ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အဖွင့်အမှာ စကားပြောကြားပြီး ရုပ်ရှင်တစ်သက်တာထူးချွန်ဆုများ ပေးအပ်ချီးမြှင့်

နေပြည်တော်  ဖေဖော်ဝါရီ  ၇

၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန – ၁(MICC 1)၌ကျင်း ပရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင် အဖွဲ့ဝင် များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊နေပြည်တော်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ စာပေနှင့် သတင်းနယ်ပယ်များမှ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ် ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိ သူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌကဒီဂျစ်တယ်စက်ခလုတ်ခုံပေါ်တွင် အကယ်ဒမီကြယ်စင်ရုပ်ကို စိုက်ထူ၍ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖွင့်လှစ် ပေးသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များက “မြန်မာ့ မြန်မာ့ ရုပ်ရှင်”တေးသီချင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနု ပညာရှင်များက “ရွှေစင်ရုပ်တု အနုဂုဏ်ရောင်” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက် ကြပြီး “ပိုမိုတောက်ပမယ့် မနက်ဖြန်များ” မှတ်တမ်း Video Clip ကို ဖွင့်လှစ်ပြသ သည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ၁၉၂၀ ပြည့်နှစ် ကတည်း က ပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းသည် ယခုဆိုပါက နှစ်ပေါင်း (၁၀၆) နှစ်တိုင်ခဲ့ ပြီဖြစ်ကြောင်း၊ ကုန်လွန်ခဲ့သည့် ရာစုနှစ်လွန်ကာလများကို မြန်မာ့ရုပ်ရှင်အနေဖြင့် ခေတ်စနစ်အမျိုးမျိုးကြားတွင် နိုင်ငံတော်၏ အရေးပါသည့်အခန်းကဏ္ဍများ၊ နိုင်ငံ၏ ပကတိအခြေအနေများ၊ ပျော်ရွှင်လွမ်းမောဖွယ်ရာ လူမှုဘဝများကို အနုပညာဖြင့် ထင်ဟပ်ဖော်ပြနိုင်ခဲ့သည့်အတွက် နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်ကျေခဲ့ပြီဟု ပြောနိုင် မည်ဖြစ်ကြောင်း။

ရုပ်ရှင်အနုပညာသည်  နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေး ပါသည့်    အခြေခံအင်အားတစ်ရပ်ပင်ဖြစ်ကြောင်း၊ နိုင်ငံနှင့်ပြည်သူများ၏ အတွေးအခေါ် ပိုင်း၊ စိတ်ဓာတ်ပိုင်းနှင့် တန်ဖိုးထားမှုများကို ထင်ဟပ်ဖော်ပြနိုင်သည့် အနုပညာဖြစ် သည့်အတွက် ရုပ်ရှင်အနုပညာကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍ မပါဝင်သည့် ဖွံ့ဖြိုးတိုးတက် မှုများသည် ပြီးပြည့်စုံမှုမရှိဘူးဟု ဆိုနိုင်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်မှု များ၏ နောက်ကွယ်တွင် စောင့်ထိန်းအပ်သည့် စရိုက်လက္ခဏာများ ပျက်စီးခြင်း၊ လူမျိုး တစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ ကိုယ်ပိုင်အမှတ် သရုပ်လက္ခဏာများ ပျောက်ဆုံးခြင်း၊ အတုယူမှားခြင်းများ ကြုံတွေ့လာနိုင်သည်ကို သတိပြုကြရမည်ဖြစ်ကြောင်း။

