ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ 

(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်)

ပြည်နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့မှာမှီတင်းနေထိုင်ကြသောတိုင်းရင်းသားအားလုံး၏စည်းလုံးညီညွတ်မှုနှင့်ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့အပေါ်တွင် မှီတည်လျက်ရှိ 

ချစ်ခင်လေးစားအပ်ပါသော ရခိုင်ပြည်နယ်အတွင်းရှိ  မိဘပြည်သူ ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား

ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့၏နေ့ထူးနေ့မြတ်အခါသမယ၌ ရခိုင်ပြည်နယ်နှင့်  ဒေသအသီးသီးတွင်ရောက်ရှိနေကြသော  ရခိုင်တိုင်းရင်းသားသွေးချင်းညီအစ်ကိုမောင်နှမများနှင့်  နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာသုခချမ်းသာပြည့်စုံကြ၍ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းလျက်နှုတ်ခွန်းဆက်သအပ်ပါသည်။

ရခိုင်ပြည်နယ်နေ့သည်  ပြည်ထောင်စုဖွားရခိုင်တိုင်းရင်းသားတို့အတွက် ထူးခြားလေးနက်သောဝိသေသများနှင့်ပြည့်စုံပြီး  ဂုဏ်ယူဖွယ်ရာမင်္ဂလာရှိသောနေ့ဖြစ်ပါသည်။ ၁၉၇၄ ခုနှစ်တွင်ရေးဆွဲအတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ်များ သတ်မှတ်ပြဋ္ဌာန်းရာတွင် ရခိုင်ပြည်နယ်သည်လည်း ပြည်နယ်တစ်ခုအဖြစ်ပါရှိခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေးအတွက် ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှ  ၃၁ ရက်နေ့ထိ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့သည့် ဒီဇင်ဘာလ(၁၅)ရက်နေ့ကို  ရခိုင်ပြည်နယ်နေ့အဖြစ် ပထမအကြိမ် ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီက သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ ရခိုင်တိုင်းရင်းသားအားလုံးတို့၏ နေ့ထူးနေ့မြတ်အခါသမယဖြစ်သော ရခိုင်ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ရာ (၅၁)နှစ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

ရခိုင်ပြည်နယ်သည် ရခိုင်တိုင်းရင်းသားတို့၏ရှည်လျားသောရှေးသမိုင်းကြောင်းနှင့်အတူယဉ်ကျေးမှုအမွေအနှစ်များ၊အနုပညာလက်ရာများပေါကြွယ်ဝသောပြည်နယ်ဖြစ်ပါသည်။ဗုဒ္ဓမြတ်စွာသာသနာတော် ထွန်းလင်းတောက်ပသည့်ဒေသတစ်ခုဖြစ်သည်နှင့်အားလျော်စွာ “သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း”ဆိုသည့်အတိုင်း သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးများစွာတည်ရှိပြီး ယဉ်ကျေးမှုအမွေအနှစ်များ ပြည့်စုံသော ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။

ရခိုင်ပြည်နယ်သည် ပထဝီဝင်အနေအထားအရ အနောက်ဘက် ကမ်းရိုးတန်းဒေသတွင်တည်ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၂၀၀ ကျယ်ဝန်းပြီး အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသဖြင့် နိုင်ငံတော်အတွက် အရေးပါသော ပြည်နယ်တစ်ခုဖြစ်ပါသည်။

တော၊ တောင်၊မြစ်ချောင်းများစိမ်းလန်းစိုပြည်သောသစ်တောများရှိသည့်အပြင်ရှည်လျားလှပသည့်ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့်အတွက်   မြေသယံဇာတများ၊   ရေသယံဇာတများ ပေါကြွယ်ဝပြီး အဖိုးတန်ထွက်ကုန်များ ထုတ်လုပ်နိုင်သည့် ဂုဏ်ယူဖွယ်ရာ သာယာလှပသော ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား

ယနေ့အချိန်အခါသည်  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော အာဏာသုံးရပ်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီကျင့်သုံးဆောင်ရွက်လျက်ရှိသည့်ကာလဖြစ်ပါသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် အထွေထွေရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီးချိန်အထိ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် အမျိုးသားပညာရေး၊  ကျန်းမာရေးကဏ္ဍများမြင့်မားရေးတို့ကိုလည်း ဦးတည်ချက် (၄)ရပ်ချမှတ်ပြီး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့်  နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ကိုဖွဲ့စည်းပြီး  ယခုဆိုလျှင် ဦးတည်ချက် (၄) ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့်ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာလျှောက်လှမ်းနိုင်ရေးပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ရေး”  ဦးတည်ချက်နှင့်အညီ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေပြီဖြစ်ပါသည်။

