(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့ပြောကြားသည့် အဖွင့်ဂုဏ်ပြုဗီဒီယိုမိန့်ခွန်း 

အားလုံးမင်္ဂလာပါ။

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများ၊  ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ ဧည့်သည်တော်များအားလုံး   မင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ၊ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကြပါစေ၊ မြန်မာ့အမွေအနှစ်တိုင်းရင်းဆေးပညာကို မြတ်နိုးတန်ဖိုးထားလျက် ထိန်းသိမ်းမြှင့်တင်နိုင်သူများဖြစ်ကြပါစေလို့  ဆုမွန်ကောင်းတောင်းရင်း  နှုတ်ခွန်းဆက်သအပ်ပါတယ်။

မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲတွေကို ၂၀၀၀ ပြည့်နှစ်က စတင်ပြီး နှစ်စဉ်ကျင်းပလာခဲ့တာ ယခုဆိုရင် (၂၄)ကြိမ်မြောက် ကျင်းပနိုင်ပြီ ဖြစ်ပါတယ်။

ယခုနှစ်ညီလာခံကို

–        မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ရောဂါရှာဖွေကုသမှုနည်းစနစ်များ  ပိုမိုတိုးတက်ကောင်းမွန်လာနိုင်စေရန်၊

–        ပြည်သူလူထုအနေဖြင့် ပတ်ဝန်းကျင်ရှိ အပင်များနှင့် မီးဖိုဆောင်သုံးပစ္စည်းများ၏ဆေးဖက်ဝင်ပုံကိုသိရှိနိုင်စေရန်၊

–        တိုင်းရင်းဆေးပညာဖြင့်ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်၊

–        ရိုးရာတိုင်းရင်းဆေးပညာနည်းစနစ်များကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်နိုင်ရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပသွားမယ်လို့သိရပါတယ်။

မြန်မာ့တိုင်းရင်းဆေးပညာဟာ ရှေးအစဉ်အဆက်ကတည်းကနေ   ယနေ့အချိန်အထိ    နိုင်ငံသားတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုမှာ  အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ဒါ့ကြောင့်လည်းနိုင်ငံတော်ရဲ့ကျန်းမာရေးမူဝါဒတွေနဲ့အညီ တိုင်းရင်းဆေးပညာ၊ ဆေးဝါးတွေနဲ့ ပြည်သူလူထုရဲ့ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ဖို့ရည်ရွယ်ပြီး ညီလာခံနဲ့နှီးနှောဖလှယ်ပွဲတွေကို နှစ်စဉ်ကျင်းပနေတာပဲဖြစ်ပါတယ်။ ဒီနေ့အချိန်အခါဟာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ ဦးတည်ချက်(၄) ရပ်မှာပါဝင်တဲ့ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်  ခိုင်မာစေရေးအတွက်အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုတဲ့ဦးတည်ချက်နဲ့အညီ အမျိုးသားရေးရည်မှန်းချက်ဖြစ်တဲ့  တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်တဲ့ ကျန်းမာရေးကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။

