မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးစွာဖြင့် အေးအတူပူအမျှ မဟာဗျူဟာမြောက်ဆက်ဆံရေးရှိသည့်အခြေအနေများ ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ်ဆွေးနွေး
နေပြည်တော် အောက်တိုဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijiun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ NCA လက်မှတ်ရေးထိုးရာတွင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှအသိသက်သေများ ပါဝင်ခဲ့မှုအခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် အလေးထားလျက်ရှိမှုအခြေအနေများ၊ မြန်မာ-တရုတ်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးစွာဖြင့် အေးအတူပူအမျှ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပပြု လုပ်မည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အားပေးထောက်ခံလျက်ရှိမှုအခြေအနေများ၊ ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။



