တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့်နိုင်ငံတော်မှခွင့်ပြုပေးထားသည့်ဘဏ္ဍာငွေများကိုအကျိုးရှိရှိအသုံးပြု
နေပြည်တော် အောက်တိုဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီး ချုပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်းဆောင်ရွက်မှုများအားအသီးသီးဆွေးနွေးတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးများကဆွေးနွေးတင်ပြကြရာတွင်ဒေသအလိုက် သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိမှု၊စိုက်ဧက၊ အထွက်နှုန်းများနှင့်ပတ်သက်၍နှစ်အလိုက် နှိုင်းယှဉ်တွေ့ရှိချက်များ၊စပါးသီးနှံနှင့် ချည်မျှင်ရှည်ဝါအထွက်နှုန်းများ၏ဖြစ်နိုင်ခြေဆန်းစစ်ချက်များ၊ ဒေသအလိုက်မြေနိမ့် ကော်ဖီဖြစ်ထွန်းအောင်မြင်မှုနှင့် တိုးချဲ့စိုက်ပျိုးနိုင်မှု၊ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်လူဦးရေအရ အသား၊ ငါးနှင့်ဥအမျိုးမျိုးဖူလုံမှု၊ရေနက်ကွင်းဧရိယာများကိုငါးကန်တူးဖော်ပြီး သီးနှံစိုက်ပျိုးမြေဖော်ထုတ်၍သီးနှံစိုက်ပျိုးခြင်းနှင့် ငါးမွေးမြူခြင်းကိုယှဉ်တွဲ ဆောင်ရွက်နိုင်မှုနှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်အကြံပြုတင်ပြ ချက်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် သွင်းအားစုများကို တောင်သူများ၏လက်ဝယ်အရောက်ပေးအပ်ပြီးအသိပညာပေး လုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်ရန်လိုအပ်မှု၊တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိရေနံနှင့်သဘာဝဓာတ်ငွေ့အရင်းအမြစ်များအားနိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုး စီးပွားအတွက် စနစ်တကျဖော်ထုတ်အသုံးပြုနိုင်ရန်လိုအပ်မှု၊၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများခွင့်ပြုပေးခဲ့မှုနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်ခဲ့မှုနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြသည်။
ထို့နောက်ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြရာတွင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍အရှိန်အဟုန်ဖြင့် တိုက်ဖျက် ဆောင်ရွက်လျက်ရှိမှုနှင့် ဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေများ၊တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကိုပြဋ္ဌာန်းထား သည့်ဥပဒေများနှင့်အညီ မှန်မှန်ကန်ကန် ထိထိ ရောက်ရောက်အရေးယူဆောင်ရွက် သွားရန်လိုအပ်မှု၊ လျာထားလုပ်ငန်းများအတွက်သာမန်ငွေလုံး ငွေရင်းအသုံးစရိတ်များကိုခွင့်ပြုပေးခဲ့မှုနှင့်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများအပေါ်စိစစ်တင်ပြချက်များ၊ လုပ်ငန်းရပ်များအလိုက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်သတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် ပြီးစီးနိုင်ရေးကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်မှုတို့နှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။
ယင်းနောက်တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက ဆွေးနွေးတင်ပြကြရာတွင် ငလျင် ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်အဆောက်အဦများအား ပြုပြင်ဆောင်ရွက် လျက်ရှိမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အလတ်စားနှင့် အငယ်စား MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိမှု၊လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စေရေးအတွက်ဆောင်ရွက် လျက်ရှိမှုတို့နှင့်ပတ်သက်၍အသီးသီးဆွေးနွေးတင်ပြကြသည်။
