နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများ အား တွေ့ဆုံအမှာစကားပြောကြား   

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသတွင်နေထိုင်ကြသည့်ဒေသခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများအနေဖြင့်လည်း မိမိတို့တတ်စွမ်းသည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

နေပြည်တော်  ဒီဇင်ဘာ ၆

နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ   တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ   ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြင်ဦးလွင်တပ်နယ်ရှိ  အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများ တက်ရောက်ကြသည်။

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဘက်ပေါင်းစုံမှစဉ်းစား၍ စီမံဆောင်ရွက်ပေးလျက်ရှိ

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား လိုအပ်သည်များကိုမှာကြားနိုင်ရန်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့သည်ခေတ်ကာလများစွာကတည်းက   တည်ရှိခဲ့သည့်မြို့ဖြစ်ပြီး တောင်လှေကားမြို့၊ ပန်းမြို့တော်၊ ချယ်ရီမြို့တော် စသည်ဖြင့် တင်စားခေါ်ဝေါ်ကြ ကြောင်း၊ ခေတ်အဆက်ဆက်တာဝန်ရှိသူများအနေဖြင့်လည်း မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ရှိရကြောင်း၊ အောင်မြင်မှုများရှိခဲ့သကဲ့သို့ အားနည်းချက်များလည်းရှိကြောင်း၊ တပ်မတော်အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း၊ ကော်ဖီမြို့တော်ဖြစ်စေရေးအတွက် နိုင်ငံတော်အဆင့်စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ပြီးကော်ဖီစိုက်ပျိုးရန်အတွက် ခွင့်ပြုပေးထားသည့် စိုက်ပျိုးမြေများအသုံးချမှုကို စည်းကမ်းနှင့်အညီ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်အားနည်းချက်များကြောင့် ကော်ဖီ စိုက်ပျိုးမှုများမှာထိုက်သင့်သလောက် တိုးတက်မှုမရှိခဲ့သည်ကို တွေ့မြင်ရကြောင်း၊ပြင်ဦးလွင်ဒေသမှထွက်ရှိသည့်အာရေးဗီးကားကော်ဖီသည်ပြည်ပဈေးကွက်ဝင်ကော်ဖီအမျိုးအစားတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းမရှိသည်မှာ    မိမိတို့အလုပ်လုပ်ရန်လိုအပ်နေမှုကိုပြသခြင်းပင်ဖြစ်ကြောင်း။

ပန်းမြို့တော်နှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့သည် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားသည့်ဒေသတစ်ခုဖြစ်ပြီးမေမြို့ပန်း၊ ဂန္ဓမာပန်းနှင့်သစ္စာပန်းများအပါအဝင် အခြားပန်းမျိုးများစွာ စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ပန်းပြပွဲများ၊ ပန်းပွဲတော်များကျင်းပ ပြုလုပ်နေရုံဖြင့်မလုံလောက်ဘဲ   ဒေသမှ ထွက်ရှိသည့်ပန်းမျိုးများကို   ဒေသတွင်း နိုင်ငံများနှင့် ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ချိနိုင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသနှင့် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ သစ်သီးဝလံများနှင့် ပတ်သက်၍လည်း စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသတစ်ခုဖြစ်သဖြင့် ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ၏အရင်းအမြစ်ကောင်းများကို   အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း။

ပညာရေးမြို့တော်နှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့သည် အစဉ်အလာကောင်းရှိသည့် မြို့တစ်မြို့ဖြစ်ပြီး    ရာသီဥတုသာယာပြီး အေးချမ်းစွာ   ပညာသင်ကြားနိုင်ရေးကို အထောက်အကူဖြစ်စေ၍   ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကျောင်းများ များစွာဖွင့်လှစ်သင်ကြားလျက်ရှိသည်ကိုလည်းတွေ့ရှိရပြီးပုဂ္ဂလိကကျောင်းများအနေဖြင့်အောင်ချက်ကောင်းရုံသာဦးတည်ဆောင်ရွက်ခြင်းမျိုးမပြုလုပ်ဘဲ ကျောင်းသား၊ ကျောင်းသူများအား အမှန်တကယ်ပညာတတ်မြောက်အောင်  သင်ကြားပေးသည့်ကျောင်းများဖြစ်စေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုဘဲ စည်းကမ်းစနစ်တကျ ဖြင့် နိုင်ငံတော်၏ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍကို အထောက်အပံ့ကောင်းများဖြစ် ကြရန်လိုကြောင်း၊  ပြင်ဦးလွင်တစ်ဝိုက်၌ အဆင့်မြင့်တက္ကသိုလ်များရှိနေခြင်းသည် ပညာရေးမြို့တော်အဖြစ်  ဆောင်ရွက်ရေး အခြေခံကောင်းတစ်ခုပင်ဖြစ်ကြောင်း။

