(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ(International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ(3rd World Cadet Games-2022)တို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

နေပြည်တော် စက်တင်ဘာ – ၃၀

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ များ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ(International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ(3rd World Cadet Games-2022)တို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ် ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများနှင့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022)နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ(3rd World Cadet Games-2022)တို့တွင် ဆုရရှိခဲ့သည့် ကစားသမားများ တက်ရောက်ကြသည်။

နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆွတ်ခူးနိုင်ခဲ့ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်   ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ်စောင့်ရှောက်ရေးအတွက် ခေတ်မီတပ်မတော်များအဖြစ် အပြိုင် အဆိုင် တည်ဆောက်လျက်ရှိရာ အရည်အသွေးပြည့်ဝသည့် စစ်အသုံးအဆောင်ပစ္စည်း များနှင့် အားဖြည့်ရုံသာမကဘဲ စွမ်းရည်ထက်မြက်သည့် တပ်မတော်တစ်ရပ်ဖြစ်စေရေး အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မလျော့သော ဇွဲ၊ လုံ့လ ရှိမှုများအပြင် စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မှုရှိစေရေး အတွက် အစဉ်မပြတ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ မိမိတို့တပ်မတော်အနေ ဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထိရောက်ထက်မြက်စွာ ထမ်းဆောင်နိုင်ရေး “အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရေး” ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ပင် ဖြစ်ကြောင်း၊ ကာကွယ်ရေးဆိုရာတွင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး၊ ပြည်တွင်း၊ ပြည်ပ ရန်စွယ်မှန်သမျှကို ကာကွယ်စောင့်ရှောက်ရေးတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ဂုဏ်ကိုလည်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်သားများအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုကိုဆွတ်ခူးနိုင်ခဲ့ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်းပင်ဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုကို ပေါ်လွင်စေ နိုင်ကြောင်း၊ အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရာတွင် တပ်မတော်သားများ အနေဖြင့် တိုင်းချစ်၊ ပြည်ချစ်စိတ်ကို အရင်းခံသည့် အားကစားစိတ်ဓာတ်နှင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း၊ တိုင်းပြည် ချစ်စိတ်ရှိမှလည်း တိုင်းပြည်ကို ကာကွယ် လိုစိတ်များ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည် ကာကွယ်လိုစိတ်အပေါ် အရင်းခံ၍ ဝင်ရောက်ယှဉ်ပြိုင်ပြီးအောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့မှုအပေါ် အသိအမှတ်ပြုဂုဏ်ယူကြောင်း။

