နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်၍ ဂုဏ်ပြု အမှာစကားပြောကြား

 နေပြည်တော် အောက်တိုဘာ – ၁

(၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဘိုဌေး နှင့် တာဝန်ရှိသူများ၊ အငြိမ်းစား ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်အရာရှိကြီးများ၊ ဆေးဝန်ထမ်း တပ်ဖွဲ့ ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးကောင်စီနှင့် မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။


ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေတို့က (၇၅)နှစ်မြောက် စိန်ရတု ဆေးဝန်ထမ်းတပ်ဖွဲ့နေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၅)နှစ်မြောက် စိန်ရတု ဆေးဝန်ထမ်းတပ်ဖွဲ့နေ့ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဘွဲ့နှင်းသဘင်ခန်းမအတွင်း၌ (၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်း တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့သည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက မြန်မာ့တပ်မတော်နှင့်အတူပေါက်ဖွားလာခဲ့ပြီး သမိုင်း အစဉ် အလာကြီးမားစွာ ရပ်တည်လာခဲ့သည့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ (၇၅)နှစ်မြောက် စိန်ရတု ဆေးဝန်ထမ်းတပ်ဖွဲ့နေ့ အခမ်းအနားဖြစ်ကြောင်း၊ စိန်ရတုတိုင်အောင် ခေတ် အဆက်ဆက် ကောင်းမြတ်သည့် အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် အလွန်ဂုဏ်ယူဖွယ်ရာ နေ့ထူး၊ နေ့မြတ်ဖြစ်သည်ဟု ဦးစွာ ပြောကြားလိုကြောင်း။


အောင်ဆန်း-အက်တလီ စာချုပ်အရ လွတ်လပ်ရေးရရန် နီးကပ်လာသည့် အချိန်၌ လွတ်လပ်ပြီးစ မြန်မာနိုင်ငံအတွက် ဆေးတပ်ဖွဲ့တစ်ခုကို စနစ်တကျဖွဲ့စည်းရန် လိုအပ် လာခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာ့ တပ်မတော်ဆေးဘက်ညွှန်ကြားရေးမှူးရုံးကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့ကြကြောင်း၊ ထိုကဲ့သို့ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေး ကြိုးပမ်းခဲ့သည့် မြန်မာ့တပ်မတော်အတွက် စတင်ဖွဲ့စည်းခဲ့တဲ့ ဆေးဘက်ညွှန်ကြားရေးမှူးရုံး ဖွင့်လှစ်သည့်နေ့ကို ဆေးဝန်ထမ်းတပ်ဖွဲ့ နေ့အဖြစ်သတ်မှတ်ခဲ့ပြီး စတင်ဖွဲ့စည်းခဲ့သည့်နေ့မှ စတင်ရေတွက်လိုက်မည်ဆိုပါက ယနေ့သည် နှစ်ပေါင်း ၇၅ နှစ် တင်းတင်းပြည့်ခဲ့သည့် စိန်ရတု ဆေးဝန်ထမ်းတပ်ဖွဲ့နေ့ ဖြစ် သည့်အတွက် အင်မတန် ဂုဏ်ယူစရာကောင်းသည့် နေ့ထူးနေ့မြတ်ကြီးတစ်ခု ဖြစ်သည်ဟု ပြောရမည်ပင်ဖြစ်ကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလများတွင် စွမ်းစွမ်း တမံ ဆောင်ရွက်ခဲ့ကြသည့်နည်းတူ လွတ်လပ်ရေးရပြီးကာလများတွင်လည်း တိုင်းပြည် တာဝန်ကို ကျရာကဏ္ဍမှ ထမ်းဆောင်ခဲ့ကြသည်ကို သမိုင်းတစ်လျှောက် သာဓကများစွာ တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း။


