နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၅ ခုနှစ်၊ (၆၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားတပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်

နေပြည်တော်    အောက်တိုဘာ   ၂၄

၂၀၂၅ ခုနှစ်၊ (၆၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလားတပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်အားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့  နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ  ဇနီးဒေါ်ကြူကြူလှ၊ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံး အကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြားထားသူများနှင့်ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြသည်။

ဦးစွာ ၂၀၂၅ ခုနှစ်၊ (၆၂) ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးကိုယ်စားပြုအသင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့်အသင်းများ ဖြစ်သည်နှင့်အညီတစ်ဖက်နှင့်တစ်ဖက်ဦးဆောင်ဂိုးရရှိနိုင်ရေးအပြန်အလှန်ထိုးဖောက် တိုက်စစ်ဆင်ခဲ့ကြသော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပွဲကစားချိန် ပထမပိုင်းပြီးဆုံးချိန်တွင် ဂိုးမရှိသရေရလဒ်သာထွက်ပေါ်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပွဲကစားချိန်၌ တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်အကြိတ် အနယ်ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပွဲကစားချိန်ပြီးဆုံးချိန်တွင် ဂိုးမရှိသရေရလဒ်သာထွက်ပေါ်ခဲ့သဖြင့် အချိန်ပိုပွဲကစားချိန်ကို  ဆက်လက်ကစားခဲ့ကြရာ အချိန်ပိုပွဲကစားချိန်ပထမပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံးကိုယ်စားပြုအသင်းက အဖိုးတန်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့သဖြင့် ပွဲကစားချိန်ပြီးဆုံးချိန်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုအပြီးတွင် ၂၀၂၅ ခုနှစ်၊ (၆၂)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းက ပွဲစဉ်တစ်လျှောက် တစ်ဦးချင်းနေရာအလိုက်အကောင်းဆုံးကစားသမားဆုရရှိသူများနှင့် အကောင်းဆုံးအားကစားသမားဆုရရှိသူများကိုလည်းကောင်း၊ တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကတတိယဆုရရှိသည့်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်က ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ၂၀၂၅ ခုနှစ်၊ (၆၂) ကြိမ်မြောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊  ရေ၊  လေ)ဘောလုံးပြိုင်ပွဲတွင်  ပထမဆုရရှိသည့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးကိုယ်စားပြုအသင်းမှ အားကစားသမားများအား   တစ်ဦးချင်းဆုတံဆိပ်များကိုပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အသန့်ရှင်းဆုံး ဆုရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား  ဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊(၆၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးကိုယ်စားပြုအသင်းအား တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဖလားနှင့်ငွေသားဆုများကို ပေးအပ် ချီးမြှင့်ရာ  အသင်းအုပ်ချုပ်သူအရာရှိနှင့် အားကစားသမားများက လက်ခံရယူသည်။

ထို့နောက်   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်   အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။