ပြိုင်ပွဲများတွင် တပ်မတော်သားများအနေဖြင့် တပ်မတော်သားပီပီ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် နိုင်ငံတော် အကျိုးကို မည်သည့်နေရာကမဆို ဆက်လက်သယ်ပိုးလိုသည့်စိတ်ဓာတ်ထားရှိသည်ကို တွေ့ရှိရကြောင်း၊ အင်ဒိုနီးရှားသမ္မတ နိုင်ငံ တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် မိမိတို့မြန်မာနိုင်ငံက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ မြားပစ် နှင့် မသန်စွမ်းဘောလုံးအားကစားနည်းတို့တွင် စုစုပေါင်းဆုတံဆိပ် ၄၃ ခု ရရှိခဲ့ပြီး ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခုနှင့် နိုင်ငံအလိုက် အဆင့် ၆ တွင် ရပ်တည် နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရရှိသူများအနက် မိမိတို့ တပ်မတော်သား အားကစားသမား ၉ ဦးက ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေး တံဆိပ် ၉ ခု၊ စုစုပေါင်းဆုတံဆိပ်မျိုးစုံ ၁၈ ခုကို ဆွတ်ခူးပေးနိုင်ခဲ့သည်ကို တွေ့ရကြောင်း။
အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲများကို ၂၀၁၁ ခုနှစ်ကစပြီး ၂ နှစ် တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲများတွင် တိုင်းပြည်အတွက် ကိုယ်လက် အင်္ဂါ စွန့်လွှတ်ခဲ့သည့် တပ်မတော်သားများသည်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကို ဆောင်ကြဉ်းပေးခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရှေ့နောင်တော်များ၏ အစဉ်အလာကောင်းများအပြင် မိမိတို့ရရှိခဲ့သည့် အောင်မြင်မှုများကို ဆက်လက် ထိန်းသိမ်းကြရန် မှာကြားလိုကြောင်း၊ ထို့အပြင် တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့သည့် အခြားတပ်မတော်သားများကိုလည်း မိမိတို့၏ ကျန်းမာရေးအတွက် ပင်ဖြစ်ဖြစ် နိုင်ငံတော်နှင့် တပ်မတော်အကျိုးအတွက် အားကစားနှင့်မြှင့်တင်မည့်စိတ်ဖြင့် အားကစားကို လေ့လာ လိုက်စားကြရေး လှုံ့ဆော်ပေးသွားကြပါရန် တိုက်တွန်းမှာကြားလို ကြောင်း။
တပ်မတော်၏ အဓိကလုပ်ငန်းကြီး ၃ ရပ်တွင် ဒုတိယအချက်ဖြစ်သည့် လေ့ကျင့်ရေး တာဝန်နှင့် ပတ်သက်ပြီး မိမိတို့သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် မိမိတို့သင်ကြား လေ့ကျင့်ထားသည့် စစ်ပညာများကို ကျွမ်းကျင်မှုရှိအောင် စဉ်ဆက်မပြတ် လေ့ကျင့် နေရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် နိုင်ငံတကာစစ်ဘက် အဖွဲ့အစည်း များ ၏ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိစေရေး အတွက် နိုင်ငံတကာတပ်မတော်အားကစား ပြိုင်ပွဲ(International Army Games)ကို ၂၀၁၈ ခုနှစ်ကစတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုဆိုလျှင် ၅ ကြိမ်မြောက် ရှိခဲ့ပြီဖြစ် ကြောင်း၊ ယခုနှစ်ဝင်ရောက်ယှဉ်ပြိုင်သည့် International Army Games ပြိုင်ပွဲတွင် အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံပေါင်း ၃၇ နိုင်ငံနှင့်အတူ တင့်ကား စွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ၊ Emergency Area ပြိုင်ပွဲနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ် ကြောင်း။

 

မိမိတို့တပ်မတော် တင့်တပ်ဖွဲ့ဝင်များအနေဖြင့် International Army Games တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခုနှစ် အပါအဝင် ၅ ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆ ၊ ၂ဝ၁၉ ခုနှစ် Division-2 တွင် ပြိုင်ပွဲဝင် ၁၁ သင်းအနက် အဆင့် ၅ ၊ ၂ဝ၂ဝ ပြည့်နှစ် Division-2 တွင် ပြိုင်ပွဲဝင် ၈ သင်းအနက် အဆင့် ၄ ၊ ၂ဝ၂၁ ခုနှစ် Division-2 တွင် ပြိုင်ပွဲ ဝင် ၈ သင်း အနက် အဆင့် ၃ ရရှိခဲ့ပြီး ယခုနှစ် Division-2 ၌ ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၁ ရရှိခဲ့ကြောင်း၊ တစ်ဆက်တည်း၌ပင် လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ၌ အသင်းလိုက်စွမ်းရည်ပြိုင်ပွဲ တတိယဆု၊ အမြန်ဆုံးလက်ဖြောင့်စစ်သည်ပြိုင်ပွဲတွင် တတိယဆုတို့ ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၇ နိုင်ငံအနက် အဆင့် ၄ နေရာ၊ ဆေးတပ်ဖွဲ့စွမ်းရည် ပြိုင်ပွဲတွင် ဇွဲသတ္တိဆု ရရှိခဲ့သည်ကို တွေ့ရကြောင်း။
ယခုနှစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများတွင် ရိုးရာ ယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲလည်းပါဝင်ခဲ့ကြောင်း၊ ယင်းပြိုင်ပွဲတွင် မိမိတို့နိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှုနှင့် ဂီတကိုဖော်ကျူးနိုင်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး တီးခတ် မှု တူရိယာပြိုင်ပွဲတွင် ပထမဆု၊ ရုရှားသီချင်း စုံတွဲအဆိုပြိုင်ပွဲတွင် ပထမဆု၊ တစ်ဦးချင်း အမျိုးသမီးအဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ရိုးရာအကပြိုင်ပွဲတွင် တတိယဆုတို့အပြင် အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ၏ မဲပေးရွေးချယ်မှု People’s Choice Award ၌ ပထမဆု၊ ယဉ်ကျေးမှုပြခန်းပြိုင်ပွဲတွင် တတိယဆု၊ ယဉ်ကျေးမှုပြခန်း ခင်းကျင်းမှု အကောင်းဆုံးဆု၊ ရိုးရာဝတ်စုံအကောင်းဆုံး ပထမဆုနှင့် စစ်ဘက်ဆိုင်ရာချစ်ကြည် ရင်းနှီးမှု တည်တံ့စေမှုဆုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၇ နိုင်ငံအနက် အဆင့် ၇ နေရာကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်ကို တွေ့ရကြောင်း။
ထို့အပြင် ယခုနှစ်တွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တတိယ အကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ(3rd World Cadet Games) တွင် အားကစားနည်း ၇ မျိုးအနက် ၃ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရိုင်ဖယ်သေနတ်ပစ် တစ်ဦးချင်းအမြန်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် ပထမဆု၊ ရိုင်ဖယ်သေနတ်ပစ်အသင်းလိုက် အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ဒုတိယဆု၊ ပစ္စတိုသေနတ်ပစ်တိကျပစ်ခတ်ခြင်း အသင်း လိုက် ပြိုင်ပွဲတွင် တတိယဆုနှင့် ပစ္စတိုသေနတ်ပစ် အသင်းလိုက်အမြန်ပစ်ခတ်ခြင်း ပြိုင်ပွဲ တွင် တတိယဆုရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂ဝ ယှဉ်ပြိုင်ခဲ့ရာ အဆင့် ၈ နေရာ ရရှိခဲ့သည် ကိုတွေ့ရကြောင်း။


နိုင်ငံတော်နှင့်တပ်မတော် ကိုယ်စား အထူးဂုဏ်ယူဝမ်းမြောက်
မိမိတို့ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာအားကစားပြိုင်ပွဲများ၏ အောင်မြင်မှုရလဒ် များကို ပြန်လည်သုံးသပ်ကြည့်ပါက တစ်နှစ်ထက်တစ်နှစ် အောင်မြင်မှု မြင့်တက်လာ သည်ကိုတွေ့ရှိရသဖြင့် နိုင်ငံတော်နှင့်တပ်မတော် ကိုယ်စား အထူးဂုဏ်ယူဝမ်းမြောက် မိပါကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ ထိုကဲ့သို့ အဆင့်တိုးတက်လာခြင်းသည် တစ်ဦးချင်း၏ လေ့ကျင့်သားပြည့်ဝမှုနှင့် စုစည်းညီညွတ်မှုရလဒ်များကြောင့်ပင်ဖြစ် ကြောင်း၊ မည်သည့်အားကစားမဆို “ယှဉ်ပြိုင်ခြင်းသည် အဓိက” ဟု ဆိုသော်လည်း နိုင်ငံ တကာ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်မည်ဟူသည့် ပြင်းပြသည့် ရည်မှန်း ချက်ထားပြီး တပ်မတော်သားပီပီ နိုင်ငံတော်နှင့် တပ်မတော်အတွက် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ တပ်မတော်သားများတွင် ရှိပြီးသား ကောင်းမွန်သည့် ယုံကြည်ချက်၊ ခံယူ ချက်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသဖြင့် ယခုကဲ့သို့ အားကစားပြိုင်ပွဲမျိုးစုံတွင် အောင်မြင်မှု ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြခြင်းပင်ဖြစ်ကြောင်း။
