နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်း တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ကော်မရှင်အဖွဲ့ဝင်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအမှုဆောင်ချုပ်ဦးအောင်လင်းဒွေး၊ပြည်ထောင်စုဝန်ကြီးများနှင့်ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင် ခဲ့မှု
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင်တက်ရောက်နေကြသည့်စစ်ဘက်နယ်ဘက်မှသင်တန်းသားများအနေဖြင့်မကြာခင်သင်တန်းပြီးဆုံးတော့မည်ဖြစ်ပြီး နိုင်ငံတော်၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်သည်များကိုဆွေးနွေးမှာကြားလိုကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး ကျင်းပသည့် မြို့နယ်များအားလုံးတွင် ရာနှုန်းပြည့်ကျင်းပနိုင်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် တပ်မတော်အနေဖြင့်လည်း ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေးဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းရှိပြီး ရာခိုင်နှုန်းအားဖြင့် ၅၄ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကျင်းပချိန်တွင် စိတ်ပါဝင်စားစွာ ဆောင်ရွက်ခဲ့ကြသည်ကိုကြည့်ခြင်းအားဖြင့် ပြည်သူများအနေဖြင့် ဒီမိုကရေစီလမ်း ကြောင်း ပေါ်တွင်လျှောက်လှမ်းလိုခြင်းနှင့် နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်အပေါ် ယုံကြည်မှုရှိခြင်းတို့ကို တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူများ၏ ဆန္ဒကိုလေးစားရမည်ဖြစ်ပြီး ပြည်သူများ၏ လိုလားချက်များအတိုင်း မှန်မှန်ကန်ကန်ဖြင့်ဆောင်ရွက်သွားရန်လိုကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မဲမသမာမှုရလဒ်များဖြင့် ထွက်ပေါ်လာသည့် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် အစိုးရဖွဲ့ပြီး နိုင်ငံတော်၏ အာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းလာခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အာဏာအတွက် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကိုကာကွယ်စောင့်ရှောက်ရမည့်တာဝန်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏အကျိုးကို ထမ်းဆောင်ခဲ့ပြီး တိုင်းပြည်ကို တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်စေရေး (Evolution ပုံစံ) ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်သည့် ၂၀၂၁ ခုနှစ်မှစတင်၍ရိုးသားသည့် နိုင်ငံရေးစနစ်ဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန်ဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။
နိုင်ငံတော်တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ဆောင် ရွက်ရာတွင် ရွေးကောက်ပွဲဆိုင်ရာများဆောင်ရွက်ပြီးချိန်၌ နိုင်ငံတော်တာဝန်များကို ပြန်လည်လွှဲပြောင်းပေးမည့်အချက်ပါဝင်ကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းကိုလည်း ဥပဒေနှင့်အညီ ခွင့်ပြုပေးခဲ့ကြောင်း၊ စည်းကမ်းဥပဒေများနှင့် မညီညွတ် သည့်ပါတီများကို မှတ်ပုံတင်ခွင့်မပြုခြင်းနှင့် ပယ်ဖျက်ခြင်းများကိုလည်းဆောင်ရွက်ခဲ့ ကြောင်း၊ ပါတီဖွဲ့ခြင်းသည် နိုင်ငံရေးစင်မြင့်တွင် ပြည်သူ့ကိုယ်စားပြုအဖြစ်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံကိုထိခိုက်အောင် လုပ်ဆောင်ပြောဆိုမှုများဖြစ်လာပါက ထိန်းသိမ်းရခက်ခဲကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စနစ်တကျပြဋ္ဌာန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကို ၂၀၂၃ ခုနှစ်တွင် စတင်ခွင့်ပြုဆောင်ရွက်ပေးခဲ့ ပြီး ပါတီဝင်များတိုးပွားရေးအတွက်လည်း ပါတီဝင်စည်းရုံးရေးလုပ်ငန်းများကို ခွင့်ပြု ပေးထားခဲ့ကြောင်း၊ ပါတီဝင်များရအောင်စည်းရုံးခြင်းသည် ပြည်သူလူထုကိုစည်းရုံးခြင်းပင်ဖြစ်ပြီး ပြည်သူကိုတစ်စိတ်တစ်ပိုင်းစည်းရုံးခွင့်ရခြင်းပင်ဖြစ်ကြောင်း၊ ပါတီဝင် အင်အားများလာပါကထောက်ခံသူများပြားလာမည်ဖြစ်ပြီး ပါတီဝင်များစုဆောင်းခွင့် နှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းစဉ်များကိုလည်း နည်းလမ်းတကျခွင့်ပြုပေးထားခဲ့ ကြောင်း၊ သို့သော်လည်း အချို့ပါတီများအနေဖြင့် ပေးထားသည့် အခွင့်အလမ်းများကို