ပြည်သူများလိုလားတောင့်တသည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊   ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏  အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့်နည်းလမ်းကျနမှန်ကန်မှုရှိသော ဂုဏ်သိက္ခာရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးအတွက်ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ   ပွင့်လင်းမြင်သာစွာဖြင့် လုပ်ငန်းစဉ်များကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။လာမည့်ဒီဇင်ဘာလ(၂၈)ရက်မှစ၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ  နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းမှုရှိရေးဖြစ်သဖြင့်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက    နိုင်ငံတော်အစိုးရနှင့်အတူ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း      တိုက်တွန်းမှာကြားလိုပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား

နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်စီးပွားရေးနှင့်ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးတိုးတက်စေရေး စသည့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ သည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံ အကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများတိုးတက်အောင်မြင်မှုရရှိစေရန် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများကို နည်းပညာနှင့်ပေါင်းစပ်ပြီးတန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိပြီး နိုင်ငံ့စီးပွားရေးကို တိုးတက်စေမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်း အခြေခံရှိပြီးဖြစ်သည့်  စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSME လုပ်ငန်းများကို ပြည်နယ်အစွန်အဖျားပါမကျန် အကြားအလပ်မရှိ ဆောင်ရွက်ခြင်းဖြင့်  တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များကလည်း  နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။

နိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သမဝါယမနှင့် စက်မှုလက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် (၁၀)ဘီလီယံကို ခွင့်ပြုထားပြီးဖြစ်ပါသည်။ ယခုအခါ အဆိုပါမတည်ငွေကို တောင်သူဦးကြီးများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊  သမဝါယမအသင်းများနှင့် စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်သူများသို့ ခွဲဝေဆောင်ရွက်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြပြီဖြစ်ပါသည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကိုဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်းသည် လူဦးရေအများစုဖြစ်သော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်လာစေမည်ဖြစ်ပြီး နိုင်ငံ၏အဓိကကုန်ထုတ်လုပ်ငန်းများ မြင့်မားလာစေမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးနေခြင်းသည် ရခိုင်ပြည်နယ်နှင့် ရခိုင်ဒေသတိုင်းရင်းသားပြည်သူများအပေါ်ထားရှိသည့် နိုင်ငံတော်၏ စေတနာနှင့်တိုင်းရင်းသားညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို မြင်တွေ့ရမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အသိဉာဏ်ပညာပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့ဘောင်အသိုက်အဝန်းထွန်းကားရေးအတွက် ပညာရေးနှင့်ပတ်သက်ပြီး KG+9 အထိ မသင်မနေရသတ်မှတ်ပြီး အကောင်အထည်‌ဖော်ဆောင်ရွက်လျက်ရှိပါသည်။   ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး၊ကျောင်းသား၊ကျောင်းသူများကို အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားရေးတို့ကို အလေးထားဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

အနာဂတ်တွင် ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက်ပါအားကိုးအားထားပြုရမည့် ဗလငါးတန်နှင့်ပြည့်စုံသော အရည်အချင်းပြည့်ဝသည့် လူငယ်များပေါ်ထွန်းလာစေရေးအတွက် အတတ်ပညာပြည့်ဝရေးသည် အဓိကကျသလို အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ် အယူအဆမှန်ကန်ရေးသည်လည်း မရှိမဖြစ်လိုအပ်လှပါသည်။ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးကဏ္ဍမြှင့်တင်မှုကို ရည်မှန်းချက်များနှင့်အတူ တိုးတက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းမှာကြားလိုပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား

ရခိုင်ပြည်နယ်သည်  လမ်းပန်းဆက်သွယ်ရေးမှအစ အဘက်ဘက်၌ အခက်အခဲများစွာရှိသဖြင့် အစိုးရအဆက်ဆက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ယခုအချိန်အထိ အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။

သို့သော်လည်း လက်ရှိကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အခွင့်ကောင်းယူ၍ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုကိုအသုံးချရန် အင်အားကြီးနိုင်ငံတချို့မှဩဇာလွှမ်းမိုးချုပ်ကိုင်လိုသည့်အတွက် ဆူပူအကြမ်းဖက်မှုများနှင့်မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းကို မြင်တွေ့ရမည်ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ခဲ့သည့် MNDAA၊  TNLA၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့်  အပြစ်မဲ့ပြည်သူပေါင်းများစွာဆင်းရဲဒုက္ခရောက်ခဲ့ကြရပါသည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည်  နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်နေကြခြင်းသာဖြစ်ပါသည်။  ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြသည်ကို တွေ့ရှိရပါသည်။ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲအတွင်းအတင်းအဓမ္မရောက်ရှိ စေခဲ့ကြပါသည်။ လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကိုတောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ရောက်လာပြီးငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကိုပြေလည်စေမည်ဖြစ်သည်ကိုသိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ကာလမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေးတိုက်တွန်းလိုပါသည်။