မြန်မာ့ရုပ်ရှင်သည် မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်များကို ကမ္ဘာနှင့် ဆက်သွယ် ပေးနိုင်သည့် ဘာသာစကားတစ်ခုဖြစ်ပြီး လူမျိုးတို့၏ ဘာသာစကားများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လူနေမှုဘဝများကို ကမ္ဘာသို့ ထုတ်ပြနိုင်သည့် မီဒီယာတစ်ခုလည်း ဖြစ် ကြောင်း၊ ထို့ကြောင့် ရုပ်ရှင်အနုပညာသည် နိုင်ငံတည်ဆောက်ရေးအတွက်    အင်အား တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ စိတ်ဝိဉာဉ်လည်း ဖြစ်သည်ဟု ပြောကြားလိုကြောင်း။

နိုင်ငံတစ်ခု လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းပြယုဂ်ကို လူနေမှုအဆင့် အတန်းတိုးတက်မြင့်မားမှုများကတစ်ဆင့် ပြသနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း မိမိတို့၏ ဘာသာအယူဝါဒများ၊ ဓလေ့ထုံးစံများ၏အဆုံးအမနှင့်   လမ်းညွှန်မှုများ၊ ကိုယ်အမူအရာများ၊     စိတ်နေစိတ်ထားသိမ်မွေ့မှုများ၊ စာနာထောက်ထားမှုများ၊ ယဉ်ကျေးသည့်လူ့အဖွဲ့အစည်းများ ထူထောင်ပေးမှုများ၊ ခေတ်ကာလအလျောက် ထွန်းကား လာသည့် ယဉ်ကျေးမှုအနုပညာများအပေါ် ခံစားနားလည်မှုများ၊ မြတ်နိုး တန်ဖိုးထား မှုများနှင့် ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပျိုးထောင်မှုများ ရှိလာနေသည်ကို တွေ့မြင် နိုင်ကြမည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်နှင့် ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်ဆိုသည့် နယ်ပယ်နှစ်ခုဖြင့် မိမိတို့ ခွဲခြားသိမြင်ထား ကြကြောင်း၊ လူမျိုးတစ်မျိုး၏ ပြောဆိုသည့် ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးစံများ၊ အတွေးအခေါ် များ၊ လက်မှုအနုပညာနှင့် အနုသုခုမပညာများ ပေါင်းခြုံထားသည့် ယဉ်ကျေးမှုကို ဒြပ်မဲ့ယဉ်ကျေးမှုဟု ခေါ်ဆိုကြပြီး လူမျိုးတစ်မျိုး၏ ပြုလုပ်သုံးစွဲခဲ့သည့် ကိုင်တွယ် ထိတွေ့၍ ရသည့် ပစ္စည်းအားလုံးကို ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဟု ခေါ်ဆိုကြ ကြောင်း။

မိမိတို့ မြန်မာနိုင်ငံတွင်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များသည် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များကဲ့သို့ ထူးခြားလေးနက်သည့် ဝိသေသ နှင့် အဓိပ္ပာယ်များရှိနေကြောင်း၊ ရုပ်ရှင်လောကသားအားလုံးသည် ရှေးရှေးဘိုးဘွား ဘီဘင်တို့ ထားရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်များကို နောင်လာနောက်သားမျိုးဆက်သစ်သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်းသယ်ဆောင် ပေးနိုင်စွမ်းရှိကြသည့် အနုပညာရှင်များ ဖြစ်ကြကြောင်း၊ ထို့ကြောင့်   ကျွန်တော်တို့၏ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အားလုံးကို လူသားအားလုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ထိန်းသိမ်းကာကွယ်ပြီး တန်ဖိုးထားလုပ်ဆောင် ပေးကြရန် အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်း။

ယခုအချိန်တွင် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး မကြာမီ အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍ၊ တရား စီရင်ရေးကဏ္ဍများတွင် ဒီမိုကရေစီနှင့် လိုက်လျောညီထွေဖြစ်မည့် အင်စတီကျူးရှင်း များ ပြန်လည်ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကြီး အောင်မြင် အောင် ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့်အနုပညာရှင်များနှင့် တိုင်းရင်းသား ပြည်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း။

ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအုပ်ချုပ်သည့်စနစ်ဟု ပြောနိုင်သော်လည်း ယင်းဒီစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် ဆောင်ရွက်ကြရသည့် ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်များကို “ဒီမိုကရက် တိုင်ဇေးရှင်း” ဟု ခေါ်ဆိုကြခြင်း ဖြစ်ကြောင်း၊ တစ်နည်း အားဖြင့် ပြောရလျှင် ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်ကနေ  ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းရာတွင် ချက်ချင်းလက်ငင်း ပြီးပြီးရော ပြောင်းလဲပေး၍ မရဘဲ အဆင့်ဆင့် ကူးပြောင်းရခြင်းကို ဒီမိုကရက်တိုင်ဇေးရှင်းဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း၊ ယင်းအဆင့် ကို ရောက်ရန်ဆိုပါက မိမိတို့ လူ့အဖွဲ့အစည်းအားလုံးက ပကတိအခြေအနေကို မျက်နှာမူ ကြရပါကြောင်း၊ လက်တွေ့ မကျသည့် ဆွဲဆောင်စည်းရုံးမှုများကို အများအကြိုက် လှုံ့ဆော်နှိုးဆွပေး၍ မရသကဲ့သို့ မိမိတို့၏ စိတ်ဆန္ဒများကို ရှေ့တန်းတင်၍ ချဉ်းကပ်၍ လည်း မဖြစ်နိုင်ကြောင်း၊ ဒီမိုကရက်တိုင်ဇေးရှင်း အခြေတည်ရာ လူ့အဖွဲ့အစည်း၏    လူမှုစီးပွား အနေအထားများ၊ လူမှုအုပ်စုများ၏ စုဖွဲ့ဖြစ်တည်ပုံများနှင့် နိုင်ငံရေး ယဉ်ကျေးမှုတို့၏ အပေါ်တွင်သာ အခြေခိုင်ခိုင် ဆောင်ရွက်ရသည့် သဘောရှိသည်ကို တွေ့ကြရမည် ဖြစ်ကြောင်း။


ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒီမိုကရက်တိုင်ဇေးရှင်းပုံစံများ မျိုးစုံ ရှိကြသော်လည်း မိမိတို့ မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုင်ဇေးရှင်းပုံစံမှာ ဒီမိုကရေစီစံနှုန်းများကို အခြေပြု စတင်ခဲ့ခြင်း မဟုတ်ကြောင်း၊ တိုင်းပြည်၏ ပကတိအခြေအနေဖြင့် လူမှုစီးပွားဖြစ် ထွန်းမှုများ၊ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဓလေ့ ဖွံ့ဖြိုးမှုများ အပေါ် အခြေခံစဉ်းစားပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်း ပြီးပုံစံ(Imposed Transition)ဖြင့် ကူးပြောင်းခဲ့ရသည့် ပြောင်းလဲမှုဖြစ်စဉ်ပင်ဖြစ် ကြောင်း၊ တစ်နည်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် မပျက်မကွက် လိုက်နာ ဆောင်ရွက် ရမည့် အသက်ခန္ဓာကြီးတစ်ခုဖြစ်သည်ကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြသည့် ပုဂ္ဂိုလ် များနှင့် ပြည်သူအားလုံးက သိရှိထားရန် လိုအပ်မည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အကျိုး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုး ကို ရှေးရှုပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် ပိုမိုကောင်းမွန်သည့် လူမှုစီးပွား ဘဝများကို ဖြစ်ထွန်းပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊    ကမ္ဘာကြီး၏ မျက်မှောက် အခြေအနေအရဖြစ်စေ၊ မိမိတို့နိုင်ငံ၏ပကတိအခြေ အနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲ ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်များ ပင် ဖြစ်ပါကြောင်း။
ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရသည် ဒို့တာဝန်အရေးသုံးပါးကို အရင်းမူတည် ထားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ ချမှတ်ဆောင်ရွက် လျက်ရှိ သည့် အတွက် မြန်မာနိုင်ငံသားအားလုံးက တစ်သွေးတစ်သားတည်းသော စည်းလုံး ညီညွတ် သည့် အမျိုးသားရေး စိတ်ဓာတ်များဖြင့် နိုင်ငံတော်ကြီးအေးချမ်းသာယာရန်နှင့် ဖွံ့ဖြိုးတိုး တက်ရန်အတွက် အတူတကွ လက်တွဲအကောင်အထည်ဖော်ပေးကြရန်လည်း ထပ်မံ တိုက်တွန်းပြောကြားလိုပါကြောင်း။


