“(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ”ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့်ဂုဏ်ပြုမိန့်ခွန်း

အားလုံးမင်္ဂလာပါ။

ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသနညီလာခံ” ကို တက်ရောက်လာကြတဲ့ ဧည့်သည် တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ ကောင်းခြင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွေကို “သုတေသနဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးဆိုင်ရာပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်းမြင့်မားလာစေရန်” နဲ့ “သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန်” စတဲ့ ရည်ရွယ်ချက်တွေနဲ့ ၁၉၆၅ ခုနှစ်က စတင်ကျင်းပလာခဲ့တာ  ယခုအခါ (၅၄) ကြိမ်‌မြောက် ကျင်းပနိုင်ပြီဖြစ်ပါတယ်။

ယနေ့ခေတ်ဟာ သိပ္ပံနဲ့နည်းပညာခေတ်ဖြစ်တဲ့အတွက် အရာရာဟာ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲလျက်ရှိနေပါတယ်။ ဒါ့ကြောင့်လည်း ဆေးသိပ္ပံပညာရပ်များ၊ ရောဂါရှာဖွေကုသတဲ့ ခေတ်မီ ဆေးဘက်ဆိုင်ရာကိရိယာများ၊ ဆေးဝါးနဲ့ ကုထုံးအသစ်တွေတိုးတက်လာဖို့နဲ့ Artificial Intelligence (AI)  နည်းပညာအကူအညီနဲ့ဆောင်ရွက်နိုင်တဲ့အထိ စဉ်ဆက်မပြတ် လေ့လာသိရှိဖို့လိုအပ်လာပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွေမှာ ပြည်တွင်းက သုတေသီပညာရှင်တွေသာမက နိုင်ငံတကာကသုတေသီများလည်းပါဝင်ပြီး သုတေသနစာတမ်းများ၊ သုတေသနပိုစတာများကို တင်သွင်းပြသကြတာတွေ့ရပါတယ်။ ဒါ့အပြင် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲ (Symposium) တွေနဲ့ ဘာသာရပ်အလိုက်ဟောပြောပွဲ (Scientific Talk) တွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပပြီး အသစ်အသစ်သော ကျန်းမာရေးဆိုင်ရာအချက်အလက်များနဲ့ သုတေသနဆိုင်ရာတွေ့ရှိချက် (Updated knowledge and research finding) တွေကို တင်ပြဆွေးနွေးကြမယ်လို့လည်းသိရှိရပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာသုတေသနလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဆောင်ရွက်နေတာတွေ့ရှိရလို့ ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားလိုပါတယ်။

ယခု (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံရဲ့ ဦးတည်ချက်အဖြစ် “ဆေးသုတေသန ဆောင်ရွက်မှုများမှသည် ပြည်သူလူထု၏ကျန်းမာရေး ပိုမိုကောင်းမွန်စေရေး – Better Health Through Medical Research” ဆိုတဲ့ ဆောင်ပုဒ်နဲ့ သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။

ဆေးသုတေသနလုပ်ငန်းတွေကရရှိလာတဲ့ ခိုင်မာတိကျတဲ့ရလဒ်အခြေပြုသုတေသနတွေ့ရှိချက် (Evidence-based research finding) တွေကိုအသုံးပြုပြီး ရောဂါရှာဖွေရေးနည်းစနစ်များ၊ ရောဂါကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ တိုးတက်အောင်မြင်စေဖို့နဲ့ မိမိတို့နိုင်ငံအတွက် ခေတ်နဲ့အညီ သင့်တော်တဲ့ ကျန်းမာရေးဆိုင်ရာမူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ဖို့ကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆေးသုတေသနဆောင်ရွက်မှုရလဒ်တွေကတစ်ဆင့် တစ်မျိုးသားလုံးရဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေပြီး မိမိတို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်းတိုးမြင့်လာစေနိုင်မှာလည်း ဖြစ်ပါတယ်။