ဘဏ္ဍာငွေသုံးစွဲမှုများမှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိဖြစ်စေရေးထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကဆွေးနွေးမှာကြားရာတွင်ဘဏ္ဍာငွေ သုံးစွဲမှုနှင့်ပတ်သက်၍တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့်နိုင်ငံတော်မှခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများကိုအကျိုးရှိရှိ အသုံးပြုသွားရန်လိုကြောင်း၊လုပ်ငန်းရပ်များအလိုက်ငွေကြေးသုံးစွဲမှု များကိုဆောင်ရွက်သွားမည်ဆိုပါကလည်ပတ်သုံးစွဲငွေမြင့်တက်လာပြီးနိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်အခြေခံလူတန်းစားများအနေဖြင့်တစ်ဦးချင်းဝင်ငွေတိုးပွားလာမည်ဖြစ်ပြီးစားရေး၊ ဝတ်ရေးတို့တွင် သုံးစွဲငွေများမြင့်တက် လာမည် ဖြစ်ကာလူမှုစီးပွားများသည်လည်းတိုးတက်မြင့်မားလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်ငွေကြေးလည် ပတ်မှုများပိုမိုဖြစ်ပေါ်လာစေပြီး ဝယ်လိုအားနှင့်ရောင်းလိုအားများကောင်းမွန်လာမည်ဖြစ်ကာ အခြေခံအဆောက်အဦများ ပိုမိုဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုလာမည်ဖြစ်ကြောင်း၊ထို့ကြောင့် ဘဏ္ဍာငွေသုံးစွဲမှုများကို မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိအသုံးချဆောင်ရွက်သွား ကြရန်လိုကြောင်း။
ထို့ပြင်ခွင့်ပြုငွေများအလိုက်အချိန်တိုအတွင်း၌ နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် (Quick Win) လုပ်ငန်းများကိုအမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း။
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေ ရွေးကောက်ပွဲတွင် နည်းလမ်းမျိုးစုံဖြင့်မဲမသမာမှုများပြုလုပ်ခဲ့ခြင်းကြောင့်မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကိုယူခဲ့ရသည့်အစိုးရတစ်ရပ်ဖြစ်ကြောင်း၊ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်မှုမရှိစေရေး Myanmar Electronic Voting Machine(MEVM)ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (MEVM) စက်များသည် မဲမသမာမှုမည်ကဲ့သို့မျှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊မှန်ကန် သည့်ရွေးကောက်ပွဲ၊ မဲမသမာမှုမရှိသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲ ဖြစ်စေရေး မဲစာရင်းများမှန်ကန်မှုရှိရေးသည်အဓိကကျကြောင်း၊ ထို့ကြောင့် ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မဲစာရင်းများပြုစုရာတွင် အမှားအယွင်းမရှိစေရေး၊မဲမသမာမှုများမရှိစေရေး အလေးထား ဆောင်ရွက် သွားရန်လိုကြောင်း၊ ယနေ့မှစ၍ မဲဆွယ်စည်းရုံးမှုကာလစတင်မည်ဖြစ်ပြီးပါတီများ အလိုက် မဲဆွယ်ခြင်းလုပ်ငန်းများကိုစတင်ဆောင်ရွက်ကြတော့မည်ဖြစ်ကြောင်း၊မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးပြီးတည်ငြိမ်သည့်အစိုးရတစ်ရပ်ထွက်ပေါ်လာစေရေးမျှော်မှန်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးနှင့်လူသားအရင်းအမြစ်ကောင်းများမွေးထုတ်ပေးနိုင်ရေးနိုင်ငံဖွံ့ဖြိုး တိုးတက်ရေး နှင့်ပတ်သက်၍နိုင်ငံ့စီးပွားမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ တစ်ဝက်ကျော်ခန့်သည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကိုဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် MSME