မကြာမီအချိန်တွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိကြသူများ ကို ဖွင့်ဖောက်ကြေညာပြီး ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့ရုပ်ရှင်ဇာတ်ကား ၇၂ ကား ရုံတင် ပြသနိုင်ခဲ့ပြီး ယင်းဇာတ်ကားများအနက်မှ ထူးချွန်သည့်အနုပညာရှင်၊ အတတ်ပညာရှင်များကို အဆင့်ဆင့် စိစစ်အကဲဖြတ်ကာ ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာရုပ်ရှင်ဇာတ်ကားများကို ယခင်နှစ်များထက် ပိုမိုရုံတင်ပြသနိုင်ခဲ့ခြင်းသည် ရုပ်ရှင်လောက ပုံမှန်ပြန်လည်သက်ဝင် လှုပ်ရှားနိုင်ခဲ့ကြောင်း ပြသခြင်းဖြစ်သည့်အတွက် ရုပ်ရှင်အစည်းအရုံးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အနုပညာရှင်များ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။
မိမိအနေဖြင့် နှစ်စဉ်တိုက်တွန်းပြောကြားခဲ့သည့် စကားတစ်ခွန်းကို ယခုနှစ်တွင် လည်း ပြန်လည်တိုက်တွန်း ပြောကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်လာရန် အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့်  အားပေးကူညီမှုများကို လုပ်ဆောင်ပေးခဲ့ပြီး ဆက်လက် ၍လည်း ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရုပ်ရှင် အနုပညာရှင်များ ကလည်း ပြည်သူများကို  ဖျော်ဖြေရေးသက်သက်သာမက နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ချစ်စဖွယ် မြန်မာ့ဓလေ့ မြန်မာ့စရိုက်၊ မြန်မာ့ ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှ အပများကိုဖော်ညွှန်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုရိုက်ကူးတင်ဆက်ပေးရန် မှာကြားလိုကြောင်း၊ အမျိုးသားရေးနှင့်ယှဉ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ် ထွန်းကားရေး၊ ပြည်သူများ အသိပညာတိုးတက်ရေး၊ နိုင်ငံတော်၏ ဦးတည်ချက်များ အောင်မြင်စေရေးတို့အတွက် ရိုက်ကူးတင်ဆက်ပေးကြရန် ထပ်လောင်းတိုက်တွန်း ပြောကြားလိုပါကြောင်း။
ယခုနှစ်တွင်လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖွဲ့စည်းထားရှိသည့် ဆုရွေးချယ် ရေးအဖွဲ့ဝင်များက   ရွေးချယ်ပေးကြသည့် ဆုများကို မကြာမီချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် အနုပညာ လုပ်ငန်းများကို    ဆက်လက်အောင်မြင်တိုးတက်စေရန်အတွက် အင်အားများ ပိုမို ရရှိပြီး မိမိတို့၏ အနုပညာအလုပ်များကို ပိုမိုအားထုတ်    ကြိုးပမ်းသွားကြမည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း။
အလားတူ ထူးချွန်ဆုမရရှိသေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့် နှစ်ကာလများတွင် မိမိတို့၏     အနုပညာစွမ်းပကားများကိုမြှင့်တင်ပြီး ထူးချွန်ဆုများ ဆွတ်ခူးနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းလိုကြောင်း၊ အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဓလေ့စရိုက်များ မမှေးမှိန်၊ မပျောက်ပျက်စေရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှုဓလေ့ စရိုက် လွှမ်းမိုးလာမှုကို ကာကွယ်တားဆီးပြီး အရိုးပေါ်အရွက်မဖုံးစေရန်၊ ပြောင်းလဲ လာနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်လျောညီထွေစွာလိုက်ပါလျက် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိတို့တတ်ကျွမ်းသည့် အနုပညာကိုအခြေတည်ပြီး အမျိုးသား ရေး စိတ်ဓာတ်ဖြင့် ဖော်ဆောင်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့်  ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင်    ဦးကြည်စိုး ထွန်းက ဝမ်းမြောက်စကား  ပြောကြားသည်။
ထို့နောက် အခမ်းအနားမှူးက ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီပေးကြသည့် ရွှေကြိုမောင်/မယ်များကို တစ်ဦးချင်း မိတ်ဆက်ပေးသည်။

