ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr.Alexander Gregoryevich Lukashenko အနေဖြင့် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုခရီးစဉ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုကာလအတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတစ်ဦး၏ ပထမဆုံးသမိုင်းဝင်ခရီးစဉ်ဖြစ်
နေပြည်တော် နိုဝင်ဘာ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenkoဦးဆောင်သောအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာသောအထူးလေယာဉ်သည်ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံလေပိုင်နက်အတွင်းသို့စတင်ဖြတ်သန်းဝင်ရောက်လာရာမြန်မာ့တပ်မတော်(လေ)မှ စတုတ္ထမျိုးဆက်လွန် Su-30 SME ဘက်စုံသုံးအကြီးစားဂျက် တိုက်လေယာဉ် ၃ စီးက လိုက်ပါခြံရံပျံသန်းကြိုဆိုခဲ့ပြီး နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိဆင်းသက်သည်။
လေဆိပ်သို့ရောက်ရှိစဉ် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ ဦးဆောင်သည့်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့ပြင် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ကော်ဇောနီလျှောက်လမ်း တစ်လျှောက်အလေးပြုကြိုဆိုကြပြီးတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့များက ရိုးရာယဉ်ကျေးမှုအကအလှတို့ဖြင့်ကြိုဆိုကပြဖျော်ဖြေကြကာကျောင်းသား/ ကျောင်းသူများက နှစ်နိုင်ငံအလံများဝှေ့ယမ်းကာ “ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး ကျန်းမာပါစေ၊ နှစ်နိုင်ငံချစ်ကြည်ရေးအဓွန့်ရှည်ပါစေ” ဟုကြွေးကြော်၍လည်းကောင်း၊ လမ်းဘေးဝဲယာ တစ်လျှောက် နှစ်နိုင်ငံအထိမ်းအမှတ်အလံများစိုက်ထူခြင်း၊ ရောင်စုံမီးအလှဆင်ထားရှိခြင်း၊ “ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတအလက်ဇန္ဒား လူကာရှန်ကိုအား မြန်မာနိုင်ငံမှ လှိုက်လှဲစွာကြိုဆိုပါ၏” ဟုရေးသားဖော်ပြကြိုဆိုထားသည့် LED ပိုစတာကြီးများ စိုက်ထူခြင်းဖြင့်လည်းကောင်းသောင်းသောင်းဖြဖြကြိုဆိုကြသည်။
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့၏ သံတမန်ဆက်ဆံမှုမှာ ၂၆ နှစ်တာကာလသို့ရောက်ရှိခဲ့ပြီဖြစ်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ၏ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးနှစ်ကြိမ်သွားရောက်ခဲ့ပြီး ယခုအခါ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko အနေဖြင့် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုခရီးစဉ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုကာလအတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတစ်ဦး၏ ပထမဆုံးသမိုင်းဝင်ခရီးစဉ်ဖြစ်ကြောင်း၊ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိစဉ်အတွင်း ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်တွေ့ဆုံ၍နှစ်နိုင်ငံအကြား ချစ်ကြည် ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခြင်း၊ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယခုကဲ့သို့ချစ်ကြည်ရေးခရီးစဉ် လာရောက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုဆိုင် ရာများ အပြန်အလှန်ဖလှယ်နိုင်ခြင်း၊ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုနည်းပညာများအပြန်အလှန်ဖလှယ်နိုင်ခြင်းနှင့် နှစ်နိုင်ငံအကြားနယ်ပယ်ပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။