အမျိုးသားယဉ်ကျေးမှု  အမွေအနှစ်တစ်ခုဖြစ်တဲ့ မြန်မာ့တိုင်းရင်းဆေးပညာနဲ့ဆေးဝါးတွေကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ဖို့နဲ့   ပြည်သူတစ်ရပ်လုံးကိုတိုင်းရင်းဆေးနဲ့  ကျန်းမာရေးပိုမိုစောင့်ရှောက်မှုပေးနိုင်ဖို့၊ မြန်မာ့တိုင်းရင်းဆေးတွေ   အဆင့်အတန်းမြင့်စေဖို့အတွက်တိုင်းရင်းဆေးတက္ကသိုလ်ကြီးကိုဖွင့်လှစ်ပြီး မျိုးဆက်သစ်တိုင်းရင်းဆေးပညာရှင်တွေကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါတယ်။ ယခုဆိုရင်တိုင်းရင်းဆေးပညာရပ်တွေခေတ်နဲ့အညီဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အရည်အသွေးပြည့်ဝတဲ့ တိုင်းရင်းဆေးပညာရှင်တွေ  ပိုမိုမွေးထုတ်ပေးနိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်ကစပြီး တိုင်းရင်းဆေးပညာပါရဂူဘွဲ့  (ပထမအကြိမ်)သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာ့သမိုင်းစဉ်    တစ်‌လျှောက်ပြန်ကြည့်မယ်ဆိုရင်  ပြည်သူလူထုရဲ့ ကျန်းမာရေးကို တိုင်းရင်းဆေးနဲ့စောင့်ရှောက်ခဲ့ကြတဲ့အစဉ်အလာကို တွေ့ရှိရမှာဖြစ်ပါတယ်။  ဒါ့ကြောင့်  မြန်မာ့တိုင်းရင်းဆေးပညာနဲ့  တိုင်းရင်းသားပြည်သူများရဲ့ကျန်းမာရေးကိုစောင့်ရှောက်ကုသမှုပေးရာမှာ တိုင်းရင်းဆေးဆိုင်ရာ ကုထုံးစွမ်းရည်   မြင့်မားရေးအတွက် အကြောပညာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနဲ့ ဩဂုတ်လတို့မှာ (ခုတင်-၁၀၀) ဆံ့တိုင်းရင်းဆေးရုံ  နေပြည်တော်နဲ့ရန်ကုန်တို့မှာ ဖွင့်လှစ်ပေးခဲ့တာတွေ့ရပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့ချိန်တွေမှာ   ပြည်သူလူထုကို   မြန်မာ့တိုင်းရင်းဆေးနဲ့ တစ်တပ်တစ်အား ပါဝင်ကူညီစောင့်ရှောက်ခဲ့တာတွေကိုလည်း တွေ့ရှိရပါတယ်။ ဒါ့အပြင် မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို လေးစားတန်ဖိုးထားတတ်စေဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တိုင်းရင်းဆေး  အသိပညာပေးလုပ်ငန်းတွေတိုးမြှင့်ဆောင်ရွက်ခြင်း၊ တိုင်းရင်းဆေးပညာနဲ့ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိနေတာကို တွေ့ရလို့ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။

မြန်မာနိုင်ငံဟာ  အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေ ကြားမှာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေသလို တိုင်းရင်းဆေးကဏ္ဍတွေမှာလည်း အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေကို အိမ်တွင်းစက်မှုလုပ်ငန်းအဆင့်သာမဟုတ်ဘဲ ဒေသအဆင့်နဲ့ နိုင်ငံတကာအဆင့်မီ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနဲ့ အရည်အသွေးမြင့်ထုပ်ပိုးခြင်းတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်ပြီး ပြည်သူလူထုရဲ့လူမှုစီးပွားဘဝ  တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံစီးပွားရေး  အသိုက်အဝန်းရဲ့တိုင်းရင်းဆေးဝါးနဲ့   ကျန်းမာရေးဖြည့်စွက်စာများကဏ္ဍမှာ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ဖို့၊ နည်းပညာလိုအပ်ချက်တွေ၊ လမ်းညွှန်ချက်တွေ တစ်သမတ်တည်းဖြစ်စေဖို့နဲ့ ကုန်သွယ်မှုလွယ်ကူချောမွေ့စေဖို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့ကြောင့်လည်း အခု  ၂၀၂၅  ခုနှစ်အတွင်း စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၃၇)ကြိမ်မြောက် အာဆီယံတိုင်းရင်းဆေးနဲ့ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ၊ ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့အာဆီယံနိုင်ငံများအတွင်း တိုင်းရင်းဆေးနဲ့နှီးနွှယ်သုတေသနပညာရပ်ဆိုင်ရာညီလာခံ၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများရဲ့ တိုင်းရင်းဆေးကုန်ကြမ်းများနဲ့ပတ်သက်တဲ့   အရည် အသွေးမီ သုတေသနပြုလုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊   တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့   တတိယအကြိမ် တရုတ်တိုင်းရင်းဆေးထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသမှာ ကျင်းပပြုလုပ်တဲ့ အာဆီယံနိုင်ငံများအတွက်   ခရီးသွား ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာဖိုရမ်စတာတွေကို ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်ပြီး တက်ရောက်ဆွေးနွေးခဲ့တာတွေ့ရလို့ကျေနပ်အားရမိပါတယ်။

