စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇)သင်တန်းဆင်းပွဲအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း
ရဲဘော်တို့
ဒီနေ့ဟာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇)ရဲ့ သင်တန်းဆင်းတဲ့နေ့ဖြစ်သလို အမိစစ်တက္ကသိုလ်မှာစာပေပညာ၊စစ်ပညာတွေကို သင်ကြားတတ်မြောက်ခဲ့ပြီးဖြစ်လို့ ရဲဘော်တို့ကို တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင်ငယ်တွေအဖြစ် တပ်မတော်ကစတင်တာဝန်ပေးအပ်တဲ့နေ့လည်းဖြစ်တယ်။ ဒါကြောင့် ဒီနေ့ဟာ ရဲဘော်တို့အတွက် ဘဝမှတ်တိုင်သစ် စိုက်ထူနိုင်တဲ့နေ့ဖြစ်တဲ့အပြင်နိုင်ငံတော်နဲ့ တပ်မတော် အတွက်လည်း ခွန်အားသစ်တွေ တိုးပွားတဲ့ နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုတယ်။
ရဲဘော်တို့
အမိစစ်တက္ကသိုလ်ကြီး ကနေ“တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ ရဲဘော်တို့ကို တပ်မတော်ရဲ့ခေါင်းဆောင်ငယ်များအဖြစ် မွေးထုတ်ပေးခဲ့ပြီးဖြစ်တယ်။ ဒီလို ကောင်းမွန်တဲ့ရည်ရွယ် ချက်တွေနဲ့ မွေးဖွားလာတဲ့ရဲဘော်တို့ဟာ တာဝန်ကျရာ တပ်အသီးသီးမှာ ပေးအပ်လာတဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ရင်း “သစ္စာ၊ သူရ၊ သိပ္ပ” အရာမှာ စံတင်ဂုဏ်ပြုထိုက်သူများ ဖြစ်အောင် ကြိုး ပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုတယ်။
ရဲဘော်တို့
တပ်မတော်ရဲ့ အဓိကလုပ်ငန်းကြီး ၃ ခုကို စတင်ထမ်းဆောင်ကြရတော့မယ့် ရဲဘော်တို့ဟာ ခေါင်းဆောင်မှုပညာရပ်ကိုလည်း နားလည်တတ်ကျွမ်းထားဖို့လိုအပ်တယ်။ ခေါင်းဆောင်မှုဆိုတာ မွေးရာပါ အရည်အချင်းမဟုတ်ဘဲ ကိုယ်တိုင်လေ့လာ၊ ကျင့်ကြံ၊ ကြိုးစားအားထုတ်ပြီး ရယူရတာဖြစ်လို့ ရဲဘော်တို့အနေနဲ့ တပ်မတော်မှာပြဋ္ဌာန်းထားတဲ့ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နဲ့ကိုက်ညီအောင် ကိုယ်တိုင်ကြိုးစားလုပ်ဆောင်သွားကြရမှာဖြစ်တယ်။ အထူးသဖြင့် ခေါင်းဆောင်လုပ်သူဟာ လက်အောက်ငယ်သားတွေရဲ့ စိတ်ဓာတ်နဲ့စွမ်းရည်ကို စနစ်တကျစုစည်းပြီး ပေးအပ်လာတဲ့ ရည်မှန်းချက်တာဝန်တွေကို အောင်မြင်အောင်ထမ်းဆောင်ကြရမှာဖြစ်တာကြောင့်ရဲဘော်တို့အနေနဲ့မိမိခေါင်းဆောင်ရတဲ့အဖွဲ့အစည်းကိုအမြဲစည်းလုံးညီညွတ်မှုရှိနေအောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်။
အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ တပ်ဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ စိတ်နေသဘောထား၊ လုပ်ဆောင်နိုင်စွမ်း များနဲ့ အားနည်းချက်/ အားသာချက်များကို သိရှိအောင်လေ့လာပြီး လူမှန်/ နေရာမှန် တာဝန်ပေးအပ် နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမှာဖြစ်သလို လက်အောက်ငယ်သားတွေကို ကျောသားရင်သားမခွဲခြားဘဲ ညီညွတ်မျှတစွာ ကွပ်ကဲအုပ်ချုပ်သွားရမှာလည်းဖြစ်တယ်။ ဒါ့အပြင် လက်အောက်ကို မှန်ကန်တဲ့ ခေါင်းဆောင်မှုပေးနိုင်ဖို့ဆိုရင် ရဲဘော်တို့မှာ တည်ကြည် ရိုးသားမှုနဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကိုယ်ကျင့် တရားရှိဖို့လည်းလိုအပ်တယ်။