 ယခုအချိန်မှာ အဖြစ်များပြီး ထပ်မံဦးမော့လာနိုင်တဲ့ မကူးစက်တတ်သောရောဂါများဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေကို ထိန်းချုပ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊  ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနဲ့  ဆေးသုတေသနဦးစီးဌာနတို့ပူးပေါင်းပြီး “မြန်မာနိုင်ငံရှိ မကူးစက်တတ်သောရောဂါများ၏ ဖြစ်ပွားနိုင်ခြေကို လေ့လာခြင်းသုတေသန (၂၀၂၄)” ကို ဆောင်ရွက်ပြီးစီးခဲ့ပြီလို့ သိရပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ  မကူးစက်တတ်သောရောဂါဖြစ်ပွားမှုမြင့်မားလာခြင်းကို ကာကွယ်တားဆီးခြင်းလုပ်ငန်းတွေနဲ့အတူ ပြည်သူလူထုအတွင်း အာဟာရမျှတစွာစားသုံးတဲ့အလေ့အထတွေ ရရှိနိုင်ဖို့အတွက် ပံ့ပိုးကူညီပေးရမှာလည်းဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံတော်က ဆေးသုတေသန ဦးစီးဌာနသာမက အခြားဦးစီးဌာနများ၊ ဆေးနဲ့ ဆေးနှီးနွှယ်တက္ကသိုလ်တွေမှာ သုတေသနလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် နိုင်ငံတော်ကဘဏ္ဍာငွေကျပ် ၁ ဒသမ ၅ ဘီလီယံ ခွင့်ပြုပေးခဲ့ ပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန ဦးဆောင်ပံ့ပိုးမှုနဲ့ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူများတွင် ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာခြင်းသုတေသန”ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူတွေဟာ အနာဂတ်နိုင်ငံတော်ရဲ့ မျိုးဆက်သစ်များဖြစ်တဲ့အတွက် ယခုဆောင်ရွက်ခဲ့တဲ့ သုတေသနရလဒ်တွေအပေါ်အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပြုလုပ် ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

နောက်တစ်ချက်မှာကြားလိုတာကတော့ ဒေသတွင်းဖြစ်ပွားတတ်တဲ့၊ ကူးစက်တတ်တဲ့ကပ်ရောဂါများ၊ ရာသီအလိုက် ဖြစ်ပွားတတ်တဲ့ရောဂါများ ကာကွယ်ထိန်းချုပ်ရေးနဲ့ ကင်ဆာရောဂါကို စောစီးစွာသိရှိစေနိုင်ပြီး ကုသမှုတွေအောင်မြင်အောင် အထောက်အကူပြုနိုင်တဲ့သုတေသနတွေကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ခေတ်မီဓာတ်ခွဲနည်းပညာများ၊ သုတေသနနည်းစနစ်များကို ကျင့်သုံးပြီး ဆောင်ရွက်နေတယ်လို့သိရှိရတဲ့အတွက် ယခုထက်ပိုပြီး ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းမှာကြားလိုပါတယ်။

အထူးသဖြင့် မိမိတို့ပြည်သူတွေ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် အာဟာရဆိုင်ရာသုတေသနများအစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာ သုတေသနများ၊ ကျန်းမာရေးနဲ့ညီညွတ်စွာ   နေထိုင်ပြုမူရေးနဲ့ပတ်သက်တဲ့ လက်တွေ့အသုံးချ ကျန်းမာရေးသုတေသနများကို တိုးမြှင့်ဆောင်ရွက်ကြဖို့လိုပါတယ်။ အဲဒီသုတေသနတွေကတွေ့ရှိချက်တွေကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်အောင်ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုပညာပေးလုပ်ငန်းတွေကိုပါ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

ဆေးကုသရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ၊ ဆေးရုံအုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနလုပ်ငန်းတွေကိုလည်း တိုးမြှင့်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးနဲ့ဆေးနှီးနွှယ်တက္ကသိုလ်များ၊ ဆေးရုံများ၊ ရောဂါတိုက်ဖျက်ရေးစီမံချက်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူလူထုအခြေပြုအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့  တိုင်းရင်းဆေးပညာနဲ့ တိုင်းရင်းဆေးဝါး ထုတ်ကုန်များကိုလည်း နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့၊ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့     ပြည်သူလုထုရဲ့ကျန်းမာရေးကို တိုင်းရင်းဆေးပညာနဲ့ ပိုမိုစောင့်ရှောက်နိုင်ဖို့လည်းလိုအပ်ပါတယ်။ တိုင်းရင်းဆေးနဲ့ပတ်သက်လို့   တိကျခိုင်မာတဲ့သုတေသနပြုထားတဲ့ အချက်အလက်တွေရရှိဖို့ လက်တွေ့အသုံးချ သုတေသနတွေကို တိုင်းရင်း ဆေးပညာဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း လမ်းညွှန် မှာကြားလိုပါတယ်။

မိမိတို့နိုင်ငံမှာ သုတေသနပြုလိုတဲ့စိတ် (Research minded) ရှိတဲ့ လူငယ်လူရွယ်တွေ ပညာရှင်တွေများစွာပေါ်ထွက်လာပြီး သုတေသနလုပ်ငန်းတွေကို နည်းစနစ်၊ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်။

