ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မအူပင်မြို့ရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြား

ဧရာဝတီတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏စပါးကျီတစ်ခုဖြစ်၊ပေါ်ဆန်းမွှေးစပါးစိုက်ပျိုးမှုနှင့် ပတ်သက် ၍ ပြည်ပသို့တင်ပို့နိုင်ရေး ပိုမိုတိုးတက်စိုက်ပျိုး ဆောင်ရွက်သွားရန်လို

နေပြည်တော် နိုဝင်ဘာ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ အား ယနေ့မွန်းလွဲပိုင်းတွင် တိုးရွှေဝါန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယန်ကြီးများ၊ မအူပင်မြို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်။

2

ဦးစွာ မအူပင်ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက်များ၊ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေ အနေများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ကဏ္ဍကြီးများအလိုက်ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ သီးနှံများပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အရန်ဆန်များသိုလှောင်ထားရှိမှု၊ ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ ငါးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများထုတ်ချေးပေးထားမှု၊ လျှပ်စစ် ဓာတ်အားလုံလောက်စွာရရှိရေးဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ One Region One Product(OROP) လုပ်ငန်းများနှင့် MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ မအူပင်မြို့နယ် အားကစားကွင်းအား အဆင့်မြှင့်တင်ပေးရန်လိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးအတွက် စိုက်ပျိုးရေးတောင်သူများအား ချေးငွေများတိုးမြှင့်ထုတ်ချေးပေးစေလိုမှု၊ စပါးအခြောက်ခံစက်များလိုအပ်လျက်ရှိမှု၊ ငါးမွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် ငါးစာများလုံလောက်စွာထုတ်လုပ်ရရှိနိုင်ရေး ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လိုအပ်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးမှုကြောင့် မွေးမြူရေးလုပ်ငန်းများတိုးတက်လာမှုနှင့်မြေနေရာများထပ်မံလိုအပ်လျက်ရှိမှု၊ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကန်ပေါင်များပေါ်၌ ဝါးပင်များစိုက်ပျိုးခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်မှု၊ အုန်းချိုမွှေးများစိုက်ပျိုးဖြစ်ထွန်းလျက်ရှိမှု၊ ဈေးကွက်သို့ဖြန့်ဖြူးရောင်းချလျက်ရှိမှုနှင့် ပြည်ပဈေးကွက်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေများကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိမှု၊ စပါးအခြောက်ခံစက်နှင့် သီးနှံအခြောက်ခံစက်များ လိုအပ်မှုနှင့်ပတ်သက်၍ လိုအပ်ပါက ပြည်ပမှမှာယူတင်သွင်းဆောင်ရွက်ပေးနိုင်ပြီးအစုအဖွဲ့ဖြင့်သော်လည်းကောင်း၊တစ်ဦးချင်းအနေဖြင့်လည်းကောင်း ဝယ်ယူနိုင်မှု၊ မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်အတွက် လိုအပ်သည့်မြေနေရာများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်နိုင်မှု၊ ဆန်၊ စပါး Export Zone ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ပေါ်ဆန်းမွှေးစပါးများပိုမို တိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မအူပင်ဒေသသည်ဧရာဝတီတိုင်းဒေသကြီး၏ အရေးပါသည့်နေရာတွင်တည်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)အား ၂၀၂၁ ခုနှစ်ခန့်ကတည်းကဖွင့်လှစ်ရန် ရည်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကစီးပွားရေးအဖြစ် ဆောင်ရွက်ကြခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးပညာရှင်လူသားအရင်းအမြစ်များစွာ လိုအပ်ကြောင်း၊ထို့ကြောင့် မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာနည်းလမ်းများ ဖြင့်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ခေတ် အဆက်ဆက်တွင် ခေတ်မီစိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို ဖော်ဆောင်ခဲ့ကြသော်လည်း ထင်သလောက်အောင်မြင်မှုမရရှိခဲ့ ကြောင်း၊ အများစုမှာကျေးလက်တွင်နေထိုင်ကြသူများဖြစ်ပြီးခေတ်မီသည့်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ရန် စိန်ခေါ်မှုများရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ်များအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း။

ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် မိမိတို့အနေ ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အချိုးညီညီတိုးတက်စေရေး တက္ကသိုလ်များကိုဖွင့်လှစ်ထားသော်လည်း အချို့ပြည်နယ်များတွင် ကျောင်းသား၊ ကျောင်းသူတက်ရောက်မှုနည်းပါးနေကြောင်း၊ ထို့ကြောင့်ပိုလီတက္ကနစ်နည်းပညာတက္ကသိုလ်များကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်များကိုလည်း ထပ်မံဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် တက္ကသိုလ်များ၊ ကောလိပ်များကိုတက်ရောက်ပြီး အဆင့်မြင့်ပညာရပ်များကိုသင်ကြားနိုင်ကြောင်း၊ တန်းစဉ်ကူးပြောင်းမှုနှုန်းနည်းပါးလာခြင်းကြောင့် တက္ကသိုလ်သို့တက်ရောက်သင်ကြားသူများ နည်းပါးလာခြင်းဖြစ်ကြောင်း၊ တန်းစဉ်ကူးပြောင်းမှုနှုန်းမြင့်မားအောင် ဆောင်ရွက်ခြင်းဖြင့် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝလာမည်ဖြစ်ကြောင်း၊ ပညာတတ်လူသားအရင်းအမြစ်များပေါများစေရေး မအူပင်ခရိုင်အနေဖြင့်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးသည် မိမိတို့ နိုင်ငံ၏စပါးကျီတစ်ခုဖြစ်ကြောင်း၊ထို့ကြောင့်သီးနှံများထွက်ရှိမှုသည် ထိုက်သင့်သည့် အထွက်နှုန်းဖြစ်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး အတွက် မည်သို့ဆောင်ရွက်၍ရမည်ကို စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ ပေါ်ဆန်းမွှေးစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပြည်ပသို့တင်ပို့နိုင်ရေး ပိုမိုတိုးတက်စိုက်ပျိုး ဆောင်ရွက်သွားရန်လိုကြောင်း၊ အထွက်နှုန်းကောင်းမွန်ရေးနှင့်ပတ်သက်၍လည်း စနစ်တကျ စမ်းသပ်ထားရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပေါ်ဆန်းမွှေးစိုက်ပျိုး၍ရသည့် ဒေသများတွင် ပေါ်ဆန်းမွှေးစပါးများကို စနစ်တကျဖြင့် ဆောင်ရွက်သွားကြရန်လို ကြောင်း။

