ရိုးရာ “ယန်းအက” ဖြင့် ထားဝယ် တိုင်းရင်းသားရိုးရာတေးဂီတအဖွဲ့က ဖျော်ဖြေကပြတင်ဆက်ကြသည်။

ထို့နောက်  ကော်မရှင်ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်တိုင်းရင်းသားရိုးရာ “ယန်းအက” ပြိုင်ပွဲနှင့် ကဗျာလွတ်ပြိုင်ပွဲတို့ တွင် အထူးဆု၊ ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသည့်အဖွဲ့များအား ဆုများပေးအပ်  ချီးမြှင့်သည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစောက အဆို၊ မဟာဂီတ ပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် (အမျိုးသား)(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အဆို၊ မဟာ ဂီတပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက အဆို၊ မဟာဂီတပြိုင်ပွဲ အခြေခံပညာအဆင့်  (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုး သား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဆို၊ ခေတ်ဟောင်း/ ကာလပေါ်ပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် (အမျိုးသား)(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်း ကောင်း၊ ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဆို၊ ခေတ် ဟောင်း/ ကာလပေါ်ပြိုင်ပွဲ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်း ကောင်း၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက အဆို၊ ခေတ်ဟောင်း/ ကာလပေါ်ပြိုင်ပွဲ   အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုး သား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက်  အဆိုခေတ်ဟောင်း/ ကာလ ပေါ် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ပြိုင်ပွဲ၌  ပထမဆုရရှိသူ မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု မမိုးမြင့်စံက  “အနန္တငါးဖြာ”  သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ယင်းနောက် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊ ပြည်ထောင်စုဝန်ကြီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်   နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က အက၊ အရေးနှင့် အတီးပြိုင်ပွဲတို့တွင်   ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ဆုချီးမြှင့်ပွဲတွင် အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲ နှင့် အတီးပြိုင်ပွဲတို့တွင် ပထမဆုရရှိခဲ့ကြ သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကိုယ်စားပြုပြိုင်ပွဲဝင်များက  ကပြသီဆို ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနား အပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်  အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခမ်းအနားတက်ရောက်လာကြသူများ ကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

(၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၁၆၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ရရှိမှုများအနေဖြင့်  ရန်ကုန်တိုင်းဒေသကြီး မှ (၅၉) ဆု၊ မန္တလေးတိုင်းဒေသကြီးမှ (၄၇) ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ (၃၇) ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၃၃)ဆု၊ ပဲခူးတိုင်း ဒေသကြီးမှ (၂၂)ဆု၊ မွန်ပြည်နယ်မှ (၂၁)ဆု၊ မကွေးတိုင်းဒေသကြီးမှ (၁၄)ဆု၊ ကယား ပြည်နယ်မှ (၁၇)ဆု၊ ရှမ်းပြည်နယ်မှ (၁၃)ဆု၊ ရခိုင်ပြည်နယ်မှ(၁၀)ဆု၊ ကရင်ပြည်နယ်မှ (၁၂)ဆု၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁၃)ဆု၊ ချင်းပြည်နယ်မှ (၁၀)ဆုနှင့် ကချင်ပြည်နယ် မှ (၅)ဆုရရှိခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။