ဒီအတွက်လည်း သုတေသနနည်းပညာသင်တန်း တွေ၊ သုတေသနကျင့်ဝတ်ဆိုင်ရာ သင်တန်းတွေကို စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ သုတေသနပြုလုပ်ခြင်းက အရေးကြီးကြောင်း နားလည်သဘော ပေါက်ပြီး သုတေသနဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ် (Research culture) တစ်ခု တိုးတက်ဖြစ်ထွန်းရှင်သန်လာစေရေး လေ့ကျင့်ဆောင်ရွက် ကြဖို့ မှာကြားလိုပါတယ်။

၂၀၂၅  ခုနှစ်အတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက သုတေသီ တွေနဲ့ ပညာရှင်တွေဟာ အပြည်ပြည်ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ခြင်း၊ အပြည်ပြည်ဆိုင်ရာညီလာခံများသို့ တက်ရောက်ပြီး စာတမ်းများဖတ်ကြားတင်ပြခြင်း၊ ဟောပြော ပွဲတွေမှာ ဟောပြောသူအဖြစ် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် မိမိတို့နိုင်ငံမှာ ဆေးပညာရပ်ဆိုင်ရာညီလာခံတွေကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံဆောင်ရွက်ပေးနိုင်ခဲ့တာကိုလည်း တွေ့ရ ပါတယ်။

နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအနေနဲ့ ဆေးသုတေ သနဦးစီးဌာနကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ငှက်ဖျားရောဂါသုတေသနနဲ့ ရောဂါရှာဖွေကုသရေးအတွက် ပူးပေါင်းဆောင်ရွက်တဲ့ဌာန WHO Collaborating Centre for Research & Training on Malaria – (WHO-CC) အဖြစ်  ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ကစပြီး ၂၀၂၈ ခုနှစ်အထိ အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။ ဆေးသုတေသနဦးစီးဌာနရဲ့ ငှက်ဖျားရောဂါ၊ ကိမိလဗေဒနဲ့ ပိုးသတ် ဆေးယဉ်ပါးမှုတို့နဲ့ပတ်သက်တဲ့ သုတေသန၊ လေ့ကျင့်ရေးနဲ့ ပညာရေး၊ သတင်းအချက်အလက် စုဆောင်းခြင်းနဲ့ ပေါင်းစပ်ခြင်းလုပ်ငန်း တွေမှာ (WHO-CC) အနေနဲ့ ပါဝင်ဆောင်ရွက်လျက်ရှိတယ်လို့ သိရတဲ့အတွက် နိုင်ငံ့ကျန်းမာရေးကဏ္ဍတိုးတက်မှုအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ကိုတည်ဆောက်ရာမှာ လူငယ်တွေ အသိပညာ၊ အတတ်ပညာ မြင့်မားရေးနဲ့ တိုင်းရင်းသားပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ဖို့ လိုအပ်ကြောင်း သိရှိနားလည် ထားပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ရဲ့ ဦးတည်ချက်တွေ ထဲမှာ “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက်   အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး”ဆိုပြီး ချမှတ်အကောင်အထည်ဖော်လျက် ရှိပါတယ်။ ဒီလိုကျန်းမာရေးကဏ္ဍကို မြှင့်တင်ရာမှာ သုတေသန လုပ်ငန်းများနဲ့ ခုလိုကျင်းပတဲ့ သုတေသနညီလာခံတွေဟာ များစွာ အထောက်အကူဖြစ်စေပြီး အောင်မြင်တိုးတက်မှုတွေ ရရှိမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ယခု (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာ ရေးဆိုင်ရာသုတေသနညီလာခံကြီးမှာ တင်ပြတဲ့ သုတေသနရလဒ် ကောင်းတွေဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ဖြစ်တဲ့အတွက် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်ရေးနဲ့ လူတိုင်း ရောဂါဘယကင်းရှင်းရေးကို များစွာအထောက်အကူပြုမှာဖြစ်ပါ တယ်။ ဆေးသုတေသနဦးစီးဌာနရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဆေးသုတေ သနတွေ့ရှိချက်တွေကို အသုံးချပြီး ပြည်သူတွေ ပိုမိုကျန်းမာလာစေ ရေးကို အကောင်အထည်ဖော်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျန်းမာရေးကဏ္ဍမှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်မယ့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးတွန်းအားပေးတဲ့ သုတေသန‌ ကောင်းတွေကို သုတေသီများက စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။