မည်သည့်လုပ်ငန်းတာဝန်မဆို ရိုးသားတဲ့စိတ်ကိုအခြေခံပြီး မှန်ကန်စွာလုပ်ဆောင်မှသာ အောင်မြင်မှု ရရှိနိုင်မှာဖြစ်တယ်။
မရိုးဖြောင့်တဲ့စိတ်နဲ့လုပ်တဲ့ လုပ်ငန်းတိုင်းဟာ အောင်မြင်မှုမရနိုင်တဲ့အပြင် ရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်များသာဖြစ်ပြီး ရဲဘော်တို့ရဲ့ခေါင်းဆောင်မှုကိုလည်း ကျဆင်းစေမှာဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ နိုင်ငံတော်အပေါ်၊ တပ်မတော်၊ တပ်ရင်း/တပ်ဖွဲ့နဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ပြီး အခက်အခဲအကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့ရချိန် တိုင်းမှာ မှတ်ကျောက်အတင် ခံနိုင်တဲ့ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြဖို့ တိုက်တွန်းမှာကြားလိုတယ်။
ရဲဘော်တို့
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ဆုတ်ယုတ်မှုတို့ဟာ အဲဒီနိုင်ငံမှာမှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတွေရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနဲ့လည်း အများကြီးသက်ဆိုင်တယ်။ အလားတူပဲ အဖွဲ့အစည်းတစ်ခုရဲ့အောင်မြင်မှု၊ ကျရှုံးမှုတို့ဟာလည်း အဲဒီအဖွဲ့အစည်းအတွင်းမှာ ပါဝင်ဆောင်ရွက်နေသူတွေရဲ့ ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုအပေါ်မှာ များစွာမူတည်နေတာတွေ့ရတယ်။ ဒို့တပ်မတော်အနေနဲ့လည်း ယနေ့အချိန်အထိ မယိမ်းမယိုင် ရပ်တည်နိုင်ခြင်းဟာ ခေတ်အဆက်ဆက်တပ်မတော်သားတွေရဲ့ စည်းကမ်းလိုက်နာမှုနဲ့ အမိန့်နာခံတတ်မှုတို့ကြောင့်ပဲဖြစ်တယ်။ ဒါကြောင့် ဒို့တပ်မတော်ရဲ့အစဉ်အလာကောင်းတွေကို လက်ဆင့်ကမ်းထိန်းသိမ်းကြရမယ့် ရဲဘော်တို့ဟာ စည်းကမ်းအရာမှာ စံနမူနာပြ လိုက်နာကြဖို့လိုအပ်တယ်။
စည်းကမ်းဆိုရာမှာ အကြမ်းဖျင်းအားဖြင့် တိုက်တွန်းချက်စည်းကမ်း၊ တားမြစ်ချက် စည်းကမ်းဆိုပြီး နှစ်မျိုးရှိတယ်။ တိုက်တွန်းချက်စည်းကမ်းဆိုတာကတော့ ရဲဘော်တို့ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာကိုလုပ်ကြဖို့ တိုက်တွန်းထားတဲ့စည်းကမ်းတွေဖြစ်ပြီး တားမြစ်ချက်စည်းကမ်းဆိုတာကတော့ ရဲဘော်တို့မလုပ်ဆောင်သင့် မလုပ်ဆောင်ထိုက်တာကို မလုပ်ကြဖို့ တားမြစ်ထားတဲ့ စည်းကမ်းတွေပဲဖြစ်တယ်။
အထူးသဖြင့် ဒို့တပ်မတော်မှာ ပြဋ္ဌာန်းထားတဲ့ စစ်သည်တော်ကျင့်ဝတ်(၆၀)ပါးဟာ ရဲဘော်တို့ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာကို တိုက်တွန်းထားတဲ့ စည်းကမ်းချက်တွေဖြစ်လို့ ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာလိုက်နာသွားကြရမှာဖြစ်တယ်။ တပ်မတော်အက်ဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ ပြစ်မှု ၄၁ မျိုးနဲ့ သက်ဆိုင်တဲ့ပုဒ်မတွေကတော့ မလုပ်ဆောင်သင့် မလုပ်ဆောင်ထိုက်တာတွေကို တားမြစ်ထားတဲ့ စည်းကမ်းတွေဖြစ်တာကြောင့်ရဲဘော်တို့အနေနဲ့ အထူးရှောင်ကြဉ်သွားကြရမှာဖြစ်တယ်။ ဒါ့အပြင် တပ်မတော်သားတွေဖြစ်တဲ့ ရဲဘော်တို့ဟာ တပ်မတော်က ချမှတ်ပြဋ္ဌာန်းထားတဲ့ စစ်မြေပြင်စည်းကမ်းတွေ၊ လုပ်ငန်းခွင် စည်းကမ်းတွေကို လေးစားလိုက်နာကြရမှာဖြစ်သလို နယ်ဘက်ဆိုင်ရာ စည်းကမ်းဥပဒေတွေကိုလည်း လေးစားလိုက်နာသွားကြဖို့ အလေးထားမှာကြားလိုတယ်။