ကုန်ထုတ်လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊အချို့သောစိုက်ပျိုးရေးလုပ်ငန်းများမှရရှိသည့်စက်မှု ကုန်ကြမ်းထွက်ကုန်များဖြင့် MSME လုပ်ငန်းများသာမကစက်မှုကုန်ထုတ်လုပ်ငန်းကြီး များကိုလည်းလုပ်ဆောင်နိုင်ကြောင်း၊ဥပမာအားဖြင့် ရော်ဘာစိုက်ပျိုးမှုမှအစပြုသည့်တာယာထုတ်လုပ်ခြင်း ကဲ့သို့သောကုန်ထုတ်စက်မှုလုပ်ငန်းကြီးများ၊ ဝါစိုက်ပျိုးမှုမှအစပြုသည့် ချည်မျှင်နှင့် အထည်အလိပ်ထုတ်လုပ်ခြင်းကဲ့သို့သောစက်မှုလုပ်ငန်းကြီးများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးမိမိတို့ အနေဖြင့် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊စိုက်ပျိုးမွေးမြူရေး ကုန်ထုတ် လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ခြင်းသည်နိုင်ငံ့စီးပွားရေးကိုမြှင့်တင်ဆောင်ရွက် ပေးခြင်း ပင်ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးကိုမြှင့်တင်ပေးမှသာ နိုင်ငံ့စီးပွားရေးတိုး တက်လာ မည်ဖြစ်ကြောင်း၊မိမိတို့နိုင်ငံအနေဖြင့်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကိုအောင်မြင်စွာဆောင်ရွက်နိုင်သည့်အခြေခံကောင်းများကိုပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊မိမိတို့နိုင်ငံမှထွက်ရှိသည့်ဆန် သီးနှံအပါအဝင် အခြားသီးနှံများကို အရည်အသွေးမြင့်စွာဖြင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင်ဆောင်ရွက်၍ ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင်ပြည်တွင်းဆီလိုအပ်ချက်ရှိခြင်းကြောင့် ဆီထွက်သီးနှံစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်လျက်ရှိသော်လည်းပြည်ပမှစားသုံးဆီများကိုတင်သွင်းနေရဆဲဖြစ်ကြောင်း၊ ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲစိုက်ပျိုးမှုများရှိသော်လည်းမိရိုးဖလာ စားသုံးမှုနှင့် ပြည်ပတင်ပို့မှု များကြောင့် ပြည်တွင်းဆီဖူလုံမှုအတွက်လိုအပ်ချက်များ ရှိနေသေးကြောင်း၊ နေကြာစိုက်ပျိုးခြင်းဖြင့် ပြည်တွင်းဆီဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပြီး ပြည်ပမှဆီ တင်သွင်းမှုများကိုလျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် များစွာအကျိုးဖြစ် ထွန်းစေမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးကဏ္ဍတွင် ကော်ဖီသည်နှစ်ရှည်သီးနှံဖြစ်ပြီးမိမိတို့နိုင်ငံမှထွက်ရှိသည့်အာရေးဗီး ကားကော်ဖီသည်ကမ္ဘာပေါ်တွင် နာမည်ကောင်းရရှိပြီးဖြစ်ပြီးဈေးကွက်ရရှိပြီးဖြစ်ကြောင်း၊မြေနိမ့်ကော်ဖီ ရိုဘက်စတာကိုလည်း နိုင်ငံအနှံ့စိုက်ပျိုးနိုင်ကြောင်း၊ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ နှစ်ရှည်ဝင်ငွေရသည့်သီးနှံအဖြစ် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ငရုတ်ကောင်းကဲ့သို့ ဥယျာဉ်သီးနှံ
များကိုလည်း စိုက်ပျိုး၍ရရှိနိုင်ကြောင်း၊စိုက်ပျိုးတောင်သူများကိုလည်းလိုအပ်သည့် အသိပညာ ပေးမှုများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်၌လည်းမိမိတို့ဒေသအလိုက် ပိုင်ဆိုင်ထားသည့်အရင်းအမြစ်များကိုကောင်းမွန်အကျိုးရှိစွာအသုံးချနိုင်ရေးလေ့လာဆန်းစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်နှင့်ဒေသအတွက် အကျိုးရှိနိုင် မည့်လုပ်ငန်းရပ်များကိုဆောင်ရွက်သွားနိုင်ရေး