ကျန်းမာရေးမြို့တော်ဖြစ်စေရေးနှင့်ပတ်သက်၍ပြင်ဦးလွင်ဒေသသည်သာယာအေးမြပြီးစိမ်းလန်းစိုပြည်သည့်ရာသီဥတုရှိပြီး အပန်းဖြေအနားယူရန်ကောင်း မွန်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့်မြို့တော်ဖြစ်စေရေးအတွက်လည်းရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်စွာ ပေးနိုင်သည့် ခေတ်မီဆေးရုံကြီးများဖြစ်ပေါ်လာရေး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘက်ပေါင်းစုံမှစဉ်းစား၍ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့်လည်း မိမိတို့ဒေသ  အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မကြာမီကာလအတွင်း ပြင်ဦးလွင်မြို့တွင် သုမင်္ဂလာအဆင့်မြင့်ဈေးသစ်ကြီးကို အဆင့်မီစွာဖွင့်လှစ်ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ အလားတူ ပြင်ဦးလွင်မြို့၊ မြို့မဈေးကြီးကိုလည်း   မြို့ပြအဆင့်မီစွာဖြင့် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ပြင်ဦးလွင်ဘူတာကြီးအနီး၌လည်း   မီးရထားဟိုတယ်နှင့်အဆင့်မြင့်ဈေးသစ်ကြီးတစ်ခုကို အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများ အဆင်ပြေစွာတည်းခိုနိုင်ရေး တည်းခိုသည့်နေရာများကိုပါ   ထည့်သွင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားသော မြို့ပြအဆင့်မြှင့်တင်မှုစီမံကိန်း များကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်    ဒေသတွင်နေထိုင်ကြသည့် ဒေသခံများ၊   ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများအနေဖြင့်လည်း မိမိတို့တတ်စွမ်းသည့်ဘက်မှ   ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကိုဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့တာဝန်များကိုထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊မိမိတို့အနေဖြင့် နိုင်ငံတော်အားဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ခိုင်ခိုင်မာမာဖြင့်ဆက်လက်လျှောက်လှမ်းနိုင်ရေးထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊   နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေရသည့် ကာလအတွင်း နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပဋိပက္ခများ၊ လက်နက်ကိုင်အကြမ်းဖက်မှုများ၊ ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများ   စသည့်အခက်အခဲ၊အကျပ်အတည်းမျိုးစုံကို   သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည်ငြိမ်အေးချမ်းမှုကိုလိုလား သည့်ပြည်သူများ၊   မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊  ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ် သည့်အတွက် မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင် စွာကျင်းပပေးနိုင်ရေး လိုအပ်သည့်ကြိုတင်ပြင်ဆင်ခြင်း   လုပ်ငန်းများအားလုံးကိုအောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု  ဒီဇင်ဘာလ ၂၈    ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ပထမပိုင်း ပြုလုပ်ပြီး ၂ ပတ်ကြာချိန်တွင် ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဒုတိယပိုင်းကျင်းပပြီး ၂ ပတ်ကြာချိန်တွင် တတိယပိုင်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုံခြုံရေးပိုင်းဆိုင်ရာများအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊   ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်အထမြောက်စေရေးအတွက် မဲပေးပိုင်ခွင့်ရှိသူများအားလုံး   ဆန္ဒမဲပေးနိုင်ကြရန်လိုကြောင်း၊ ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအမြင်ရှိသူများကိုရွေးချယ်၍ ဆန္ဒမဲပေးကြရန်လိုကြောင်း၊  ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် မဲမသမာမှုများလုပ်ဆောင်၍ မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မဲမသမာမှုမဖြစ်စေရေးနှင့်    ဆန္ဒမဲများပေးနိုင်ရေးပြင်ဆင်   ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ မဲစာရင်းများကို ထုတ်ပြန်လျက်ရှိပြီး နှစ်ကြိမ်ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တတိယအကြိမ် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊     မဲစာရင်းပါရှိသူများအားလုံး လွတ်လပ်စွာဖြင့် လုံခြုံစွာမဲပေးနိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

