ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ   ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ် “Chaldony” State Song and Dance Ensemble အဖွဲ့မှ ဂုဏ်ပြုဖျော်ဖြေသည့်ပဒေသာကပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်   နိုဝင်ဘာ   ၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသ မှ နိုဗိုစီဗစ် “Chaldony” State Song and Dance Ensemble အဖွဲ့မှ “မဟာရုရှားနှင့် ဆိုက်ဘေးရီးယား”အမည်ရသည့် ပဒေသာကပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁)(MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ “မဟာရုရှားနှင့် ဆိုက်ဘေးရီးယား” အမည်ရသည့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်း အနားကို နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်ကာ အလေးပြု၍ဖွင့်လှစ်သည်။

ထို့နောက်  နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊  နိုဗိုစီဗစ်‌ဒေသမှ ထင်ရှားသည့် “Chaldony” State Song and Dance Ensemble အဖွဲ့မှ တင်ဆက်မည့်ဖျော်ဖြေပွဲတွင်  အားလုံးကို  ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် ယနေ့ နေ့လယ်ခင်းသည် အဓိပ္ပာယ်ပြည့်ဝပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် အချိန်အခါလည်းဖြစ်ပါကြောင်း၊  မိမိတို့ နှစ်နိုင်ငံသည် ယဉ်ကျေးမှု၊ ပညာရေးနှင့် အနုပညာအပါအဝင် ကဏ္ဍပေါင်းစုံ၌ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့အပေါ်အခြေခံပြီး ခိုင်မြဲ သည့် သံတမန်ဆက်ဆံမှုကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း(၇၇)နှစ်ပြည့်မြောက် ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း။

ကာကွယ်ရေး၊ ပညာရေး၊ သိပ္ပံ၊ နည်းပညာ၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု အပါအဝင် နယ်ပယ်များစွာ၌ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ အပေါ်အခြေခံပြီး  မိမိတို့နှစ်နိုင်ငံသည် ဆယ်စုနှစ်များစွာ ကြာရှည်ခိုင်မာသည့် ဆက်ဆံရေးကို တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း နိုဗိုစီဗစ်နှင့် မြန်မာအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

၂၀၂၅ ခုနှစ်၊ မတ်လအတွင်း မိမိအနေဖြင့် ရုရှားနိုင်ငံကို သွားရောက်ခဲ့သည့်ခရီးစဉ်၌ အဆွေတော်နှင့်တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်နိုင်ရေးဖိတ်ကြား ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏သာယာလှပမှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကိုယ်တိုင် ကိုယ်ကျခံစားရှုမြင်ပြီးဖြစ်သည်ဟု ယုံကြည်ကြောင်း။

နိုဗိုစီဗစ်ဒေသ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်လာသည့် “Chaldony” State Song and Dance Ensemble ၏ ယနေ့ဖျော်ဖြေပွဲမှ တစ်ဆင့် နိုဗိုစီဗစ်ဒေသ၏ အနုပညာရသနှင့် ဆိုက်ဘေးရီးယန်းအနုပညာများကို မိမိတို့ မြန်မာများ ကြည့်ရှုခံစားနိုင်ရုံသာမက  နှစ်နိုင်ငံပြည်သူများ အချင်းချင်းအကြား ခိုင်မြဲသည့်  ချစ်ကြည်ရင်းနှီးမှုကိုလည်း ထပ်လောင်းအတည်ပြုနိုင်မည်ဖြစ်ကြောင်း။

အနုပညာဆိုသည်မှာ လူသားတို့၏ ယဉ်ကျေးမှုနှင့် စိတ်ဝိညာဉ်ကို ဖော်ပြလျက်ရှိကြောင်း၊ အနုပညာသည် အတားအဆီး အားလုံးကိုကျော်ဖြတ်ပြီး  အလှတရား၊ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းမှုတို့ကို မျှဝေခံစားစေခြင်းဖြင့် လူသားအားလုံးကို ချစ်ကြည်ရင်းနှီးမှုဖြင့် ပေါင်းစည်းပေးပါကြောင်း၊ ထို့ကြောင့် ယနေ့ဖျော်ဖြေပွဲသည် ယဉ်ကျေးမှုဖလှယ်ရေး၊ ဖျော်ဖြေရေး သက်သက်သာမဟုတ်ဘဲ မိမိတို့နှစ်နိုင်ငံ အကြား နွေးထွေးရင်းနှီးသည့်ဆက်ဆံရေး ကို များစွာအထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း။

ထို့ကြောင့် အားလုံးအတွက် တေးဂီတ၊ ခင်မင်မှု၊ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည့် မင်္ဂလာအချိန်အခါဖြစ်ပါစေဟု ဆုတောင်းလိုက်ပါကြောင်း၊ ယနေ့ဖျော်ဖြေ ပွဲမှသည် ရှေ့ဆက်၍ မိမိတို့ဒေသများအကြားဆက်လက်ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုအတွက် စိတ်အားထက်သန်မှုများကို ထပ်လောင်းအားဖြည့်နိုင်ပါစေကြောင်းနှင့် မြန်မာနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသတို့အကြား ကောင်းမွန်ခိုင်မာပြီး နောင်မျိုးဆက်သစ် များစွာတိုင် ဆက်လက်ရှင်သန်ထွန်းကား ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ဖြင့် ပြောကြားသည်။