ထိရောက်စွာအသုံးချနိုင်မှုမရှိခဲ့သည်ကိုတွေ့ရပြီး မြို့ကြီးအချို့၌သာ ရုံးဖွင့်၍ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်ရကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းအနက် ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းပေးခဲ့ကြသည်ကိုတွေ့မြင်ရကြောင်း၊ ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိခဲ့ကြောင်း၊ မဲစာရင်းရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ အနေဖြင့် ၁၃ ဒသမ ၃၄ ရာခိုင်နှုန်း၊ ပြည်သူ့ပါတီ ၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပြည်သူ့ ရှေ့ဆောင်ပါတီ အနေဖြင့် ၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေဖြင့် ၆ ဒသမ ၁၇ ရာခိုင်နှုန်းရရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်သူများနှင့်ထိတွေ့မှုများပြားသည့်ပါတီ များအနေဖြင့် ပြည်သူများ၏ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုကို မိမိတို့အနေဖြင့် ဖော်ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲမသမာမှု ဆောင်ရွက်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစနစ် MEVM စက်များဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သမာသမတ်ကျသည့် ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြိုတင်မဲများနှင့် ပတ်သက်၍လည်း တိကျစွာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဲဆန္ဒရှင်များ၏ စာရင်းကိုစနစ်တကျ စိစစ်ကောက်ခံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြိုတင်မဲပေးရာတွင် ၁ သိန်း ၄ သောင်း ကျော်ခန့် ပယ်မဲဖြစ်ပေါ်ခဲ့ကြောင်း၊ ခိုင်လုံသည့်အကြောင်းပြချက်ဖြင့် လျှောက်ထားသည့်သူများအား ကြိုတင်မဲများခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကြိုတင်မဲပေးရာတွင်လည်း စနစ်တကျဖြင့် ဆန္ဒမဲပေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် မဲမသမာမှုမဖြစ်နိုင်ကြောင်း၊ ရွေးကောက်ပွဲတွင် လာရောက်ဆန္ဒမဲမပေးကြသူများ အနေဖြင့် မိမိတို့ထောက်ခံလိုသူများမပါသဖြင့်မဲမပေးခြင်း၊ ဒေသလုံခြုံရေးအရ မဲမပေးခြင်း၊ မိမိတို့၏ မဲပေးပိုင်ခွင့်ရှိမှုကိုမသိရှိခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် မဲပေးရန် မလာရောက်နိုင်ခြင်းများလည်းရှိကြောင်း။
နိုင်ငံသားတိုင်း တိုင်းချစ်ပြည်ချစ်စိတ်များ မြင့်မားစေရေးနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာဖြင့် တာဝန်ထမ်းဆောင်ရေး
နိုင်ငံ့အရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ ဖြတ်သန်းခဲ့သည့်သမိုင်းကြောင်းအရ နိုင်ငံသားအားလုံး တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်း ကြောင်းအရ နိုင်ငံသူနိုင်ငံသားများအနေဖြင့် လူပုဂ္ဂိုလ်စွဲရှိကြသည်ကိုလည်းတွေ့ရ ကြောင်း၊ လူပုဂ္ဂိုလ်ကိုအစွဲပြု၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိခြင်းထက်နိုင်ငံအပေါ်အစွဲပြု၍ နိုင်ငံသားတိုင်း မှန်မှန်ကန်ကန်ဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်း၊ တိုင်းချစ်ပြည်ချစ်စိတ်တွင် နိုင်ငံသားနှင့်ပတ်သက်သည့် တိုင်းချစ်ပြည်ချစ်စိတ်နှင့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်သည့် တိုင်းချစ်ပြည်ချစ်စိတ်ဟူ၍ ခွဲခြားနိုင်ကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်၏ ဖြစ်တည်မှု ပထဝီဝင်အနေအထားများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်း တို့အပါအဝင်အထွတ်အမြတ်ထားရမည်များကို လေးစားတန်ဖိုးထားချစ်မြတ်နိုးကြရန်လိုကြောင်း၊ ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင်ဖော်ပြချက်များအရ အချို့ရုပ်ရှင်ရုံများ၌ နိုင်ငံတော်အလံကိုပင် အလေးမပြုကြသူများနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်းမရှိကြသူများပင်ရှိကြသည်ဟုစိတ်မကောင်း ဖြစ်ဖွယ်သိရှိရကြောင်း၊ ထိုသို့အပြုအမူများကိုကြည့်ခြင်းအားဖြင့် နိုင်ငံသားများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်အားနည်းနေသည်ကိုတွေ့ရကြောင်း၊ နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းကို နိုင်ငံသားများအားလုံးအနေဖြင့် အလေးအနက်နှင့် အလေးအမြတ်ထားရန်လိုသကဲ့သို့ တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း တိုင်းချစ်ပြည်ချစ်စိတ်များရှိရန်လိုကြောင်း၊ ဖြတ်သန်းခဲ့သည့်သမိုင်းကြောင်းများအရ နိုင်ငံ့ဝန်ထမ်းအချို့အနေဖြင့် စီးပွားရေး၊ နိုင်ငံ ရေးတို့နှင့် ပတ်သက်၍ မသမာမှုများဆောင်ရွက်ခဲ့ကြသည်ကိုလည်းတွေ့ရကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာတိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်ကြောင်း၊နိုင်ငံ့ဝန်ထမ်းအများစုသည် အနည်းဆုံးတက္ကသိုလ်ဝင်တန်းနှင့်အထက်ပညာအရည်အချင်းရှိကြသူများဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ၊ အရေးအခင်းများကို ပြန်ကြည့်မည်ဆိုပါက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါဝင်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအပေါ် မှီခိုသည့်သဘောကိုတွေ့ရှိရကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ အပေါ် အစွဲပြု၍လုပ်ဆောင်ကြသည်ကို တွေ့ရကြောင်း၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့အစည်းစွဲများနှင့် နိုင်ငံ့ဝန်ထမ်းဆောင်ရွက်မည်ဆိုပါက Good Governance ၊ Good Goverment မဖြစ်နိုင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားစွာသိမြင်ကာ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အချို့သောသစ္စာမဲ့နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လူပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ဂိုဏ်း ဂဏစွဲများဖြင့် လုပ်ငန်းခွင်စွန့်ခွာမှုများကို လုပ်ဆောင်ခဲ့ကြကြောင်း၊ ၂၀၂၁ ခုနှစ် စတင် တာဝန်ထမ်းဆောင်ခဲ့ရချိန်တွင် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းအများစု လုပ်ငန်းခွင်စွန့်ခွာမှုများလုပ်ဆောင်ခဲ့ကြသည့် အခက်အခဲ၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ကိုဗစ်- ၁၉ ရောဂါအပါအဝင် သဘာဝဘေးကြုံတွေ့ရမှုအကျပ်အတည်းများကြားမှ မိမိတို့အနေဖြင့် လက်ရှိအခြေအနေအထိ နိုင်ငံတော်ကိုတည်ဆောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံသားများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ တိုင်းချစ်ပြည်ချစ်စိတ်များကို တည်ဆောက်ပေးရန်လိုကြောင်း။

ပညာရေးပြုပြင်ပြောင်းလဲမှုကို မဖြစ်မနေဆောင်ရွက်သွားရမည်
မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍများတွင် နိမ့်ပါးခဲ့ကြောင်း၊ နိုင်ငံတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ၏ ပညာရေးကဏ္ဍမြင့်မားနေရန်လိုကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်အတိုင်း အတန်းပညာရှိမှသာ စည်းကမ်း ကောင်းမွန်သည့် နိုင်ငံသားများ များပြားလာမည်ဖြစ်ပြီး နိုင်ငံတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းတွင် နိုင်ငံတော်၏ အခြေအနေများကို အသေးစိတ်ဖော်ပြထားသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ပညာရေး ကဏ္ဍကို များစွာအဆင့်မြှင့်တင်ရန်လိုအပ်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ပညာရည်မြင့်မားရေးအတွက် KG+9 အထိ မသင်မနေရစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ အများစုသည် မိမိတို့ကိုယ်ကိုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှုမရှိသည့်အတွက် ဆင်းရဲမွဲတေမှုလည်းများပြားကြောင်း၊ ဆင်းရဲမွဲတေမှုများရှိနေသမျှကာလပတ်လုံး ပုဂ္ဂိုလ်ရေးခံစားချက်များရှိပြီး မနာလိုခြင်း၊ မကျေနပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံမတည်ငြိမ်မှုဖြစ်စဉ်များသည် ပညာရေးဆိုင်ရာ အားနည်းချက်ကြောင့်ဖြစ်သည်ကိုတွေ့ရကြောင်း။