ယင်းနောက် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့် ရာ ပြန်ကြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၅ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် တစ်သက်တာဆု ရရှိကြသူများကို ဖွင့်ဖောက်ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်၊    အတတ် ပညာရှင် များအပါအဝင် ရုပ်ရှင်လောကသားအားလုံးက လှိုက်လှဲဂုဏ်ယူစွာချီးမြှင့်သည့် ရုပ်ရှင် တစ်သက်တာထူးချွန်ဆုရရှိကြသော ဦးဋ္ဌေးအောင်(ဆွေဗမာ)၊      သရုပ်ဆောင် ဒေါ်ခင် လေးဆွေနှင့် ဒါရိုက်တာ အကယ်ဒမီ ဦးကြည်စိုးထွန်းတို့ကို    ဆုများပေးအပ် ချီးမြှင့်ပြီး မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြသည်။


ယင်းနောက် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိကြသည့် အနုပညာရှင်များက ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆု များကို ဖွင့်ဖောက်ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို  “နှင်းပွင့်စေရာ” ဇာတ်ကား ဖြင့် သားကျော် ၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို “မြစ်လက်တက်ပေမဲ့ ရေစီးက ကြမ်းတယ်”ဇာတ်ကားဖြင့် ဟန်ထူးဇင်၊ အကောင်းဆုံးရုပ်ရှင်အသံဆုကို  “နတ်ဝင်သည်” ဇာတ်ကားဖြင့် ကိုဂျိုး ၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို “မြို့ပြထဲက လမ်းမ”ဇာတ်ကားဖြင့် အကယ်ဒမီ ခွန်၊ အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆုကို “မောင့်မိဖုရား”ဇာတ်ကားဖြင့် သီလံ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို “ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး” ဇာတ်ကားဖြင့် Hein Film Production တို့က ရရှိကြသည်။
ထူးချွန်ဆုရရှိကြသူများကို      ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ   ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိ သူများက ကျေးဇူးတင်စကားပြောကြားကြသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆုများ( Myanmar Academy Fashion Awards)ကို ပေးအပ်ချီး မြှင့်ရာ  အကောင်းဆုံးအမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ နေတိုး၊ အကောင်းဆုံး အမျိုးသမီးဝတ်စားဆင်ယင်မှုဆုကိုအကယ်ဒမီ    မေသန်းနု၊ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုဆုကို ကောင်းမြတ်စံ၊ အကောင်းဆုံး အမျိုး သမီး ဝတ်စားဆင်ယင်မှုဆုကို ရတနာဗိုတို့ကရရှိကြပြီး အကယ်ဒမီများရှင် ဆွေဇင်ထိုက် က ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍     ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆု များကိုဖွင့်ဖောက်ကြေညာရာ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို     “ဗြောသံ” ဇာတ်ကားဖြင့်     အကယ်ဒမီ ဩရသ၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “မောင့်မိ ