၂၀၂၆ ခုနှစ်မှာ ကျွန်တော်တို့တစ်တွေဟာ နှစ်ဟောင်းကအတွေ့အကြုံတွေကို သင်ခန်းစာယူပြီး နိုင်ငံနဲ့ လူမျိုးကိုချစ်တဲ့စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တွေကိုအခြေခံကာ အချင်းချင်းစည်းလုံးညီညွတ်မှု၊ နားလည်ယုံကြည်မှုများနဲ့ အောင်မြင်အောင်ကျော်လွှားသွားကြရပါမယ်။
၂၀၂၅ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းရောက်ရှိလာတဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြတဲ့မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျော်ဖြတ်ခဲ့တဲ့ ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁ ရက်နေ့မှာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာစဉ်က ပါရှိခဲ့တဲ့ကိစ္စရပ်အားလုံးကို ကျွန်တော်တို့အနေနဲ့ အောင်မြင်စွာဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ် မဖြစ်မနေကျင်းပပေးဖို့လိုပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာထားခြင်းမှ ရုပ်သိမ်းပေးနိုင်ဖို့နဲ့ ပေးအပ်ထားသောနိုင်ငံ့တာဝန်များကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသို့ ပြန်လည်အပ်နှံခဲ့ပါတယ်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ သတ်မှတ်ချက်များအတိုင်း ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲတစ်ရပ် အမြန်ဆုံးကျင်းပပေးဖို့ စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကိုလွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် ပြည်တွင်းပြည်ပကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကိုလည်းဖိတ်ခေါ်ခဲ့ပါတယ်။ မဲမသမာမှုတွေ မဖြစ် ပေါ်စေဖို့အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)စက်တွေကို အသုံးပြု ဆောင်ရွက်နေပါတယ်။
ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်စဉ်ကတည်းက နိုင်ငံတော်ရှေ့ဆက်လျှောက်လှမ်းရမယ့်လမ်းကြောင်းကို မျှော်မှန်းပြီး ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာချမှတ်ကာ အကောင်အထည်ဖော်လျှောက်လှမ်းခဲ့ပါတယ်။ ဒီဦးတည်ချက်တွေ အောင်မြင်ဖို့ ပြည်သူများရဲ့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမှုနဲ့အတူ အခုဆိုရင်ကျွန်တော်တို့ ပြည်သူအားလုံးလိုလားတောင့်တ လျှောက်လှမ်းလိုတဲ့ ပါတီစုံဒီမိုကရေစီပန်းတိုင်ကိုလှမ်းမြင်နေရပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တာဟာသက်ဆိုင်ရာမြို့နယ်များမှာရှိတဲ့ပါတီစုံဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့မဲဆန္ဒရှင်ပြည်သူလူထုရဲ့အင်တိုက်အားတိုက်ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ပါတယ်။တက်ကြွစွာလာရောက်မဲပေးကြတဲ့မဲဆန္ဒရှင်ပြည်သူပြည်သားအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပနေတာဖြစ်တဲ့အတွက် ကျန်ရှိတဲ့ မြို့နယ်တွေက မဲဆန္ဒရှင်ပြည်သူများအနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို အပြည့်အဝအသုံးချပြီး ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးကြဖို့လည်းလိုအပ်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ မိတ်ဆွေနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို တိုးမြှင့်တည်ဆောက်နိုင်ခဲ့သလို၊ ပြည်တွင်းထုတ်ကုန်တွေကို ပြည်ပဈေးကွက်ရရှိစေဖို့နဲ့ ပြည်တွင်းမှာ အဓိကလိုအပ်နေတဲ့နေရာတွေမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လာစေဖို့ အတွက်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားအပါအဝင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေကိုလည်းဆောင်ရွက်နိုင်ခဲ့ပြီး ထာဝရ ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်တွေကို ချမှတ် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အစိုးရကာလအတွင်း တွေ့ဆုံဆွေးနွေးမှုတွေကနေရရှိလာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်မယ် ဆိုတဲ့ အချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာ ပြင်ဆင်နိုင်ရေးအတွက် အချက် ၄၃ ချက်တို့ကို သဘောတူညီခဲ့ကြပြီးဖြစ်လို့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာဆွေးနွေးပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တာဝန်ယူစဉ် ကာလတစ်လျှောက်လုံး နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ကာလမှာ ထွက်ပေါ်လာမယ့်အစိုးရကို နိုင်ငံ့တာဝန်တွေလွှဲပြောင်းပေးအပ်ပြီး ဒုတိယစာမျက်နှာကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။
ယခု ကူးပြောင်းရောက်ရှိတဲ့ ၂၀၂၆ ခုနှစ်ဟာ ကျွန်တော်တို့ နိုင်ငံအတွက် မင်္ဂလာရှိတဲ့နှစ်သစ်၊ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကိုပြန်လည်တည်ဆောက်နိုင်မယ့်နှစ်လို့ ယုံကြည်ပါတယ်။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မယ့်နှစ် တစ်နှစ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံးရဲ့လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမယ့်နှစ်လို့လည်း ယုံကြည်ပါတယ်။
ဒါ့ကြောင့် ၂၀၂၆ ခုနှစ်မှာ ကျွန်တော်တို့တစ်တွေဟာနှစ်ဟောင်းက အတွေ့အကြုံတွေကိုသင်ခန်းစာယူပြီနိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်တွေကို အခြေခံကာ အချင်းချင်းစည်းလုံး ညီညွတ်မှု၊ နားလည်ယုံကြည်မှုများနဲ့ အောင်မြင်အောင်ကျော်လွှားသွားကြရပါမယ်။ ၂၀၂၆ ခုနှစ်ဟာ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးရဲ့အောင်ပွဲဖြစ်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကိုအရောက်လှမ်းပြီး နိုင်ငံအတွက် သမိုင်းကောင်းအမွေကို လက်ဆင့်ကမ်းပေးကြဖို့ တိုက်တွန်းမှာကြား လိုပါတယ်။
ယခုလို မင်္ဂလာရှိတဲ့ နှစ်သစ်ကူးအချိန်အခါသမယကစပြီး မြန်မာနိုင်ငံသူနိုင်ငံသား၊ မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် မေတ္တာစေတနာထားပြီး ပြည်ထောင်စုကြီးရဲ့ကောင်းကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ကြပါစေ၊ မှန်ကန်တဲ့ အတွေးသစ်၊ အမြင်သစ်၊ ယုံကြည်ချက် ခံယူချက်အသစ်တွေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနဲ့ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ကြပါစေ၊ ပျော်ရွှင်ချမ်းမြေ့စွာနဲ့အေးချမ်းသာယာတဲ့ ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျား။
အားလုံးကို ကျေးဇူးတင်ပါတယ်။