ဒါ့အပြင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင်ဒေသ အစရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းဆေးပညာကဏ္ဍတွေမှာ အတူပူးပေါင်းဆောင်ရွက်နေတာ လည်းတွေ့ရပါတယ်။

အများပြည်သူတွေ   နေ့စဉ်သုံးစွဲနေကြတဲ့ တိုင်းရင်းဆေးဝါးတွေ ဘေးကင်း လုံခြုံစိတ်ချရပြီး အရည်အသွေးနဲ့အာနိသင်ပြည့်ဝတဲ့ ဆေးဝါးတွေဖြစ်ဖို့လိုပါတယ်။ ဒီနေရာမှာ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်း စဉ်အဆင့်ဆင့်ဟာ အရေးကြီးတဲ့အတွက် ဓာတ်ခွဲခန်းဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။ အလားတူ မရိုးသားသောနည်းနဲ့တိုင်းရင်းဆေးရဲ့ဂုဏ်ဒြပ်ကိုထိခိုက်အောင် ပြုလုပ် နေမှုများကိုလည်း ထိရောက်စွာကာကွယ်ဟန့်တားသွားဖို့လိုပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိတို့ရေမြေသဘာဝ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရ တိုင်းရင်းဆေးပညာရပ်တွေ တည်ရှိနေကြတာမို့ ဘိုးဘွားအမွေအနှစ် အမျိုးသားဆေးပညာရပ်အနေနဲ့ အားကိုးအားထားပြုနေကြဆဲဖြစ်ပါတယ်။ အခြားအခြားသောဆေးပညာနဲ့ဆေးဝါးတွေတိုးတက်လာလို့   အသုံးပြုနေကြပြီဖြစ်သလို တိုင်းရင်းဆေးပညာနဲ့ ဆေးဝါးများဟာလည်းကျန်းမာရေးအတွက်   ဆက်လက်မှီခိုအားထားအသုံးပြုနေကြရမှာဖြစ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ မြန်မာတို့ရဲ့တိုင်းရင်းဆေးပညာအရ မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့အပင်တွေနဲ့  မီးဖိုဆောင်သုံးပစ္စည်းတွေရဲ့ ဆေးဖက်ဝင်ပုံတွေကို သိရှိနားလည်စေဖို့နဲ့မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်ပြီး  သက်ရှည်ကျန်းမာစွာနဲ့ရောဂါဘယကင်းရှင်းစွာ နေထိုင်နိုင်စေဖို့အတွက်လည်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် “ပြည်သူလူထု ကျန်းမာရေး၊ တိုင်းရင်းဆေးဖြင့်   စောင့်ရှောက်ပေး” ဆောင်ပုဒ်အရ ပြည်သူလူထုကို   နေ့စဉ်မျှတစွာ ပြုမူနေထိုင်စားသောက်တတ်စေဖို့အတွက် တိုင်းရင်းဆေးပညာရှင်တွေက ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့   မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနဲ့မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို နှစ်စဉ်ကျင်းပပေးရခြင်းဟာ တိုင်းရင်းဆေးပညာ  ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့  ပြည်သူလူထုရဲ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာနဲ့ ပိုမိုစောင့်ရှောက်နိုင်ရေးကိုရည်မှန်းချက်ထားရှိပြီး ကျင်းပခြင်းဖြစ်လို့ ဒီညီလာခံကြီးမှာတွေ့ဆုံကြတဲ့နိုင်ငံတစ်နံတစ်လျားက တိုင်းရင်းဆေးပညာရှင်တွေ စုပေါင်းညီညာချစ်ခင်ရင်းနှီးစွာနဲ့ တိုင်ပင်ဆွေးနွေးနှီးနှောနိုင်ကြပါစေ၊   မြန်မာ့တိုင်းရင်းဆေးနဲ့ဆေးပညာဖွံ့ဖြိုးတိုးတက်မှု အရှိန်ကိုမြှင့်တင်ပြီး ပြည်သူလူထုရဲ့ကျန်းမာရေးကို ပိုမိုတိုးမြှင့်စောင့်ရှောက်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။