တပ်မတော်၏ စစ်ဆင်ရေးများဖြစ်သည့် အင်းစိန်တိုက်ပွဲ၊ တရုတ်ဖြူ ကျူးကျော်မှု မှစ၍ စစ်ဆင်ရေးများအထိ တိုက်ပွဲပေါင်း၊ စစ်ဆင်ရေးပေါင်းများစွာ၌လည်း ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် စွမ်းစွမ်းတမံကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြရာတွင် ဗိုလ်ကြီး သူရမွန်ထော်သက်ညွန့် ကဲ့သို့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည့် ထူးချွန်သူပေါင်းများ ကိုလည်း ဆေးတပ်ဖွဲ့သမိုင်းတစ်လျှောက်တွင် များစွာတွေ့မြင်ခဲ့ရပြီး ဖြစ်ပါကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် စစ်မြေပြင် ဆေးအကာအကွယ်ပေးရေး တာဝန်များသာမက အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက်ကိုလည်း တပ်မတော်ဆေးရုံများတွင် ဆောင်ရွက်ပေး လျက်ရှိသည်ကို တွေ့ရပါကြောင်း။


တပ်မတော်ဆေးရုံများကို အဆင့်မြှင့်တင်ခဲ့ရာတွင် ယခုအချိန်၌ ကျောက်ကပ် အစားထိုး ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ အသည်းအစားထိုးကုသပေးနိုင်သော ဆေးရုံ ၁ ရုံ၊ နှလုံးသွေးကြော ရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ နှလုံး ခွဲစိတ်ကုသနိုင်သော ဆေးရုံ ၂ ရုံနှင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသနိုင်သော ဆေးရုံ ၃ ရုံတို့ ရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုအခါတွင် တပ်မတော်အနေဖြင့် နှလုံးနှင့် ဦးနှောက်ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးကြော အား Stent ထည့် ကုသခြင်း၊ နှလုံးခုန်နှုန်းထိန်းညှိစက် ထည့်သွင်းခြင်း၊ ကျောက်ကပ် အစားထိုး လဲလှယ်ခြင်း၊ ရင်ခေါင်းခွဲစိတ်ကုသခြင်းစသည့် အဆင့်မြင့် ပြုစုကုသမှုများကို နိုင်ငံတကာနည်းတူ ဆောင်ရွက်လာနိုင်သည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မကြာသေးမီက မြန်မာ့တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်း မှတ်တိုင်တစ်ခုအနေဖြင့် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် ပြောကြားလိုပါကြောင်း။
ထိုကဲ့သို့ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ယခုအခါတွင် ကျန်းမာရေး စောင့်ရှောက် မှုနှင့်ပတ်သက်ပါက တပ်မတော်အနေဖြင့် လက်လှမ်းမမီသည့်ဒေသ၊ လက်လှမ်းမမီသည့် ကုသမှုအမျိုးအစားများ မရှိသလောက်ဖြစ်နေပြီဟု ဆိုရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းသည် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှု၊ လက်ဆင့် ကမ်း ပညာအမွေများ ပေးခဲ့ကြသည့် ဆေးပညာရှင်ကြီးများ၏ ကျေးဇူးများကြောင့်ပင် ဖြစ်ပါကြောင်း၊ ထို့အတွက် ဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့အနေဖြင့် ထိုကဲ့သို့ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြုများကို မွေးထုတ်နိုင်ရေးကိုလည်း လွတ်လပ်ရေး ရပြီးစကာလကပင် ကြိုးပမ်းခဲ့သည်ကို တွေ့ရပါကြောင်း၊ အထင်ရှားဆုံးမှာ တပ်မတော် တစ်ရပ်လုံး၌ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်နိုင်ရေးအတွက် ၁၉၅၂ ခုနှစ်တွင် ဆေးဘက်ဌာနချုပ်နှင့် လေ့ကျင့်ရေးတပ် ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ထိုတပ်သည် နောင်အခါတွင် ဗဟိုဆေးတပ်အမည်ဖြင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များ၏ လေ့ကျင့်ရေးကို နှစ်ပေါင်းများစွာ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်၌ တပ်မတော် ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းအနေဖြင့် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။