ယင်းနောက် နိုဗိုစီဗစ်ဒေသအုပ်ချုပ် ရေးမှူးက နှုတ်ခွန်းဆက်စကားပြန်လည် ပြောကြားရာတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားမှုအရ ယခုကဲ့သို့ထူးခြားလှပသည့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ရရှိသည့်အတွက် စိတ်ရင်းမှန်ဖြင့်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ဆိုက်ဘေးရီးယားလူမျိုးများကို ဧည့်ဝတ်ကျေပွန်စွာ ကြိုဆိုဧည့်ခံမှု၊ မိမိတို့၏ယဉ်ကျေးမှုနှင့် အနုပညာအပေါ် စိတ်ဝင်စားမှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များသည် ကြွယ်ဝမှုနှင့်နက်ရှိုင်းမှုတို့၌ ထင်ရှားပေါ်လွင်အံ့သြဖွယ်ရာဖြစ်ပြီး ယခုကဲ့သို့ ကြွယ်ဝမှုများသည် မြန်မာနိုင်ငံသားတို့၏ ရိုးသားပွင့်လင်းမှုများကို တွေ့မြင်စေရပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏နယ်မြေပေါ်တွင် လူမျိုးပေါင်းတစ်ရာကျော်မျှ နေထိုင်ကြသော်လည်း မိမိတို့အားလုံးသည် တူညီသောသမိုင်းကြောင်းနှင့် တူညီသောကံကြမ္မာတို့ဖြင့် စည်းလုံးညီညွတ်လျက်ရှိပါကြောင်း။

“Chaldony”ဟူသောအမည်သည် မိမိတို့နိုင်ငံ၏သမိုင်းနှင့် နက်ရှိုင်းစွာဆက်စပ်နေပြီး ရှေးဟောင်းဆိုက်ဘေးရီးယားလူမျိုးများ၊ ရုရှားလူမျိုးများ၊ ဆိုက်ဘေးရီးယား၏ ပထမဆုံးအောင်နိုင်သူများကို ကိုယ်စားပြုပါကြောင်း၊ အဆိုပါအဖွဲ့ဟာ ရိုးရာဓလေ့များကို ဂရုတစိုက်ထိန်းသိမ်းပြီး ဆိုက်ဘေး ရီးယား၏သီချင်းနှင့်  ဂီတအမွေအနှစ်ကို ကိုယ်စားပြုပါကြောင်း၊ ယနေ့တွင် မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ၌ ဂုဏ်ယူစွာဖျော်ဖြေ တင်ဆက်ပေးမည်ဖြစ်ပြီး ဆိုက်ဘေးရီးယား ယဉ်ကျေးမှု၊ အနုပညာနှင့် အပျော်ရွှင်ဆုံးရင်းနှီးမှုရရှိပါစေရန်  ဆုတောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊   တက်ရောက် လာကြသူများသည် နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များ၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန မှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက် မှုများကို ကြည့်ရှုအားပေးကြသည်။

ထိုသို့ ဖျော်ဖြေတင်ဆက်ကြရာတွင် နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များက အဆိုအကနှင့် ဂီတအနုပညာများကို သဟဇာတဖြစ်စွာဖြင့် ကြွယ်ဝများပြားလှသည့်ဂန္ထဝင်ပုံစံများ၊ ရိုးရာဓလေ့ပုံစံများကို အခြေခံ၍ ရုရှားရိုးရာတေးသီချင်းများ၊ ဆိုက်ဘေးရီးယားဒေသ ဂီတနှင့် တေးသီချင်း များကို ရင်သပ်ရှုမောဖွယ်လှုပ်ရှားမှုများဖြင့် တင်ဆက်ခဲ့ကြသည်။ ထို့ပြင် “ပေါင်မုန့်သည် အရာရာ” ဟု အမည်ရသည့်တေးသီချင်း ဖြင့် ဖျော်ဖြေတင်ဆက်မှုအပြီး၌ နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီးတို့ထံသို့  ဧည့်ဝတ်ကျေပွန်မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို ကျေးဇူးတင်ရှိပြီး နွေးထွေးမှုနှင့်ပျော်ရွှင်မှုတို့ကို မျှဝေလိုသည့်အနေဖြင့် ရုရှားရိုးရာဓလေ့ထုံးတမ်းစဉ်လာဖြစ်သည့်  ပေါင်မုန့်နှင့် ဆားတို့ကိုယူဆောင်၍ တည်ခင်းဧည့်ခံဂါရဝပြုကြသည်။

ဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များ အားလည်းကောင်း၊ နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှူးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များအားလည်းကောင်း  ဂုဏ်ပြုပန်းခြင်းများကိုပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့သည် ယဉ်ကျေးမှုအထိမ်း အမှတ်လက်ဆောင်များကို အပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် အထူးဖန်တီးထားသည့် “လတ်တီး” သီချင်းဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ဖျော်ဖြေပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။