ရဲဘော်တို့
လေ့ကျင့်ရေးဆိုတာ “လေ့လာ၊လေ့ကျင့်၊ လိုက်နာ”ဆိုတဲ့ တပ်မတော်ရဲ့လုပ်ငန်းစဉ်သုံးရပ်မှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်လျက်ရှိသလို ဒို့တပ်မတော်ရဲ့ မြဲသုံးမြဲနဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ်မှာလည်း ပထမဆုံးအချက်အနေနဲ့ ဦးစားပေးထည့်သွင်းဖော်ပြထားတာကို တွေ့ရှိရမှာပဲဖြစ်တယ်။ ရဲဘော်တို့နေ့စဉ်လုပ်ဆောင်နေရတဲ့၊ လုပ်ဆောင်ဖို့စည်းကမ်းနဲ့အညီ သတ်မှတ်ထားတဲ့ သမားစဉ်လုပ်ငန်းများကို လိုက်ပါ၊ လိုက်နာလုပ်ဆောင်ခြင်းဟာ တစ်နည်းတစ်ဖုံအားဖြင့် လေ့ကျင့်နေခြင်းပဲဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောရရင် ဒို့တပ်မတော်ရဲ့အရေးကြီးဆုံးလုပ်ငန်းဟာ လေ့ကျင့်ရေးပဲဖြစ်တယ်။ ရဲဘော်တို့အနေနဲ့ မိမိတို့တစ်ဦးချင်းရဲ့အရည်အသွေးနဲ့ အရည်အချင်းတွေ တိုးတက်စေဖို့သာမက မိမိကွပ်ကဲအုပ်ချုပ်ရတဲ့တပ်ဖွဲ့ဝင်တွေရဲ့အရည်အသွေးနဲ့ အရည်အချင်းတွေကိုပါ တိုးတက်နေစေဖို့အတွက် လေ့ကျင့်မှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာပဲဖြစ်တယ်။
မိမိကိုပေးအပ်လာတဲ့တာဝန်တွေ ကျေပွန် အောင်ဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာကြံ့ခိုင်နေဖို့လည်းလိုအပ်တယ်။ ဒါကြောင့် နေ့စဉ်ပုံမှန်လုပ်ဆောင်ရမယ့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကိုမှန်မှန်ကန်ကန်လုပ်ဆောင်ကြဖို့လိုသလို ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့အရက်၊ဆေးလိပ်နဲ့ကွမ်းသုံးစွဲခြင်းတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းမှာကြားလိုတယ်။
ရဲဘော်တို့
မျက်မှောက်ခေတ်ကာလရဲ့တိုးတက်လာတဲ့နည်းပညာနဲ့ခေတ်မီစစ်လက်နက်ပစ္စည်းတွေဟာစစ်မှုရေးရာတွေကိုပြောင်းလဲလာစေပြီးပထဝီဝင် ကန့်သတ် ချက် တွေကိုပါ ကျော်လွန်လုပ်ဆောင်နိုင်နေပြီဖြစ်တယ်။ ယခင်က လူ/လက်နက်အင်အားနဲ့ သမားရိုးကျစစ်နည်းဗျူဟာ စတာတွေကို အခြေခံခဲ့တဲ့ စစ်မြေပြင်ကနေ ယနေ့ခေတ်မှာတော့ ဒရုန်းကဲ့သို့ နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများ လွှမ်းမိုးလာတဲ့အပြင် ဉာဏ်ရည်တုနည်းပညာ(AI)၊ဆိုက်ဘာ၊ အာကာသနဲ့ သတင်းအချက်အလက်ကဲ့သို့ စစ်ဆင်မှုနယ်ပယ်များ ပိုမိုကျယ်ပြန့်လာတာကိုလည်း တွေ့ရှိရတယ်။ တစ်နည်းအားဖြင့် လေကြောင်းအကဲသာမှု၊ အီလက်ထရောနစ် နည်းပညာသာလွန်မှု၊ လက်နက် ခဲယမ်းများ ခေတ်မီကောင်းမွန်မှုနဲ့ ထိရောက်တိကျမှုတို့ဟာ စစ်ပွဲရဲ့အနိုင်အရှုံးကို အဓိကအဆုံးအဖြတ်ပေးလျက်ရှိတယ်။ နည်းပညာတိုးတက်လာမှုနဲ့အတူ ပြောင်းလဲကျင့်သုံးလာတဲ့ စစ်နည်းဗျူဟာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို နားလည်တတ်ကျွမ်းပြီး ကျွမ်းကျင်စွာအသုံးချနိုင်ဖို့ ပညာရည်မြင့်မားနေဖို့လိုတယ်။
ခေတ်မီတပ်မတော်တည်ဆောက်ရာမှာပညာရည်မြင့်မားရေးဟာ လွန်စွာအရေးကြီး တာကြောင့် တပ်မတော်အနေနဲ့ အရာရှိ၊ စစ်သည်အားလုံးရဲ့ ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိတယ်။