တပ်မတော်ပိုင်းဆိုင်ရာတပ်မတော်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မ‌တော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေး အခန်းကဏ္ဍတွင်လည်း ပါဝင်နေရခြင်းဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်အကြမ်းဖက်မှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ အတူတကွပူးပေါင်း၍ တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် အား အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့   မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း ပြုပြင်ခြင်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သားများ ရုပ်ပိုင်းစိတ်ပိုင်း ဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိစေရေး၊ ရဲစွမ်းသတ္တိရှိစေရေး၊ စစ်လက်နက်နှင့် စစ်နည်း ဗျူဟာများ ကျွမ်းကျင်မှုရှိစေရေး “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် မူဝါဒချမှတ်၍ ဆောင်ရွက်စေလျက်ရှိကြောင်း၊ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများနှင့် မျက်ခြည်မပြတ်စေရေး အမြဲမပြတ်လေ့လာနေရမည်၊ သင်ယူတတ် မြောက်ပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် စစ်အတတ်ပညာများကို ပိုမိုကျွမ်းကျင် ပိုင်နိုင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များကို အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ကြောင်း၊ စစ်သည်တိုင်း တစ်ဦးချင်း စစ်စည်းကမ်းကောင်းမွန်ပြီး    အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက  စိတ်ဓာတ်ပိုင်းဆိုင်ရာသည်လည်း   ကောင်းမွန်ခိုင်မြဲလာ မည်ဖြစ်သဖြင့်    အုပ်ချုပ်မှုညီညွတ်မျှတကောင်းမွန်ရေးကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်အဆင့်အတန်းအားလုံး ၏ နေရေး၊ စားရေး၊ ဝတ်ရေးတို့အပါအဝင် ရသင့်ရထိုက်သည့်ခံစားခွင့်များ အားလုံး ရရှိစေရေး ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့်လည်း မိမိကိုယ်ကို    အကျိုးမဖြစ်စေနိုင်သည့် အသောက်အစား၊ အပျော်အပါးနှင့် အစား အသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ရရှိသည့်ဝင်ငွေနှင့်   ထွက်ငွေကိုမျှတအောင် သုံးစွဲခြင်းဖြင့်   သက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိဆောင်ရွက်ကြစေလိုကြောင်း။

ပြည်တွင်းကုန်ထုတ်လုပ်မှု အားပေးဆောင်ရွက်ကြရန်လိုအပ်မှု

ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့်ပတ်သက်၍   ယခင်ကတည်းက   မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုနည်းပါးပြီး သယံဇာတပစ္စည်းများကိုရောင်းချ၍ နိုင်ငံတော်အတွက် လိုအပ်သည့် ငွေကြေးများကို ရယူသုံးစွဲခဲ့ကြောင်း၊ ခေတ်အဆက်ဆက်တွင် လယ်ယာ ထွက်ကုန်ပစ္စည်းများထွက်ရှိမှုမှာ စာရင်းအရကွာခြားချက်များရှိကြောင်း၊ မိမိတို့ နိုင်ငံတွင်ဆီထွက်သီးနှံများလည်းထွက်ရှိပြီး ပြည်တွင်းဆီဖူလုံမှုရှိစေရေး ဆီထွက်သီးနှံများပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုများရှိမှသာ ပြည်ပပို့ကုန်များရရှိမည်ဖြစ်ပြီး နိုင်ငံခြားငွေများရရှိကာ ကုန်သွယ်မှုပိုငွေများရရှိမည်ဖြစ်ကြောင်း၊   ယခင်ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် နိုင်ငံတော် အနေဖြင့် ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူဆောင်ရွက်ချိန် တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းကုန်ထုတ်လုပ် မှုကိုအားပေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဖွဲ့စည်းပြီးချိန်တွင် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဟူသည့် ဆောင်ပုဒ်များကိုချမှတ်ထားကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံ တစ်ခုအနေဖြင့် အလုပ်လုပ်ကိုင်မှသာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊   ကုန်ထုတ် လုပ်မှုလုပ်ငန်းအားပေးဆောင်ရွက်ခြင်းသည် ပုဂ္ဂလိကနှင့် နိုင်ငံတော်အတွက် အကျိုးရှိ သည့်လုပ်ငန်းဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အတတ်ပညာများလိုအပ်ပြီး အတတ်ပညာရှိရန်အတွက် အတန်းပညာများမြင့်မားရန် လိုအပ်သဖြင့်ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေမှု

တပ်မတော်အနေဖြင့်နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက်သမိုင်းကြောင်းများအရပါဝင်ခဲ့ရကြောင်း၊ သမိုင်း ကြောင်းအရ၊ ဖြစ်ပေါ်နေသည့်   အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင်ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့်  နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရခြင်းကြောင့် လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့်  စနစ်တကျ လုပ်ကိုင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ခံစားခွင့်များနှင့်ရသင့်ရထိုက်သည်များအား ပြည့်ဝစွာရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

တပ်မတော်သားများ၏ ခံစားခွင့်များနှင့်ပတ်သက်၍ မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ချိန်တွင်ပါရဂူဘွဲ့များနှင့် မဟာဘွဲ့ရရှိသူများအား ခံစားခွင့်များ  တိုးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း၊အလားတူ ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော် တာဝန်များကို  ထမ်းဆောင်ခဲ့ရချိန်တွင် ပညာရေးဌာန၊ ကျန်းမာရေးဌာနနှင့် အခြားဌာနများရှိ တာဝန်ထမ်းဆောင်နေသူများကို သက်ဆိုင်ရာပညာရပ်များအလိုက်ခံစားခွင့်များရရှိအောင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိအနေဖြင့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏  သက်စွန့်ဆံဖျားစရိတ်ကို မြှင့်တင်ဆောင်ရွက်ပေးခဲ့သကဲ့သို့ နိုင်ငံ့ဝန်ထမ်းများအတွက်လည်း ထောက်ပံ့ကြေးများတိုးမြှင့်ပေးခဲ့ကြောင်း၊ တပ်မတော်သားများ၏ စားရေရိက္ခာများ ပြည့်ဝစွာရရှိရေး၊ နေထိုင်မှုနှင့် ဝတ်ဆင်မှုများ အဆင့်မီကောင်းမွန်စေရေးတို့အတွက်ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

တပ်မတော်သားများ၏ ပညာရည်မြှင့်တင်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ပညာဆိုသည်မှာသင်ကြားနေရုံဖြင့်မပြီးဘဲမိမိတို့အတွက်ဗဟုသုတအသိဉာဏ်ပညာများ ကိုရရှိစေနိုင်သည့်   သုတ၊   ရသစာအုပ်စာစောင်များကို   စဉ်ဆက်မပြတ်ဖတ်ရှုလေ့လာခြင်း၊ မှတ်သားခြင်း၊ လက်တွေ့အသုံးချခြင်း၊ အခြားသောသူများကို မျှဝေခြင်း တို့ကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့ဘဝအတွက် များစွာ    အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊  အလားတူမိမိတို့၏သားသမီးများ၏ ပညာရည်မြင့်မားရေးအတွက်လည်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်  တပ်မတော်သားမိသားစုဝင်သားသမီးများအား ပညာရည်မြှင့်တင်ရေးအတွက် ခေတ်အဆက်ဆက်အားပေးမြှင့်တင်   ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထူးချွန်သည့် တပ်မတော်သားမိသားစုဝင်ကျောင်းသား၊ ကျောင်းသူများအား ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးများစေလွှတ်ပေးလျက်ရှိသကဲ့သို့အခြားသောချီးမြှင့်ထောက်ပံ့မှုများကို လည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့၏သားသမီးများ၏    ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ အားလုံးအနေဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုပြီး   နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို မိမိတို့တတ်စွမ်းသည့်အခန်းကဏ္ဍမှ ပါဝင်အားဖြည့်ဆောင်ရွက်၍ နိုင်ငံတော်နှင့် တပ်မတော်မှ အားကိုးအားထားရသူများဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။