ထို့ကြောင့် ပညာရေးကဏ္ဍမြှင့်တင်ရေးကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများမှ စတင်၍ နိုင်ငံတော်အလံအလေးပြုခြင်းများကို နေ့စဉ် ဆောင်ရွက်ရခြင်းအားဖြင့် နိုင်ငံချစ်စိတ်များဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထိုသို့ မဆောင်ရွက်ရသူများအနေဖြင့် နိုင်ငံချစ်စိတ်များ တစ်စတစ်စလျော့နည်းလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းနေစေ ရေးနိုင်ငံသားအားလုံး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိရိုးဖလာလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံသားအားလုံး စဉ်းစားတွေးခေါ်နိုင်စွမ်းများမြင့်မားလာစေရေး အတန်းပညာ၊ အတတ်ပညာ၊ အသိပညာများ မြင့်မားလာအောင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အတန်းပညာ တက်ရောက်ရန် မဖြစ်နိုင်တော့သည့်အရွယ်လွန်သည့် ပြည်သူများအား စာကြည့်တိုက်များဖွင့်လှစ်၍ ကျောင်းပြင်ပပညာရေးဖြင့် အသိပညာများ မြင့်မားလာအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း စာအုပ်စာပေများထုတ်ဝေရာ ရေးသားခြင်းနှင့် သတင်းစာ၊ဂျာနယ်များ၌ ဆောင်းပါးများရေးသားရာတွင်လည်း အများပြည်သူနားလည်နိုင်သည့် အသုံးအနှုန်းများကိုအသုံးပြု၍ရေးသားကြရန်လိုကြောင်း၊ စာဖတ်သူများနားလည်သိရှိမှသာ၎င်းတို့အတွက် အကျိုးရှိမည့် အသိပညာများကို ရရှိစေမည်ဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်မှုရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း။
နိုင်ငံ့ဝန်ထမ်းများ စနစ်တကျဖြင့် တာဝန်ထမ်းဆောင်နိုင်ရေး
နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ လမ်းစဉ်ပါတီခေတ်မှစတင်၍ ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်ကိုဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများကို သင်တန်းများဖွင့်လှစ် ပေးခြင်းသည် နိုင်ငံတော်၏ အခြေအနေများကို သိရှိစေရန်အတွက် သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဆင့်နှင့်သင့်လျော်သည့် သင်တန်းများကိုသင်ကြား ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကိုစနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ်များ ပေါက်ဖွားလာစေရေးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် ဖွင့်လှစ်သင်ကြားပေးသည့် သင်တန်းများ၌လည်း စနစ်တကျဖြင့် သင်ကြားပေးကြရန်လိုကြောင်း၊သို့မှသာစည်းကမ်းကောင်းမွန်သည့်ဝန်ထမ်းများ ၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် ဝန်ထမ်းများ များပြားလာမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းစနစ်များအားလုံးတူညီနေရန်လည်းလိုကြောင်း၊ ထို့ကြောင့်စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရုံးချိန်အတွင်း ရုံးအလုပ်များ စနစ်တကျ လုပ်ဆောင်နေရန်လိုကြောင်း၊ အချိန်ကိုအလေးထားဆောင်ရွက်မှသာ လုပ်ငန်းအောင်မြင်မှုများရှိမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီအလိုက် ပေးအပ်ထားသည့်လုပ်ငန်းရပ်များကို ပိုင်နိုင် ကျွမ်းကျင်စွာနှင့် အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ယခု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင်နိုင်ငံ့ဝန်ထမ်းအကြီးအကဲများနှင့် တပ်မတော်သားအရာရှိကြီးများပါဝင်ကြပြီး သင်တန်းပြီးဆုံး၍ လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိပါက မိမိတို့လက်အောက်ရှိ နိုင်ငံ့ဝန်ထမ်းများ စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက် သွားကြရန်လိုကြောင်း။
ဝန်ထမ်းများအနေဖြင့်မိမိဝင်ငွေနှင့်ထွက်ငွေ ညီမျှအောင် သုံးစွဲဆောင်ရွက် တတ်ရန်လိုကြောင်း၊ လိုအပ်သည်ထက်ပိုမို၍ ငွေကြေးများရရှိအောင်ဆောင်ရွက်မှုများရှိခြင်းကြောင့် အချို့ဝန်ထမ်းများကို အရေးယူဆောင်ရွက်ခဲ့ရခြင်းများလည်း ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး မိမိတို့အစိုးရအနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း၊ယခုအစိုးရလက်ထက်တွင် ခံစားခွင့်များကို မူရင်းလစာနီးပါးပင် အကြိမ်ကြိမ်တိုးမြှင့်ပေးခဲ့ကြောင်း၊နိုင်ငံ၏စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာဝန်ထမ်းများ၏ခံစားမှုများကိုပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကထား ဆောင်ရွက်နေသည့် နိုင်ငံဖြစ်သဖြင့် အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေများ ရရှိအောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံ၏ GDP များတိုးတက်လာပြီး နိုင်ငံ့ဝန်ထမ်းများအတွက် ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝင်ငွေများတိုး တက်လာမှသာ နိုင်ငံ့ဝန်ထမ်းများအတွက် လစာစရိတ်များတိုးမြှင့်ပေးနိုင်မည်ဖြစ် ကြောင်း၊ ကဏ္ဍအလိုက်တစ်ခုနှင့်တစ်ခုချိတ်ဆက်နေခြင်းဖြစ်သဖြင့် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း။
နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်လုပ်ငန်းများဆောင်ရွက်ရာတွင်စနစ်တကျဖြင့်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိရိုးဖလာလုပ်ငန်းများဖြင့်ဆောင်ရွက်ခြင်းထက် ခေတ်မီသည့်နည်းပညာများဖြင့် အသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ပေးရန်လို ကြောင်း၊ စီမံခန့်ခွဲမှုများကိုလည်း စနစ်တကျဆောင်ရွက်နိုင်ရန်လိုကြောင်း၊ သုတေသန လုပ်ငန်းများဆောင်ရွက်၍လည်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာ၏ ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း များကို ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးသည့်စပါးမှာ ဧည့်မထ ဆန်ကို အဓိကထားစိုက်ပျိုးကြကြောင်း၊ အရည်အသွေးပြည့်မီသည့် စပါးများစိုက်ပျိုး ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် သုတေသနပြုဆောင်ရွက် ကြရန်လိုကြောင်း၊ ကမ္ဘာ့လူဦးရေမှာ ယခုအခါ ၈ ဘီလီယံကျော်ရှိလာပြီဖြစ်ပြီး စားနပ်ရိက္ခာလိုအပ်ချက်များတိုးမြင့်လာနိုင်ကြောင်း၊ ထိုသို့လိုအပ်သည့် စားနပ် ရိက္ခာများကို ဖြည့်ဆည်းပေးနိုင်ရေး မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို တတ်ကျွမ်းသည့် ပညာတတ်လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး စက်မှု၊ စိုက်ပျိုးမွေးမြူရေး အခြေခံပညာသင်တန်းကျောင်းများကို ဖွင့်လှစ် သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ အလားတူ အခြေခံပညာအလယ်တန်းအဆင့်တွင်လည်း စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာရပ်များကို သင်ကြားပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး ဝန်ကြီးဌာနများအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည့် တိရစ္ဆာန်အစာကုန်ကြမ်းများမိမိတို့နိုင်ငံတွင် အခြေခံအားဖြင့်လုံလောက်စွာထွက်ရှိသော်လည်း မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ခြင်းမရှိသည်ကိုတွေ့ရှိရကြောင်း၊တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်စားရေးကိုအထောက်အကူပြုစေရန်အတွက် မွေးမြူရေး လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်ပနိုင်ငံများသို့လည်းတင်ပို့ရောင်းချနိုင်ကြောင်း၊ သင်တန်း သားများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့်ကာကွယ်ရေးအမြင် စသည့် အမြင် ၄ မြင်ဖြင့်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ အတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံအောင် မွေးမြူရေးနှင့် ပတ်သက်သည့် စားသောက်ကုန်များကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း။
စက်မှုကဏ္ဍနှင့်ပတ်သက်၍ ဥပမာတစ်ခုအနေဖြင့် မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုး ဖြစ်ထွန်းသည့် ဒေသများရှိကြောင်း၊ ဝါကိုအခြေခံသည့် အထည်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်ဝါအထွက်မှာကိန်းဂဏန်းအရမှားယွင်းနေ ကြောင်း၊ ဝါအထွက်နှုန်းများ ကောင်းမွန်လာပါက စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှု ကုန်ထုတ်လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင် အခြားစက်မှုသီးနှံများလည်း စိုက်ပျိုးဖြစ်ထွန်းသဖြင့် Agro-Base Industries ကို ဆောင်ရွက်နိုင်ပြီး တိုင်းပြည်ဝင်ငွေများ တိုးတက်လာမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းများအတွက် လစာစရိတ်များနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများတိုးတက်လာမှသာ ပြည်ပပို့ကုန်နှင့် ပြည်တွင်းရောင်းကုန်များ မြှင့်တင်နိုင်ပြီး နိုင်ငံခြားဝင်ငွေများရရှိလာမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံခြားငွေကြေးဈေးကွက်ကို ထိန်းနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ဆက်စပ်နေသည့် လုပ်ငန်းသဘောသဘာဝကို နားလည်ပြီး ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ တစ်ဦးချင်းတွေးခေါ်မြော်မြင်မှုများဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက အနာဂတ်နိုင်ငံတော်အတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။


