ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်း

နေပြည်တော်   နိုဝင်ဘာ   ၄

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၂၀၂၅ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော် မသိုး ရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ မသိုးရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းသည်။

အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊  ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီး “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အစချီသည့် အရိယာသာဝိတ္ထီ ဂါထာတော်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို ဒေဝါဝင်း၊ ရာဇာဝင်းများ ခြံရံ၍ ရေပန်းရင်ပြင်တော်မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်သို့ ပင့်ဆောင်ကြပြီး  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ကာ ဆက်ကပ်ပူဇော်မည့်နေရာသို့ ပင့်ဆောင်ကြသည်။ ထိုသို့ပင့်ဆောင်နေချိန်၌ ဝတ်အသင်းအဖွဲ့များက ဘုရားဂုဏ်တော်ကိုးပါးပါဠိကို ရွတ်ဆိုပူဇော်ကြသည်။

ယင်းနောက် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို လေးခေါက်ခေါက်ခြင်း၊ ထပ်၍ စုစည်းခြင်းများကို ဆောင်ရွက်ကြပြီး ရွှေကြာကလပ်တော်ပေါ်သို့ ပင့်ဆောင်ကြသည်။

ထို့နောက်  နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြုရက်ကန်းအဖွဲ့(၁၅)ဖွဲ့မှ ရက်လုပ်စပ်ချုပ်သီလွှမ်းထားသည့် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို ဆက်ကပ်လှူဒါန်းသည်။

၎င်းနောက် မသိုးရွှေကြာသင်္ကန်းတော်များအား ဥပါသကာများက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ လက်တော်ပေါ်သို့ ဆက်လက်ဆက်ကပ်ပူဇော်သည်။

ထိုသို့ ဆက်ကပ်ပူဇော်နေချိန်တွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး ဦးဆောင်သော  ဘုရားဒါယကာ၊ ဒါယိကာမများက ဘုရားဂုဏ်တော်၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိ၊ ပရိတ်၊မေတ္တာပို့လင်္ကာများကို  ရွတ်ဆိုပွားများပူဇော်ကြသည်။

ယင်းနောက် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များနှင့် သုံးဆယ့်တစ်ဘုံသားတို့အား မေတ္တာပို့၍ကုသိုလ်အမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် မသိုးသင်္ကန်းရက်လုပ် ဆက်ကပ် လှူဒါန်းခြင်းများကို တန်ဆောင်မုန်းလအခါသမယတွင် ကျင်းပပြုလုပ်လေ့ရှိပြီး လပြည့်နေ့မတိုင်မီ အဖိတ်နေ့ညနေပိုင်းတွင် သင်္ကန်းတော်များကို စတင်ရက်လုပ်၍လပြည့်နေ့ အရုဏ်မတက်မီအချိန်အပြီးချုပ်လုပ်ကာ  မြတ်စွာဘုရားရှင်အားရည်မှန်း၍ ကပ်လှူပူဇော်ကြခြင်းဖြစ်ကြောင်း၊ မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများကို နှစ်စဉ် နိုင်ငံအဝန်း အမြို့မြို့အနယ်နယ်၌ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပြီးကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌လည်း  နိုင်ငံတော်ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး ဦးဆောင်သော ခုနစ်ရက်သားသမီးများက မသိုးရွှေကြာသင်္ကန်းတော်ကိုဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။