နေပြည်တော် အောက်တိုဘာ ၁၄
မြန်မာ-ရုရှား-ဘယ်လာရုစ် (၃) နိုင်ငံပူးပေါင်းဖျော်ဖြေတင်ဆက်မှုအခမ်းအနား အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိNaypyitaw State Polytechnic University ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အဖွဲ့ဝင်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander AZIZOV ၊ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌ Mr. Alexander Ostrovskiy ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ ဖျော်ဖြေရေးအဖွဲ့များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “ယဉ်ကျေးမှုဖလှယ်မှုမှသည် ချစ်ကြည်ရင်းနှီးမှုများဆီသို့” Video Clip ကိုကြည့်ရှုကြသည်။
ထို့နောက် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌက မိတ်ဆက်စကားပြောကြားပြီး ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေမည့် အနုပညာရှင်များနှင့်မိတ်ဆက်ပေးသည်။
ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်အားစတင်ကျင်းပရာ ဘယ်လာရုစ်နိုင်ငံမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှအနုပညာရှင်ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်ဝန်ထမ်းများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်ဝန်ထမ်းများနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ဝန်ထမ်းများက “ရုရှားနှင့်ဘယ်လာရုစ်-သွေးရင်းအစ်ကို ညီရင်းနှမ (Two Rus’s- Belarus and Russia, Two Sisters)”တေးသီချင်း၊ “ခေါင်းလောင်းသံ(Bells)” တေးသီချင်း၊ “နန်းသိင်္ဂီ”နန်းတွင်းယိမ်းအက၊ “The River Flows”တေးသီချင်း၊ “ဘော်ဒကာတစ်ခွက်နဲ့ နှုတ်ဆက်မယ်” တေးသီချင်း၊ “ပန်းပုသူဇာ” တေးသီချင်း၊ “မျက်ဝန်း(My eyes)” တေးသီချင်း၊ “လယ်ဘယ်ဒူးရှ်ကာ (Lebedushka)” အက၊ “မနောကြည်ချိုမြဗြောစည်တိုအက” ၊ “ကျူးလစ်ပန်း(Tulips)” တေးသီချင်း၊ “ဒို့ရွာနီ (Red Sloboda)” တေးသီချင်း၊ “မြိုင်ဆိုင်မြူးကြွမင်းသားအက”၊ “ဪတံစဉ် ကျွန်တော်တံစဉ်(Oh, My Scythe)” တေးသီချင်း၊ “ကာလင်ကာ(Kalinka)” အက၊ “Belarus and Myanmar” တေးသီချင်း၊ “မြန်မာ”တေးသီချင်း၊ “သင်္ကြန်”တေးသီချင်း၊ “Kupalinka” တေးသီချင်း၊ “St. Petersburg and Myanmar”တေးသီချင်း၊ “ပုဂံ” တေးသီချင်း၊ “အတူရှိမယ်မြန်မာ(We are With You Myanmar)” တေးသီချင်း၊ “မြန်မာဟေ့” တေးသီချင်း၊ “ကာကျူးရှာ(Katush)” တေးသီချင်း၊ “အမိမြေ(Matushka Zemnya Mother Land)” တေးသီချင်း၊ “Love Me”တေးသီချင်း၊ “ပန်းရောင်စုံ (All the Flowers)” တေးသီချင်းနှင့် “တောင်းဆုခြွေ( I want to wish)”တေးသီချင်းတို့ဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက သီဆိုဖျော်ဖြေခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံတို့မှ ဖျော်ဖြေရေးအဖွဲ့များအားဂုဏ်ပြုပန်းခြင်းပေးအပ်သည်။
ယင်းနောက် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌနှင့် ဘယ်လာရုစ် တေးဂီတအဖွဲ့ခေါင်းဆောင်တို့က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။
၎င်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင်၊ စိန့်ပီတာ စဘတ် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌကမြန်မာနိုင်ငံမှ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဖျော်ဖြေရေးအဖွဲ့များနှင့်တက်ရောက်လာကြသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။