ရှုထောင့်ပေါင်းစုံမှကြည့်၍ဆောင်ရွက် သွားကြရန်လိုကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အရည် အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများလိုအပ်မည်ဖြစ်ကြောင်း၊မိမိတို့နိုင်ငံ၌အသက် ၂၅ နှစ်အထက် လူဦးရေ၏၄၆ ရာခိုင်နှုန်းခန့်သည် ပညာရေးအားနည်းသဖြင့် ပညာရေးကို အလေးပေးမြှင့်တင်ဆောင်ရွက်သွားရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပြီး ပညာရေးအားကောင်း လာမှသာလျှင်လူသားအရင်းအမြစ်ကောင်းများကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ထို့ပြင် မိမိတို့နိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီးအောင်မြင်မှု မရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ များစွာရှိကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယခုအချိန် အထိကာလအတွင်း၌ပင် တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ပြီးအောင်မြင်ခြင်းမရှိခဲ့သူလူဦးရေ ၅ သန်းခန့်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတော်အတွက်မည်ကဲ့သို့ အသုံးချနိုင်မည်ကိုစဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ထို့ကြောင့် မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic ကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ကွန်ပျူတာနှင့် နည်းပညာကိုပေါင်းစပ် ထားသည့် Polytechnic University များကိုဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင်အောင်မြင်မှုရှိခဲ့ပြီးအကျိုးရလဒ်များကို တွေ့မြင်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့်ပညာရေးနှင့်ပတ်သက်ပါကရေရှည် အနာဂတ်အကျိုးကိုကြည့်၍ စီမံဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊အများစုအနေဖြင့် အလယ် တန်းအဆင့်တွင်ပင် ပညာရေးဆုံးခန်းတိုင်မှုများလည်းရှိနေကြောင်း၊ထို့ကြောင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်စက်မှုပညာသင်အထက်တန်းကျောင်းများကိုဖွင့်လှစ်နိုင်ရေးစီမံဆောင်ရွက်ခဲ့ပြီးယခုအချိန်တွင် အောင်မြင်မှုများ အထိုက်အလျောက်ရရှိခဲ့ကြောင်း၊မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုး မွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင်ကျွမ်းကျင် သူများမွေးထုတ်ပေးနိုင်ရန် မဖြစ်မနေလို အပ်မည်ဖြစ်ကြောင်း၊တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ပညာတတ်လူသား အရင်းအမြစ်ကောင်းများ မွေးထုတ်ရေးနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကိုအလေးထားဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူပြည်သူလူထုနှင့် သက်ဆိုင်သည့်နေရာများ၊အားကစားကွင်းများ အဆင့်မီမီဖြစ်ပေါ်လာစေရေးမြို့သာယာလှပရေးနှင့် ပတ်သက်၍မြို့ပြတိုးချဲ့တည်ဆောက်မှုစီမံကိန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ မြို့ကွက်များ တိုးချဲ့ဆောင်ရွက်ခြင်းအတွက် ရေ၊မီး၊ လမ်းနှင့် အခြေခံအဆောက် အဦစသည်ဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရကြောင်း၊ထို့ကြောင့် အချို့နေရာများတွင် မြေနေရာကို တန်ဖိုးရှိစွာအသုံးချနိုင်ရေး၊ အဆင့်မီအိမ်ရာ၊ တိုက်ခန်းများ ဆောက်လုပ်ပေးခြင်းဖြင့် မြို့ပြအဆင့် အတန်းမြှင့်တင်ခြင်းက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊မြို့ကွက်သစ်များ ဖော်ဆောင်ထားသည်နှင့်အညီ အမှန်တကယ်အဆောက်အဦများနှင့်နေထိုင်သူများ ဖြစ်ပေါ်လာရန်လည်းလိုကြောင်း၊မြို့သာယာလှပ ရေးနှင့်ပတ်သက်၍ချမှတ်ထားသည့် စည်ပင်သာယာစည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်ရန်လိုပြီးစနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လည်းလိုကြောင်း၊ စည်ပင်သာယာရေးဆိုင်ရာဝန်ထမ်းများ အနေဖြင့် မိမိတို့ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်သည်များကိုတာဝန်ကျေပွန်စွာ ထမ်းဆောင် သွားရန်လိုအပ်ကြောင်း။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှုနှင့်အတူ မြို့နေပြည်သူလူထုတို့အတွက်အပန်းဖြေအနား ယူရန်နေရာများ၊ပြည်သူလူထုနှင့် သက်ဆိုင်သည့်နေရာများကိုလည်းဖော်ဆောင်ပေးသွား ရန်လိုကြောင်း၊တက္ကသိုလ်၊ ကောလိပ်များအလိုက်၌လည်း ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်မည့်နေရာများ၊အားကစားပွဲများ ကျင်းပနိုင်မည့်နေရာများကိုလည်း ဖော်ဆောင်ပေးထားရမည်ဖြစ်ကြောင်း၊ထို့ပြင် အခြေခံပညာကျောင်းများ၌လည်း သင့်လျော်သည့် အားကစားကွင်းများရှိစေရေး၊ စာသင် ကျောင်းနှင့်ကိုက်ညီသည့်အခြေခံအဆောက်အဦများ ပြည့်မီမှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေး သွားရန်လိုကြောင်း၊တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်ရှိ လူဦးရေနေထိုင်မှုများပြားသည့်မြို့နယ်များ၌ မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းများကို မိမိတို့အနေဖြင့် ခွင့်ပြုပေးထားပြီး ဖြစ်ကြောင်း၊ထိုမှတစ်ဆင့် မိုးလုံလေလုံအားကစားရုံများ၊မိုးလုံလေလုံရေကူးကန်များကိုခွင့်ပြုပေး လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အနေဖြင့်ပိုင်ဆိုင်ထားပြီးဖြစ်သည့်အားကစားကွင်းများကို ပျက်စီးမှုမရှိစေရေးနှင့်အဆင့်မီမီကစားနိုင်ရေး ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ လိုအပ်နေသည့်အားကစားကွင်းများကိုလည်းသတ်မှတ်ချက်များနှင့်အညီ တင်ပြတောင်းခံ သွားရန်လိုကြောင်း၊ တိုင်းဒေသကြီး၊ပြည်နယ်များအလိုက် လူဦးရေ ၁ သိန်းကျော်ခန့်နေထိုင် လျက်ရှိသည့် မြို့များ၌ ပြည်သူလူထု ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍမြှင့်တင်ရေးအတွက်အဆင့်မီအားကစားကွင်းများဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် အစိုးရအဖွဲ့များအနေဖြင့် မိမိတို့ဦးဆောင်အုပ်ချုပ်ရသည့်ပြည်နယ်နှင့် ဒေသများကို ကိုယ်စားပြုခြင်းဖြစ်ပြီး မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို အမြဲမပြတ်စဉ်းစား ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊အားကစားကဏ္ဍနှင့် ဆက်စပ်၍ လာမည့် ဒီဇင်ဘာလသည်အားကစားလဖြစ်ပြီး လူထုအားကစားပွဲများ၊ လူထုလမ်းလျှောက်ပွဲများတွင်ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မှုရှိစေရေးဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိအနေဖြင့်နိုင်ငံတော်အတွက် အကျိုးဖြစ်စေနိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြား ခဲ့ခြင်းဖြစ်ပြီး မိမိတို့တာဝန်ယူထားရသည့်ကာလအတွင်းနိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ အကျိုးစီး ပွားအတွက် ဆောင်ရွက်နိုင်သည်မှန်သမျှကိုကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့်ပြောကြားသည်။

အစည်းအဝေးအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့်ကရင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအတွက်ဂုဏ်ပြုချီးမြှင့်ငွေကိုပေးအပ်ချီးမြှင့်ရာကရင်ပြည်နယ်ဝန်ကြီးချုပ်ကလက်ခံရယူခဲ့သည်။

