ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီး ဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး 

ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိစွာအသုံးချ၍ ပန်းမြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီအောင် ဖော်ဆောင်သွားကြရမည်ဖြစ်

နေပြည်တော်   ဒီဇင်ဘာ    ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့၊  အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများအားသွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား ကန်တော်ကြီးဥယျာဉ်ရှင်းလင်းဆောင်ခန်းမ၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာသောင်းနိုင်ဦးနှင့် ဥယျာဉ်တာဝန်ခံကုမ္ပဏီမှအမှုဆောင်အရာရှိချုပ်  ဦးရာဇာထွေးတို့က၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့၌ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကန်တော်ကြီးဥယျာဉ်သို့ လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ထားရှိမှုအခြေအနေများ၊အမျိုးသားကန်တော်ကြီးဥယျာဉ် (၁၈) ကြိမ်မြောက်ပန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့်  ကျင်းပပြုလုပ်နိုင်ရန်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြကွက်များအလိုက် အလှပန်းမန်များ စိုက်ပျိုး ထားရှိမှုအခြေအနေများ၊ လာရောက်အပန်းဖြေအနားယူကြမည့်သူများအတွက် ဂီတ ဖျော်ဖြေပွဲများ ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပန်းပွဲတော်တေးသီချင်း စီစဉ်ရိုက်ကူးထားရှိမှုအား တင်ပြသည်။

တင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်ရမည်ဖြစ်ပြီး ဒေသပန်းမျိုးများ၊ နိုင်ငံခြားဖြစ်ပန်းမျိုးများအားလုံးဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်၍ အခြားဒေသများသို့  ဖြန့်ချိနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပနိုင်ငံများသို့လည်း ပန်းများကို တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့်ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိစွာအသုံးချ၍ ပန်းမြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီအောင် ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊  ပြင်ဦးလွင်ဒေသအတွင်းပန်းစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး ကျွမ်းကျင်ပညာရှင်များဖြင့် စနစ် တကျဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသပန်းမျိုးများကို ထိန်းသိမ်းခြင်းနှင့် အရောင်အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေးတိုးတက်အောင် သက်ဆိုင်ရာ သုတေသနအဖွဲ့များက ဆောင်ရွက်သွားရန်လိုသကဲ့သို့ အခြားဒေသမှ ပန်းမျိုးကောင်း၊ မျိုးသန့်များကိုလည်း ဒေသတွင်းအောင်မြင်ဖြစ်ထွန်းစွာဖြင့် ဖူးပွင့်နိုင်ရေး စမ်းသပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥယျာဉ်နေရာများ၌သာမကမြို့အတွင်းရှိ လမ်းများ၊ရပ်ကွက်များအတွင်း၌လည်း သစ်ပင်ပန်းမန်များစိုက်ပျိုး၍  မျက်စိပသာဒဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း။

ထို့ပြင် ပြင်ဦးလွင်မြို့၏ တောင်ဘက်ပိုင်း ၌ သစ်တောဖုံးလွှမ်းမှုရှိစေရေး ပြန်လည် ဆောင်ရွက်သွားရန်လိုပြီး ပြင်ဦးလွင်ဒေသ၏ စိမ်းလန်းစိုပြည်မှုနှင့် အေးမြသာယာသည့် ရာသီဥတုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့အတွင်း လမ်းဘေးများရှိသစ်ပင်များနှင့် ကန်တော်ကြီးဥယျာဉ်အတွင်းရှိ သစ်ပင်များကိုလည်း အောက်ခြေရှင်းခြင်း၊ အလင်းဖွင့်ခြင်းတို့ဆောင်ရွက်၍   လေဝင်လေထွက် ကောင်းမွန်အောင်  ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့်အခြားလိုအပ်သည်များကို   လမ်းညွှန်မှာကြားသည်။

ထို့နောက်  နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များသည် အမျိုးသား ကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှု၍ ရွှံ့နွံလျှောက်လမ်းဆောင်ရွက်ထားရှိမှု၊ ဥယျာဉ်အတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးထိန်းသိမ်းထားရှိမှုများ၊ ဒေသပန်းမျိုးများ သုတေသနစင်တာနှင့်စမ်းသပ်စိုက်ခင်းအတွင်း သုတေသနပြု စိုက်ပျိုးစမ်းသပ်ထားရှိမှု၊ ရေကန်ပတ်လမ်းများဆောင်ရွက်ထားရှိမှု  အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏  တင်ပြချက်များအပေါ် ဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး၊ရေစီးရေလာကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွှံ့နွံလျှောက်လမ်းပေါ်တွင် လူအများသွားလာကြမည်ဖြစ်သဖြင့်သစ်အမျိုးအစားကောင်းများအသုံးပြုခင်းကျင်းရန်နှင့် ကြံ့ခိုင်သပ်ရပ်မှုရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသပန်းမျိုးများအားစနစ်တကျသုတေသနပြုလုပ်၍ အပင်သက်တမ်း၊အပွင့်သက်တမ်းမြင့်မားစေရေး၊ပွင့်အားကောင်းမွန်မှုရှိစေရေးဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်ကန်တော်ကြီးပတ်လမ်းနှင့်ခြံစည်းရိုးဆောင်ရွက်ထားရှိမှုအားလျှောက်လမ်းတစ်လျှောက်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှောက်လမ်းနံဘေး၌အလှပန်းမန်များစိုက်ပျိုးသွားရန်၊ သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်သွားရန်၊ လမ်းလျှောက်သူများဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးအတွက် လိုအပ်သည်များဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြား သည်။

အဆိုပါ ကန်တော်ကြီးပတ်လမ်းခြံစည်းရိုးနှင့် လူသွားလမ်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံတော်အကြီးအကဲလာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားမှုဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးလူသွားလမ်းအကျယ် ၇ ပေမှ ၁၂ ပေ၊လမ်းအရှည် ၁၉၀၀ ပေရှိ လူသွားလမ်းနှင့်ခြံစည်းရိုးအားပြုပြင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လူသွားလမ်းအား ပြုပြင်တည်ဆောက်ခဲ့ခြင်းကြောင့် အများပြည်သူများ   ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့်ကန်တော်ကြီးပတ်လမ်းတစ်လျှောက်အနားယူအပန်းဖြေလမ်းလျှောက်ခြင်းများဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။