အုပ်ချုပ်သူနှင့်နည်းပြများအနေဖြင့်လည်း ယခုကဲ့သို့ဆုများရရှိအောင် သင်ကြား ပြသပေးနိုင်မှုအပေါ် ဂုဏ်ပြုအသိအမှတ်ပြုသလို ပြီးခဲ့သည့် ပြိုင်ပွဲများတွင် မိမိတို့ ကစားသမားများ၏ အားနည်းချက်၊ အားသာချက်များအပြင် အခြားပြိုင်ပွဲဝင်နိုင်ငံများ၏ အားသာချက်များကိုသုံးသပ်ပြီး အောင်မြင်မှုများ ပိုမိုမြင့်မားလာစေရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် အားကစားသမားများကိုလည်း ရဲဘော်စိတ်ထားရှိပြီး အောင်ပွဲခံလိုစိတ်ဖြင့် ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားကြရန် ဖြည့်စွက်မှာကြားလို ကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီး တပ်မတော်နှင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်သည်ကို မှတ်ယူထားကြရမည်ဖြစ်ကြောင်း၊ ဆုရအားကစားသမား များအနေဖြင့် လက်ရှိရရှိထားသည့် အောင်မြင်မှုမှ လျော့ကျသွားခြင်းမရှိအောင်၊ လက်ရှိ ရရှိထားသည့် အောင်မြင်မှုထက်ပိုမိုသည့် နိုင်ငံ့ဂုဏ်ဆောင်နိုင်များဖြစ်အောင် မိမိကိုယ်မိမိ စဉ်ဆက်မပြတ် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်တပ်မတော် အတွက် အမျိုးကိုချစ်စိတ်၊ နိုင်ငံ့ချစ်စိတ်ကို စဉ်ဆက်မပြတ်ထားရှိပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင် သွားကြရမည်ဖြစ်ကြောင်းနှင့် နောင်မျိုးဆက်သစ်လူငယ်များအတွက် ဂုဏ်ယူလေးစား ဖွယ် စံနမူနာကောင်းများကို လက်ဆင့်ကမ်းဖြန့်ဝေသွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
ထို့နောက် တပ်မတော်ဂုဏ်ဆောင် အားကစားသမားများနှင့် ဆုတံဆိပ်ရရှိအောင် စွမ်း ဆောင်ပေးနိုင်ခဲ့သည့် နည်းပြများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်းကို ဆက်လက်ပြုလုပ်ရာ (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်(မီတာ ၄၀၀)(တစ်ဦးချင်းပြိုင်ပွဲ)၌ ရွှေ တံဆိပ်ဆု၊ ပြေးခုန်ပစ်(မီတာ ၄၀၀)(အသင်းလိုက်ပြိုင်ပွဲ)၌ ငွေတံဆိပ်ဆု၊ ပြေးခုန်ပစ် (မီတာ ၂၀၀)(တစ်ဦးချင်းပြိုင်ပွဲ)၌ ကြေးတံဆိပ်ဆုတို့ကို ရရှိခဲ့သည့် အရာခံဗိုလ် ကျော်ကျော်ဝင်း၊ ပြေးခုန်ပစ်(မီတာ ၁၀၀)နှင့်(မီတာ ၂၀၀)(တစ်ဦးချင်းပြိုင်ပွဲ)၌ ရွှေတံဆိပ်ဆု(၂)ဆု၊ ပြေးခုန် ပစ် လက်ဆင့်ကမ်း(မီတာ ၄၀၀)(အသင်းလိုက်ပြိုင်ပွဲ)၌ ငွေတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် တပ်ကြပ် စိုးပေ၊ ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်းပြိုင်ပွဲ)၌ ရွှေတံဆိပ်ဆု၊ (သံပြားပစ်) (တစ်ဦးချင်းပြိုင်ပွဲ)၌ ငွေတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် တပ်ကြပ် ဇော်မင်းလွင်၊ (ပြေးခုန်ပစ်) (လှံတံပစ်)(တစ်ဦးချင်းပြိုင်ပွဲ)၌ ရွှေတံဆိပ်ဆု၊ ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်းပြိုင်ပွဲ) ၌ ကြေးတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် တပ်ကြပ်ကြီး တင်ညို တို့အား လည်းကောင်း၊ နိုင်ငံ တကာ တပ်မတော်အားကစားပြိုင်ပွဲ(International Army Games-2022) တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Division(2) တွင် အသင်းလိုက် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင် အဖွဲ့(၁)ကိုယ်စား ဗိုလ်ကြီး ထင်အောင်ကျော်၊ အဖွဲ့(၂)ကိုယ်စား ဗိုလ်ကြီး သန်းတိုးအောင်၊ အဖွဲ့(၃)ကိုယ်စား ဗိုလ်ကြီး ထွန်းတောက်နိုင် တို့အားလည်းကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဂုဏ်ထူးဆောင်လက်မှတ် နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က (၁၁)ကြိမ်မြောက်အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်(သံလုံးပစ်)(တစ်ဦးချင်းပြိုင်ပွဲ)၌ ငွေ တံဆိပ်ဆု၊ (လှံတံပစ်) (တစ်ဦးချင်းပြိုင်ပွဲ)၌ ကြေးတံဆိပ်ဆု၊ သံပြားပစ်(တစ်ဦးချင်း ပြိုင်ပွဲ)၌ ကြေးတံဆိပ်ဆု တို့ကို ရရှိခဲ့သည့် ဒုတိယတပ်ကြပ် အောင်ထွန်းလင်း၊ ပြေးခုန်ပစ် (လှံတံပစ်)(တစ်ဦးချင်းပြိုင်ပွဲ)၌ ငွေတံဆိပ်ဆု၊ ပြေးခုန်ပစ်(အမြင့်ခုန်) (တစ်ဦးချင်း ပြိုင်ပွဲ) ၌ ကြေးတံဆိပ်ဆုတို့ကို ရရှိခဲ့သည့် ဒုတိယတပ်ကြပ် စိုးသန်း၊ နိုင်ငံတကာ တပ်မတော် အားကစားပြိုင်ပွဲ (International Army Games-2022) ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ၊ အတီးပြိုင်ပွဲတွင် အသင်းလိုက် ပထမဆုရရှိခဲ့သည့် တပ်ကြပ် အောင်အောင်ထက်နှင့် တပ်သား(အစားခန့်) ပိုင်ဇေကျော်၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ၊ ရုရှားသီချင်းဆို ပြိုင်ပွဲ တွင် စုံတွဲပထမဆု ရရှိခဲ့သည့် တပ်ကြပ်ကြီး(အစားခန့်) စိုးမင်းနိုင်၊ ရုရှားသီချင်းဆိုပြိုင်ပွဲ စုံတွဲပထမဆုနှင့် တစ်ဦးချင်း ဒုတိယဆု တို့ကို ရရှိခဲ့သည့် တပ်ကြပ်ကြီး(အစားခန့်) ထူးဣန္ဒာကျော် တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း နှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း တို့က (၁၁)ကြိမ် မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၊ နိုင်ငံတကာတပ်မတော်အားကစား ပြိုင်ပွဲ(International Army Games-2022)နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစား ပြိုင်ပွဲ(3rd World Cadet Games-2022)တို့တွင် ဆုရရှိအောင်စွမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားအားကစားသမားများနှင့် ဆုရရှိအောင် နည်းပြပေးခဲ့ကြသည့် နည်းပြ များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ များကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။


ကျေးဇူးတင်စကားပြန်လည်ပြောကြား
ထို့နောက် ဆုရရှိသည့် အားကစားသမားများနှင့် နည်းပြများကိုယ်စား ဗိုလ်ကြီး သန်းတိုးအောင် က (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ(International Army Games-2022)နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ(3rd World Cadet Games-2022)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများနှင့် တပ်မတော်သား အားကစားသမားများ၏ ကြိုးစားအားထုတ်မှုများအပေါ် ယခုကဲ့သို့ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်လာ မည့် ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၊ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် အားကစားဖြင့် တပ်မတော်ဂုဏ်ဆောင်ခဲ့ကြသည့် တပ်မတော် သားအားကစားသမားများ၊ နည်းပြများကို ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့မှလည်း တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ(International Army Games-2022)နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ(3rd World Cadet Games-2022)တို့တွင် ဆုရရှိခဲ့ကြသည့် တပ်မတော်သားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။