တစ်ဖက်မှာလည်း ရဲဘော်တို့အနေနဲ့ သင်ကြားပေးလိုက်တဲ့ အတတ်ပညာတွေကို လက်တွေ့ဘဝနဲ့ပေါင်းစပ်ပြီး မိမိကိုယ်ကို အမြဲတိုးတက်နေအောင် လုပ်ဆောင်နေကြရမယ်။ ဗဟုသုတရရှိမယ့် စာပေတွေကိုဖတ်ရှုပြီး အသိဉာဏ်ပညာတွေ ကြွယ်ဝလာအောင် ကြိုးပမ်းအားထုတ်နေဖို့လိုအပ်တယ်။ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမယ့် အသိပညာနဲ့ အတွေးအမြင်ဆိုင်ရာစာပေတွေကိုလည်း လေ့လာဖတ်ရှုသွားရမှာဖြစ်တယ်။
အတတ်ပညာက လူတော်ဖြစ်စေနိုင်ပြီး အသိပညာက လူကောင်းဖြစ်စေနိုင်တာကြောင့် လူတော်လူကောင်းများဖြစ်လာစေဖို့ အတတ်ပညာရော၊ အသိပညာများပါ ကြွယ်ဝလာစေရန် ကြိုးစားလုပ်ဆောင်သွားကြဖို့ မှာကြားလိုတယ်။
ရဲဘော်တို့
တပ်မတော်ရဲ့ အဓိကတာဝန်ဟာနိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ဒီတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ဖို့ဆိုရင် ရဲဘော်တို့မှာ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဆိုတဲ့ စွမ်းရည်သုံးရပ်နဲ့ပြည့်စုံနေဖို့လိုအပ်တယ်။ စွမ်းရည်သုံးရပ်နဲ့ပြည့်စုံနေမှသာလျှင် ပေးအပ်တဲ့ အမိန့်နဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်မှာဖြစ်တယ်။ စွမ်းရည်သုံးရပ်လုံးဟာ တစ်ခုနဲ့တစ်ခုဆက်စပ်နေပြီး အုပ်ချုပ်ရေးစွမ်းရည်ကောင်းမွန်လာတာနဲ့အမျှ စစ်ရေးစွမ်းရည်တိုးတက်လာနိုင်သလို စည်းရုံးရေးစွမ်းရည်ကိုလည်း ပိုမိုကောင်းမွန်လာစေမှာဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ စစ်တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ စာပေပညာ၊ စစ်ပညာတွေကိုအခြေခံပြီး စွမ်းရည်သုံးရပ်နဲ့ပြည့်စုံတဲ့အရာရှိကောင်းတွေဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြဖို့ တိုက်တွန်းမှာကြားလိုတယ်။
ရဲဘော်တို့
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဆိုးဝါးစွာပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် တပ်မတော်က အမျိုးသားနိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ရချိန်မှာ အကြမ်းဖက် NUG၊ CRPH အဖွဲ့တွေက တပ်မတော်အနေနဲ့ ဒီမိုကရေစီနောက်ပြန်ဆွဲလုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်တွေကို လွဲမှားတဲ့မျှော်လင့်ချက်တွေနဲ့အတူ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ဆီတွန်းပို့ခဲ့ကြတယ်။ လက်နက်ကိုင်လမ်းစဉ်တွေကြောင့် မျှော်မှန်းတည်ဆောက်နေတဲ့ ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရတယ်။
ဒီလို လက်နက်ကိုင်လမ်းစဉ်နဲ့ဖြေရှင်းတဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ မည်သည့်ရလဒ်မျှ မထွက်ခဲ့တာကို သင်ခန်းစာယူဖို့လိုသလို ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင်လမ်းစဉ်ကြောင့် ဖြစ်တယ်ဆိုတာ အမှန်တိုင်းရှုမြင်ဖို့ အချိန်ကျနေပြီဖြစ်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဥပဒေဘောင်အတွင်းဝင်ရောက်လာဖို့ နိုင်ငံတော်က ကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားလိုတယ်။
တစ်ဖက်မှာလည်း ဒီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားတွေကို လက်ညှိုးထိုးပြီး NCA မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဟာ ရှိထားပြီးသား ကတိကဝတ်တွေကိုချိုးဖောက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်မှုပြုလုပ်ခဲ့ကြတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ်အခြေခံပြီး တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ကို ရှင်းလင်းတိကျစွာပြဋ္ဌာန်းထားပြီးဖြစ်တယ်။
ငြိမ်းချမ်းရေးဆိုတာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှသာရရှိနိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါ ဖြစ်ချင်တာတွေကို ပြောဆိုနေမယ့်အစား ဖြစ်သင့်တာတွေကိုပြောဆိုပြီး ဖြစ်နိုင်တာတွေကိုညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွားကြရမှာဖြစ်တယ်။ လက်တွေ့ကျပြီး အောင်မြင်ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြည်သူလူထုရဲ့ကောင်းကျိုးကို ရှေးရှုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အသိပေးပြောကြားလိုတယ်။
ရဲဘော်တို့
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၃၉ မှာ “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်”လို့ ပြဋ္ဌာန်းထားတယ်။ ဒို့နိုင်ငံရဲ့ကာကွယ်ရေးရည်မှန်းချက်တာဝန်ထဲမှာလည်း “နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတွင် ပြည်ပ အမှီအခိုကင်းစွာဖြင့် ပြည်တွင်းအင်အားစုများကိုအခြေခံ၍ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ကြိုးပမ်းဖော်ဆောင်ရန်” လို့ ဖော်ပြပါရှိတယ်။ လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေနဲ့ ဖြစ်ပျက်နေတဲ့ နိုင်ငံတကာအခြေအနေတွေအပေါ်မူတည်ပြီး ဒို့နိုင်ငံအပါအဝင် နိုင်ငံငယ်တွေရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟာ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ အင်အားစုများနဲ့ တည်ဆောက်သွားမှသာ ခိုင်မာမှုရှိမှာဖြစ်တယ်။ ဒို့နိုင်ငံရဲ့ကာကွယ်ရေးမဟာဗျူဟာအနေနဲ့ ပြည်သူများပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ကျင့်သုံးနေတာကြောင့် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအပေါ် ထိပါးနှောင့်ယှက်လာတဲ့ ရန်စွယ်မှန်သမျှ တပ်မတော်ကို မဏ္ဍိုင်ပြုထားတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းအားတွေနဲ့ တွန်းလှန်ချေမှုန်းသွားကြရမှာကနိုင်ငံသားတိုင်းရဲ့ မွေးရာပါသမိုင်းပေးတာဝန်ပဲဖြစ်ကြောင်း လေးလေးနက်နက် ပြောကြားလိုတယ်။
ရဲဘော်တို့
မကြာမီရက်ပိုင်းအတွင်းမှာပဲ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်တယ်။ ရွေးကောက်ပွဲ ကျင်းပရာမှာ နိုင်ငံရေးပါတီများတရားမျှတစွာပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်နည်းဥပဒေများကို အသစ်ပြင်ဆင်ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်တယ်။
ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုလည်း နိုင်ငံတော်ကနေအချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးလျက်ရှိတယ်။
