၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရင်ပြင်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်  တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME အေဂျင်စီဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များနှင့် ပြခန်း တာဝန်ခံများ၊ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ၊ အထူးဖိတ်ကြားထားသည့် ဧည့် သည်တော်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပမည့်နေရာသို့ရောက်ရှိကြရာ တာဝန်ရှိသူများက လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးချစ်ဆွေနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌက ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားမုခ်ဦးအားစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနား ဂုဏ်ပြုတေးသီချင်းဖြစ်သည့် “စက်မှု ကုန်စည်ပြပွဲဆီ” သီချင်းနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ ပါဝင်ခင်းကျင်းပြသထားသည့် ပြည်ထောင်စုဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသထွက်ကုန်ပစ္စည်းများပြခန်းနှင့် အရောင်းပြခန်းများ၊ MSME လုပ်ငန်းရှင်များ၏ MSME ထုတ်ကုန်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် ရင်းရင်းနှီးနှီး လိုက်လံကြည့်ရှုလေ့လာခဲ့ကြပြီး ပြခန်းတာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

အဆိုပါ  ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့် ဈေးရောင်းပွဲတော်ကို နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျောရိုးဖြစ်သည့် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ မြှင့်မားလာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ကုန်ကြမ်းများကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြင့် ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များကို လျှော့ချရေးနှင့် သွင်းကုန်အစားထိုးထုတ်လုပ်လာစေနိုင်ရန်၊ ပြည်တွင်းစီးပွားရေးကောင်းမွန်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းပေါများလာစေရန်၊ ဒေသအလိုက်ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP)အစီအစဉ်များ အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များနှင့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမို ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးမှု သက်သက်သာမက ဒေသအသီးသီးမှ လုပ်ငန်းရှင် အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွှတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာဓလေ့ယဉ်ကျေးမှု များ၊ ဗဟုသုတများဖလှယ်ရရှိမှု၊ ဈေးကွက်ချိတ်ဆက်နိုင်မှု၊ ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခြင်းအားဖြင့်  ပြည်ပဈေးကွက်သို့ချိတ်ဆက်နိုင်မည့်   အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း။

ယခု ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် MSME ထုတ်ကုန် ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသည့်ဆိုင်ခန်းများ၊လုပ်ငန်း/စီးပွား ချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံး စက် ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး လျှပ်စစ်သုံး မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ် ပြခန်းများ၊ အထည်ချုပ်ပြခန်းများ၊ ကုမ္ပဏီပြခန်းများအပါအဝင် စုစုပေါင်းပြခန်းပေါင်း ၁၂၀ ကျော်အား  ပြသ ရောင်းချလျက်ရှိကြောင်းနှင့် ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား ဖေဖေါ်ဝါရီ ၁၃ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဈေးရောင်းပွဲတော်ကာလအတွင်း နိုင်ငံကျော် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့်  အများပြည်သူများအနေဖြင့် လွတ်လပ်စွာလာရောက်လေ့လာဝယ်ယူနိုင်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။