ပေါ်ဆန်းမွှေးစပါးကိုသာမက အခြား သီးနှံများကိုလည်း အထွက်နှုန်းကောင်းမွန်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည့်နည်းလမ်း(၄)သွယ်ဖြင့် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များရရှိရမည်၊ မြေအခြေအနေကောင်းမွန်ရမည်၊ရေလုံလောက်စွာရရှိရမည်၊နည်းစနစ်တကျဖြင့်စိုက်ပျိုးထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊စိုက်ပျိုးရေးနှင့်ပတ်သက်၍ အထက်ပါ နိယာမများကိုလိုက်နာဆောင်ရွက်သွားမည်ဆိုပါက မိမိတို့စိုက်ပျိုးသည့်သီးနှံများ များစွာတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တောင်သူတစ်ဦးချင်းစိုက်ပျိုးရေးအသိပညာပေးခြင်းကိုလည်းဆောင်ရွက်ပေးရန်လိုကြောင်း။

မိမိတို့နိုင်ငံမှထွက်ရှိသည့် ကော်ဖီသည် နိုင်ငံတကာဈေးကွက်ဝင်သည့် ကော်ဖီ ဖြစ်ကြောင်း၊ အများအားဖြင့် ကုန်းမြင့်ကော်ဖီကို စိုက်ပျိုးကြကြောင်း၊ မအူပင်မြို့နယ်အတွင်း ဥယျာဉ်ခြံစိုက်ပျိုးသည့်ဧက ၂ သောင်းခန့်ရှိသည်ကိုတွေ့ရှိရသဖြင့် အဆိုပါဥယျာဉ်ခြံများအတွင်း မြေနိမ့်ကော်ဖီ(ရိုဘက်စတာမျိုး)များကို စိုက်ပျိုးဆောင်ရွက်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး ပြည်ပပို့ကုန်များ ပိုမိုတိုးတက်ရရှိမည်ဖြစ်ကြောင်း။

အုန်းချိုမွှေးစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အကျိုးများစွာဖြစ်ထွန်းစေကြောင်း၊ အုန်းနှင့်ပတ်သက်သည့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်သဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးကြ စေလိုကြောင်း၊ အုန်းထွက်ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံအတွက် နိုင်ငံခြားငွေများရရှိမည်ဖြစ်ကြောင်း၊ ဒေသအလိုက် အရိပ်ရလေကာပင်များ စိုက်ပျိုး ကြရန်လိုကြောင်း၊ သဘာဝဘေးဒဏ်ကျရောက်ချိန်တွင် အုန်းပင်များနှင့် အရိပ်ရ လေကာပင်များသည် ထိုက်သင့်သည့်အကာအကွယ်ပေးနိုင်ကြောင်း။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများကိုအောင်မြင်စွာဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရကြောင်း၊ အလားတူ ကြက်၊ ဝက်၊ နွား၊ ဘဲမွေးမြူခြင်းများနှင့်ပတ်သက်၍လည်း ပိုမိုတိုးတက်မွေးမြူဆောင်ရွက်ကြစေလိုကြောင်း။

မြို့နှင့်ပတ်သက်၍ မြို့တွင်း၌ရေစီး ရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများကလည်းစနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန် လိုသကဲ့သို့ မြို့နေပြည်သူများကလည်းဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့နယ်အတွက်လိုအပ်သည့် ဘောလုံးအားကစားကွင်းနှင့်ပတ်သက်၍ စဉ်းစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မအူပင်မြို့ရှိတက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

လာမည့် ဒီဇင်ဘာလအတွင်း လွတ်လပ် ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ပြီး ထိုအချိန် ကတာဝန်ရှိသူများအနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်မှုမရှိခဲ့ခြင်းကြောင့် မိမိ တို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံးဆန္ဒမဲပေးကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ဆန္ဒမဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးထားပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်များကိုလည်း ဥပဒေနှင့်အညီ ဖြစ်စေရေး စိစစ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အဓိကအားဖြင့် တိုင်းပြည်နှင့် ဒေသအကျိုးကို စေတနာထား၍ ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနှင့်ကာကွယ်ရေးအမြင်ရှိသူများကို စဉ်းစားရွေးချယ်၍ဆန္ဒမဲပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကအခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အသေးစား၊ အငယ်စား၊ အလတ်စား(MSME) ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတွင် ခင်းကျင်းပြသထားသည့် ဒေသထုတ်ကုန်များ၊ လယ်ယာသုံးစက်ပစ္စည်းများ၊မွေးမြူရေးထုတ်ကုန်များ၊ စားသောက်ကုန်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။