ယခုကျင်းပမယ့် ရွေးကောက်ပွဲကြီးမှာ ဥပဒေနဲ့အညီ မဲပေးခွင့်မရှိသူများမှအပ ကျန်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လပ်စွာ ဆန္ဒမဲပေးကြရမှာဖြစ်တယ်။ မိမိတို့ ရွေးချယ်မယ့် ရွေးကောက်ခံကိုယ်စားလှယ်များဟာနိုင်ငံရဲ့အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကိုအမှန်တကယ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သူနဲ့ နိုင်ငံကောင်းအောင်ဆောင်ရွက်နိုင်မယ့်သူတွေဖြစ်ဖို့လိုအပ်တယ်။ ပါတီစုံဒီမိုကရေစီ ဖြစ်တာနဲ့အညီနိုင်ငံရေးပါတီများ၊လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေနဲ့ တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ အသိပေးပြောကြားလိုတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတတဲ့ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဘက်ပေါင်းစုံက ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့ကရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေရေး နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေကြတာကိုသတိပြုကြရမှာဖြစ်တယ်။ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ဖြစ်ပေါ်လာခဲ့ရင်လက်ရှိနိုင်ငံတော်အစိုးရကိုဆန့်ကျင်နေတဲ့ အဖျက်အမှောင့် အကြမ်းဖက်သမားတွေအနေနဲ့ သူတို့ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာနိုင်တာကြောင့် ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်အောင် အခုလိုလုပ်ဆောင်နေကြခြင်းဖြစ်တယ်။ ဒါကြောင့် အဲဒီအဖျက်အမှောင့်သမားတွေရဲ့ လုပ်ဆောင်ချက်တွေကိုတားဆီးကာကွယ်ပြီး ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ရဲဘော်တို့အနေနဲ့ ပြည်သူလူထုနဲ့လက်တွဲပြီး ကျရာကဏ္ဍအသီးသီးကနေ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုတယ်။
ရဲဘော်တို့
နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့
– တာဝန်ကျရာ တပ်အသီးသီးမှာပေးအပ်လာတဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း“သစ္စာ၊ သူရ၊ သိပ္ပ” အရာမှာ စံတင်ဂုဏ်ပြုထိုက်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါ။
– ရဲဘော်တို့အနေနဲ့ ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ပြီး အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့ရချိန် တိုင်းမှာ မှတ်ကျောက်အတင်ခံနိုင်တဲ့ ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါ။
– “စည်းကမ်းလိုက်နာ ဘေးကင်းကွာ” ဆိုတဲ့အတိုင်း စည်းကမ်းနဲ့ ဥပဒေကို လေးစားလိုက်နာတတ်တဲ့ တပ်မတော် သားကောင်းများဖြစ်အောင် ကြိုးစား နေထိုင်ကြပါ။
– ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိအောင် တပ်မတော်က ဆောင်ရွက်ပေးလျက်ရှိတဲ့အခြေအနေမှန်တွေကို တိုင်းရင်းသား ပြည်သူအားလုံး သိမြင်လာအောင် ဆောင်ရွက်သွားကြပါလို့ တိုက်တွန်း မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။