လက်နက်ကိုင်ပြဿနာများကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးသည် ဖွံ့ဖြိုးမှုအားနည်းသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသာဖြစ်နေသည်ကိုတွေ့ရပါသည်။ ထိုဒေသများသည်   လွတ်လပ်ရေးမရမီနှင့် ရပြီးစကတည်းက အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးမှုအားနည်းခဲ့သလို ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် “လဲရာသူခိုးထောင်း” ဆိုသကဲ့သို့  ပိုမိုအခြေအနေဆိုးရွားနေသည်ကိုတွေ့ရပါသည်။ ကမ္ဘာ့နိုင်ငံများကိုလေ့လာကြည့်လျှင် နိုင်ငံ၏ ဝေးလံလှသော ကျေးလက်ဒေသများမှာပင် တည်ငြိမ်အေးချမ်းမှုရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုရှိနေသည်ကို  တွေ့ရမည်ဖြစ်ပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ကောင်းမွန်သော ရေခံ၊မြေခံများရှိပြီးဖြစ်၍ တည်ငြိမ်အေးချမ်းမှု  သာယာမှုရှိလာပါက ခေတ်အဆက်ဆက်ဖွံ့ဖြိုးမှုနောက်ကျနေသောဒေသများတွင် ကျေးလက်ဒေသများပါမကျန် ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲမသွေဖြစ်ပါသည်။ ထို့ကြောင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဆင်းရဲဒုက္ခခံစားနေရပြီး ဖွံ့ဖြိုးမှုနောက်ကျနေသော ဒေသခံပြည်သူလူထု၏မျက်နှာကို စာနာထောက်ထား၍ တည်ငြိမ်အေးချမ်းမှုကို အားလုံးကဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် တိုက်တွန်းမှာကြားလိုပါသည်။

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမ အပေါင်းတို့ခင်ဗျား

မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအားလုံးသည်ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ၊ တစ်မြေတည်းနေ တစ်ရေတည်းသောက် စည်းလုံးညီညွတ်ခဲ့ကြသည့် ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများပင်ဖြစ်ကြပါသည်။ယနေ့အချိန်အခါတွင် ပြည်တွင်းမှ ပြည်ဖျက်သစ္စာဖောက်များနှင့် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် မိမိတို့တိုင်းရင်းသားများကို ဆင်းရဲဒုက္ခရောက်စေပြီးမိမိတို့နေထိုင်ရာဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်များကို စဉ်းစားဆင်ခြင်မှုကင်းမဲ့စွာဖြင့် ဖျက်ဆီးနေမည့်အစား မိမိတို့ရှင်သန်ကြီးပြင်းခဲ့ရာဒေသနှင့် နိုင်ငံတော်၏အကျိုးအတွက် အားလုံးကအရှည်ကိုမြော်တွေးကြရန်အရေးကြီးသည့်အချိန်ဖြစ်ပါသည်။မိမိတို့အချင်းချင်းသွေးကွဲနေကြမည်ဆိုလျှင်နိုင်ငံတော်၏စွမ်းအားများလျော့နည်းပြီးသူတစ်ပါးအလိုကျလိုက်ပါဆောင်ရွက်ကြရသော လူမျိုးများအဖြစ် သမိုင်းမှတ်တမ်းကျန်ရစ်မည်ကို သတိချပ်ကြရန်တိုက်တွန်းမှာကြားလိုပါသည်။

ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့အားလုံးမျှော်လင့်ထားသည့် အေးချမ်းသာယာသော  နိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်မည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်းပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရတွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့်လည်း ဆွေးနွေးမှုများကိုဖိတ်ခေါ်ပြီး   ငြိမ်းချမ်းရေးတံခါးကို   အမြဲဖွင့်ကြိုဆိုလျက်ရှိပါသည်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီဆောင်ရွက်သွား ကြရန်တိုက်တွန်းလိုပါသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့်ရခိုင်၊  ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်  စသည့် တိုင်းရင်းသားများသည် မြန်မာ၊ ချင်း စသည့်တိုင်းရင်းသားများနှင့်အတူ ယှဉ်တွဲနေထိုင်လျက်ရှိပါသည်။ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့အပေါ်တွင် မှီတည်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိပါသည်။

နိဂုံးချုပ်အားဖြင့် မိမိတို့နိုင်ငံတွင် မကြာခင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ ရေးတွင် ဒေသလုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်လျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး  ပြည်သူများလိုလားတောင့်တသည့်ပါတီစုံဒီမိုကရေစီစနစ်ကို စည်းကမ်းတကျ အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်သည်နှင့်အမျှ လျင်မြန်စွာအောင်မြင်နိုင်မည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ ပြည်နယ်သူပြည်နယ်သားများ၏အကျိုး၊ ပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏အကျိုးထမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်းနှင့် အစဉ်ထာဝရအေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်း(၅၁)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုလျက်သဝဏ်လွှာပေးပို့အပ်ပါသည်။

 ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မမင်းအောင်လှိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ

ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။