ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ   မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား –

ယနေ့ကျရောက်သည့် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့၏ နေ့ထူးနေ့မြတ်အခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေနှင့် ကိုယ်ပိုင်ဘာသာစကားများကို ပိုင်ဆိုင်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ပါသည်။ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးတို့သည် နိုင်ငံ၏နေရာဒေသအသီးသီးတွင် ယှဉ်တွဲစုပေါင်း၍ စည်းလုံးညီညွတ်စွာနေထိုင်လာခဲ့သည်ကို သမိုင်းအထောက်အထားများကခိုင်မာစွာ သက်သေပြလျက်ရှိပါသည်။

ကရင်ပြည်နယ်တွင်လည်း ကရင်တိုင်းရင်းသားတို့သည် ရှေးယခင်ကတည်းကပင် အခြားပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူချစ်ခင်ရင်းနှီးစွာ အတူတကွနေထိုင်လာခဲ့ကြပါသည်။ ၁၈၈၅ ခုနှစ်တွင် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး ကိုလိုနီနယ်ချဲ့လက်အောက်သို့ကျရောက်ခဲ့ရသည်။ ထိုသို့လွတ်လပ်ရေးဆုံးရှုံးပြီးနောက် ပြည်ထောင်စုကြီး၏ ဒေသအသီးသီးတွင်နေထိုင်သည့် တိုင်းရင်းသားလူမျိုးများသည် သူ့ကျွန်မခံလိုသည့်စိတ်ဓာတ်ဖြင့် ကိုလိုနီနယ်ချဲ့တို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ကြပြီး လွတ်လပ်ရေးကို အတူတကွရယူခဲ့ရာတွင်လည်း ကရင်တိုင်းရင်းသားများသည် မျိုးချစ်စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းနှင့်ပြည်နယ်များ ဖွဲ့စည်းတည်ထောင်ခဲ့ရာ ကရင်တိုင်းရင်းသား အများစုနေထိုင်သည့်ဒေသများကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် စတင်ဆောင်ရွက်ခဲ့ကြပါသည်။

၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေ အမှတ် ၆၂ အရ သံလွင်ခရိုင် ဖာပွန်ဒေသကို  ကရင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ယင်းနောက် ၁၉၅၂ ခုနှစ်၊ ကရင်ပြည်နယ်တိုးချဲ့ သတ်မှတ်ရေးအက်ဥပဒေအမှတ် ၁၄ အရ သံလွင်ခရိုင်နှင့် ဆက်စပ်ဒေသများဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဘားအံမြို့နယ်နှင့်  သံတောင်ကြီးမြို့နယ်တို့ကို ဒုတိယအဆင့်တိုးချဲ့သတ်မှတ်ခဲ့ပြီး  ၆ မြို့နယ်ဖြင့်လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့တွင် မြဝတီမြို့အား မြို့နယ်တစ်ခုအဖြစ်သတ်မှတ်ခဲ့၍  စုစုပေါင်းမြို့နယ် ၇ မြို့နယ်ဖြင့်လည်းကောင်း အဆင့်ဆင့်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ကရင်ပြည်နယ်ကို မွေးဖွားသန့်စင်ခဲ့သည့်နေ့ ရာသီအချိန်အခါအရ ဆောင်းဦးကာလ၊ သာယာသည့်အချိန်အဖြစ်သတ်မှတ်ကာ ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်မှစတင်၍ ကရင်ပြည်နယ်နေ့ကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ဂုဏ်ယူကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်(၇၀)ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

ကရင်ပြည်နယ်အတွင်းတွင် ကရင်တိုင်းရင်းသားများနှင့်အတူ ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ မွန် အစရှိသည့်တိုင်းရင်းသားများသည်  အတူတကွ ချစ်ကြည်အေးချမ်းစွာနေထိုင်လျက်ရှိကြပါသည်။ ကရင်ပြည်နယ်သည် နိုင်ငံ၏အရှေ့တောင်ဘက်တွင်တည်ရှိပြီး ရာသီဥတုမျှတကောင်းမွန်၍ သဘာဝအရင်းအမြစ်များဖြစ်သည့် မြစ်ချောင်းများ၊ ရေတံခွန်စိမ့်စမ်းများ၊ မြင့်မားစိမ်းစိုသည့် တောင်တန်းများ၊  စိမ်းလန်းစိုပြည်သောသစ်တောများရှိသည့်အပြင် ဇွဲကပင်တောင်၏ သဘာဝအလှတရားသည်လည်း ကရင်ပြည်နယ်၏အမှတ်သင်္ကေတတစ်ခုအဖြစ် တည်ရှိပါသည်။ ထို့ပြင် တန်ဖိုးမဖြတ်နိုင်သည့်ရှေးဟောင်းအမွေအနှစ်များဖြစ်သည့် စေတီပုထိုးများနှင့် လှပသောသဘာဝလိုဏ်ဂူများ၊ ချစ်ခင်မြတ်နိုးဖွယ်ရာ  ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို ပိုင်ဆိုင်ထားသည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။ ကရင်တိုင်းရင်းသားဆိုသည်နှင့် ရွှင်မြူးတက်ကြွဖွယ် ကရင်ဒုံးအကသည် ဖားစည်သံနှင့်အတူ ဇွဲကပင်တောင်တည်ရှိရာနေရာ အထင်ကရဒေသအဖြစ်  ပြည်တွင်း၌သာမက ပြည်ပတွင်ပါ ထင်ရှားပါသည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကိုလိုနီနယ်ချဲ့တို့၏သွေးခွဲအုပ်ချုပ်ခဲ့မှုအမွေဆိုးကြောင့် တိုင်းရင်းသားညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားကာ ကရင်ပြည်နယ်အတွင်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့သည်မှာ ယခုတိုင်ဖြစ်ပါသည်။ နိုင်ငံတော်၏ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များတည်ငြိမ်မှုရှိစေရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

သို့သော်လည်း ၂၀၂၀ ပြည့်နှစ် မဲမသမာမှုများကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်ယူပြီးနောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည် အမှန်တရားကို မျက်ကွယ်ပြု၍ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ကြသည်မှာ ကရင်ပြည်နယ်အပါအဝင်ဖြစ်ပါသည်။ ထို့ကြောင့် ယခင်က တည်ငြိမ်အေးချမ်းမှုရှိခဲ့ပြီး တိုင်းရင်းသားပြည်သူများ  အေးချမ်းလွတ်လပ်စွာသွားလာနေထိုင်ခဲ့သည့် ကရင်ပြည်နယ်ဒေသအချို့မှာ ယခုအခါ တည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခခံစားနေရသည်မှာ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ပါသည်။ ထို့ကြောင့် အမှန်ကို အမှန်အတိုင်း ရှုမြင်ပြီး ပြည်နယ်အေးချမ်းသာယာရေးနှင့်တည်ငြိမ်အေးချမ်းရေးကိုအလေးထားဆောင်ရွက်ကြရန် အချိန်အခါဖြစ်ကြောင်း သက်ဆိုင်သူများအား အသိပေးပြောကြားလိုပါသည်။

နိုင်ငံတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရှိလာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခက်အခဲများကြားမှ ပိုမိုကြိုးစားဆောင်ရွက်သွားမည်သာဖြစ်ပါသည်။ ထို့ပြင် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး   ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဟူသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များနှင့်အညီ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေပြီဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက်အမှတ်(၅၅/၂၀၂၅)ဖြင့်  လွှတ်တော်အသီးသီးအတွက်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ်(၁၀၂)မြို့နယ်၌ စတင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ်(၁၀၀)မြို့နယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကာ ဆက်လက်ကျင်းပပြုလုပ်မည့်အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာပြီးဖြစ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသော၊ ဂုဏ်သိက္ခာရှိသော အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးအတွက် လူတစ်ဦးချင်းစီ၏ လူမှုစီးပွားတိုးတက်ရေးကိုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး၊  ပြည်နယ်အလိုက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ရည်မှန်းချက်များချမှတ်ပြီး  အောင်မြင်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော်အစိုးရကိုဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်ဖျက်ဆီးမှုအန္တရာယ်များကိုလည်းတွန်းလှန်ချေမှုန်းလျက်ရှိရာ တိုင်းရင်းသားပြည်သူများကပါပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အလေးထားတိုက်တွန်းအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများနှင့်အတူ နိုင်ငံနှင့်လူမျိုးအပေါ်ကျရောက်လာမည့် မည်သည့်အခက်အခဲအကျပ်အတည်း၊  စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏  စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်အခြေခံတို့ဖြင့်လက်တွဲညီညီပူးပေါင်းရင်ဆိုင်ကျော်လွှားနိုင်ကြမည်ဟု ယုံကြည်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ

ယခုထက်ပို၍ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ကရင် ပြည်နယ်ဖြစ်ပေါ်လာစေရေးအတွက် ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ ထို့ပြင် ယနေ့အချိန်တွင် တိုင်းရင်းသားပြည်သူများလိုလားတောင့်တနေသော နိုင်ငံတော်ကြီးအား စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးအဖြစ်တည်ဆောက်နိုင်ရန်အတွက် တွေ့ကြုံလာရမည့် အခက်အခဲများနှင့်စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး၏ စုပေါင်းစွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။

ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူအားလုံး ယနေ့ကျရောက်သော နှစ်(၇၀)ပြည့် ကရင်ပြည် နယ်နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို ရယူ ခံစားနိုင်သူများဖြစ်ကြပါစေ၊ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် သော ဂုဏ်ယူဖွယ်ရာ ပြည်နယ်ကြီးအဖြစ်တည်ရှိနေစေရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဖော်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

                       ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

                              သတိုးသီရိသုဓမ္မမင်းအောင်လှိုင်

              ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

                ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။