တပ်မတော်အတွက်လိုအပ်သည့် ဆရာဝန်နှင့် သူနာပြုများကို မွေးထုတ်ပေးနိုင်ရေး ကိုလည်း ဆေးဝန်ထမ်းတပ်ဖွဲ့သည် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ စစ်ပညာသာမက ဆေးသိပ္ပံပညာများကိုပါ ကျွမ်းကျင်သည့် စစ်သူနာပြု များကို မွေးထုတ်နိုင်ရေးအတွက် စစ်သူနာပြုသင်တန်းတပ်ဆွယ် (Nurses Training Wing) ကို ၁၉၅၉ ခုနှစ်၌ အမှတ်စဉ် ၁ ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း အမှတ်စဉ် ၁၆ အထိ ဖွင့်လှစ် နိုင်ခဲ့သည်ကိုလည်း တွေ့ရပါကြောင်း၊ အလားတူ ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် လိုအပ် သည့် ဆရာဝန်များကိုရရှိနိုင်ရေး ပြည်သူ့စစ်မှုထမ်း(ဆေးမှူး)ဆရာဝန် {National Service (Medical Officer)}သင်တန်းကိုလည်း ဖွင့်လှစ်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ထိုကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် လူ့စွမ်းအားအရင်းအမြစ်များကို ဖြည့်ဆည်းပေးလျက်ရှိရာမှ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း၌ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်တို့ကို အဆင့်ဆင့် ဖွင့်လှစ်ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် မျိုးဆက်သစ် လူငယ်များကို ပြုစုပျိုးထောင်ပေးနိုင်ပြီဖြစ်ပါကြောင်း။


ထိုကဲ့သို့ လူငယ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးနိုင်ခြင်းသည် ခေတ်မီ တပ်မတော်(Standard Army) တည်ဆောက်ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် လူ့ စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်သကဲ့သို့ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်သည့်နေရာ၌ လည်း များစွာအထောက်အကူပြုလျက်ရှိသည်ဟုလည်း ဆိုရမည်ဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်များမှ မွေးထုတ်ပေးလိုက်သည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် ဆေးဝန်ထမ်းတပ်ဖွဲ့၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်သွားကြမည့်သူများ ဖြစ်သည်ကိုလည်း အလေးအနက်ထား ယုံကြည်ပါကြောင်း။
ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအပါအဝင် တပ်မတော်သားများ နှင့် မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါတွင် သာမန်အချိန်များ၌ သာမက သဘာဝဘေးအန္တရာယ်ကျရောက်သည့် အချိန်များ၌လည်း ရှေ့တန်းမှ ပါဝင်ခဲ့ကြ သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် နာဂစ်နှင့် ဂီရိ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးသည့်နောက် ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ၊ တာလေငလျင်နှင့် မိုးသည်းထန်မှုကြောင့် ရေဘေးကြုံတွေ့ရသည့် ဒေသခံများကိုလည်း ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် “စေတနာ အကြင်နာ ဘေးကင်းကွာ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု၊ ရောဂါကာကွယ်မှုတို့ကို ဆောင်ရွက်ပေး နိုင်ခဲ့ကြပါကြောင်း။


ဆေးဝန်ထမ်းတပ်ဖွဲ့၏ ထူးခြားချက်တစ်ခုမှာ စစ်ဆင်ရေး နယ်မြေသို့ရောက်သည့် အခါတိုင်းတွင် ဒေသအတွင်းရှိပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ပေးခဲ့ခြင်းပင် ဖြစ်ပါကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အနေ ဖြင့် ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်နည်းတူ နိုင်ငံတဝှမ်းရှိ ပြည်သူလူထုကို ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကို လည်း ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် တိုးမြှင့်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်လာခဲ့ ပါကြောင်း။
တပ်မတော် ဆေးရုံ/ ဆေးတပ် ၆၇ ခုနှင့် ကိုဗစ်ကုသမှု စင်တာ ၅၄ ခုတို့ကို ဖွင့်လှစ် ပြီး ပြည်သူလူထုကိုလည်း ကုသမှုများပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ ကုသ ပေးခဲ့ရာတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ကိုဗစ် အတည်ပြုလူနာ သံဃာတော် ၁,၅၀၅ ဦး၊ သီလရှင် ၁၀၈ ဦး၊ အရပ်သား ၁၆,၀၅၄ ဦး နှင့် နိုင်ငံခြားသား ၁၃၅ ဦး၊ စုစုပေါင်း ၁၇,၈၀၂ ဦးကို ပြုစုစောင့်ရှောက်မှုပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ၏ လိုအပ်ချက်အရ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များကို လွှဲပြောင်းတာဝန်ပေးနိုင်ခဲ့သည်ကိုလည်း ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါကြောင်း။


ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့အတွင်း ပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်လျက်ရှိသည့်နည်းတူ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပညာ ရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံများ၊ နည်းပညာများ မြင့်မားလာစေရေး ဆောင်ရွက်လျက် ရှိသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့်အခါတွင် အာဆီယံ အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများနှင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နေ ကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာ စစ်ဘက်ဆေးတက္ကသိုလ်များညီလာခံ (International Conference of Military Medical Schools – ICMMS)နှင့် နိုင်ငံတကာ စစ်ဘက်ဆေး ပညာဆိုင်ရာကော်မတီ (International Committee of Military Medicine-ICMM) များသို့လည်း တက်ရောက်ပြီး နိုင်ငံတကာရှိ စစ်ဘက်ဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် စဉ်ဆက်မပြတ်ရေး ရည်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကိုလည်း မြင်တွေ့ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်ရှိသည့် ဆေးတပ်ဖွဲ့များနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိလာ စေရန်အတွက် ရုရှားနိုင်ငံတွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ များကိုလည်း ၂၀၁၈ ခုနှစ်မှစပြီး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်ကို တွေ့ရကြောင်း၊ လတ်တလောအနေဖြင့် ၂၀၂၂ ခုနှစ်၊ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ အားကစားပြိုင်ပွဲ (International Army Game)တွင် ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ (Medical Rally) အသင်းအနေဖြင့် ပြိုင်ပွဲဝင်အသင်း ၁၆ သင်းရှိသည့်အနက် အဆင့် (၄) နေရာရရှိ အောင် စွမ်းဆောင်နိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း။


“ကျန်းမာ ကြံ့ခိုင် တိုက်နိုင်ရန်” ဟူသည့် ဆေးတပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ ဆေး ဝန်ထမ်းတပ်ဖွဲ့ဝင်များသည် တပ်မတော်သားများ အစဉ်ထာဝရကြံ့ခိုင်ပြီး တိုက်စွမ်းရည် များ ပြည့်ဝနေစေရန် ဆောင်ရွက်ကြရသည့် တပ်ဖွဲ့တစ်ခုပင် ဖြစ်ပါကြောင်း၊ တပ်မတော် သားများအပြင် မိသားစုဝင်များကို နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ အဆင့်အတန်း မရွေး ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တာဝန်လည်းရှိသည်ဟု ပြောလိုပါကြောင်း၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် (၇၅)နှစ်တာကာလ အတွင်း တပ်မတော်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့်အတွက် တပ်မတော်ရွှေရတု တံဆိပ်ရရှိခဲ့သူ (၇၇၂)ဦး၊ တပ်မတော်စိန်ရတုတံဆိပ်ရရှိခဲ့သူ(၂,၆၀၃)ဦး ရှိခဲ့သည်ကို တွေ့ရှိ ရပါကြောင်း၊ ထို့အပြင် ဆေးဝန်ထမ်းတပ်ဖွဲ့အတွင်း နိုင်ငံ့ဂုဏ်ရည်ဘွဲ့၊ လွတ်လပ်ရေး မော်ကွန်းဝင်တံဆိပ်၊ စည်သူဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် သိပ္ပကျော်စွာ ဘွဲ့များ အပါအဝင် နိုင်ငံတော်အဆင့် ထူးချွန်ဘွဲ့ တံဆိပ်ရရှိခဲ့သူပေါင်း(၁၅၂)ဦး ရှိခဲ့သည် ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း။
ထို့ကြောင့် နိုင်ငံတော်၏ လိုအပ်သည့် အချိန်တိုင်းတွင်လည်းကောင်း၊ တပ်မတော် သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ကုသမှုများကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ၇၅ နှစ်တာ ကာလအတွင်း စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့ကြ သည့်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ဆေးမှူး၊ ပါရဂူများနှင့် သူနာပြုများအားလုံးကို ဂုဏ်ပြု အသိအမှတ်ပြုပါကြောင်းကို အလေးထားပြောကြားလိုကြောင်း။


မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ကတည်းက တပ်မတော်နှင့်အတူ ပေါက်ဖွားလာသည့် တပ်ဖွဲ့တစ်ခုဖြစ်ပါကြောင်း၊ ခေတ် အဆက်ဆက်တွင်လည်း ဆေးတပ်ဖွဲ့ဝင်များသည် တိုင်းပြည်နှင့် လူမျိုးအကျိုး၊ တပ်မ တော် ၏အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြပြီးဖြစ်ကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့ အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့်သူများသည် ပေးအပ်လာသည့် တာဝန်များကို ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့ကြသည်ကိုလည်း (၇၅)နှစ်တာ ကာလအတွင်း၌ အကြိမ်ကြိမ် သက်သေပြခဲ့ပြီး ဖြစ်ကြောင်း။
ရှေ့ဆက်၍လည်း ယင်းအစဉ်အလာကောင်းများကို နောင်လာနောက်သားတို့အား လက်ဆင့်ကမ်းနိုင်ရေး ကြိုးပမ်းကြပြီး စိန်ရတုကာလ ပြည့်မြောက်ခဲ့သည့် တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့အနေဖြင့် မာကျောကျစ်လစ်ခိုင်မာပြီး တန်ဖိုးရှိသည့် ဆေးဝန်ထမ်း တပ်ဖွဲ့အဖြစ် ထိန်းသိမ်းကာ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယခုထက်မက ပိုမိုဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ (၇၅)နှစ် မြောက် စိန်ရတုအထိမ်းအမှတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ပါ စေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင် က ဆေးဝန်ထမ်း တပ်ဖွဲ့သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary Video ကိုပြသသည်။ ထို့နောက် (၇၅)နှစ် မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြင့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကဖျော်ဖြေ တင်ဆက်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးက (၇၅)နှစ်မြောက် စိန်ရတု ဆေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က တက်ရောက်လာကြသည့် အငြိမ်းစားဆေးဝန်ထမ်းတပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ (၇၅)နှစ် မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာ ခဲ့ကြသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇၅)နှစ်မြောက် စိန်ရတုဆေး တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သည့် အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ အဆင့်မြင့် (၈)ထပ် ဆေးရုံအဆောက်အဦသစ်၊ အထူးကုသမှုစင်တာဖွင့်ပွဲသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အထူးကုသမှု စင်တာအဆောက်အဦသစ်အား စစ်ရေးချုပ်၊ စစ်ထောက်ချုပ်နှင့် တိုင်းမှူးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အထူးကုသမှုစင်တာ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဧည့်သည် တော်များနှင့်အတူ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြ သည်။
ဆက်လက်ပြီး အစည်းအဝေးခန်းမတွင် အဆင့်မြင့် (၈)ထပ် ဆေးရုံအဆောက် အဦသစ်၊ အထူးကုသမှုစင်တာ တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ အမှတ်(၁)တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀) တပ်မှူးက ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဆေးရုံရေရှည်တည်တံ့ ကောင်းမွန်စေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး စနစ်တကျအသုံးပြုရန်နှင့် ထိန်းသိမ်းဆောင် ရွက်ရန်လိုကြောင်း၊ ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လေဝင်လေထွက် များကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ စွန့်ပစ်ပစ္စည်းများကိုလည်း စနစ် တကျစွန့်ပစ်ရန်လိုကြောင်း၊ လူနာများအတွက်အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများ အမြဲကောင်းမွန်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ လူနာများကို စနစ်တကျကျွေးမွေးရန် လိုသကဲ့သို့ တာဝန်ကျကျန်းမာရေးဝန်ထမ်းများ၏ နေထိုင်စားသောက်ရေးကို အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်ပေးရန်လိုကြောင်း လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများအား ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက အထူးကုသမှုစင်တာ ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းကို ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အထူးကုသမှု စင်တာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယနေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုဆေး ဝန်ထမ်းတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက် တွင် တပ်မတော်၌ ပထမဆုံးအကြိမ်အဖြစ် အသည်းအစားထိုးခွဲစိတ် ကုသမှုခံယူခဲ့သည့် လူနာများကိုကြည်ရှု၍ အဆိုပါအသည်းအစားထိုး ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည့် တပ်မတော်မှ ပါရဂူကြီးများနှင့် ဆေးမှူးများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။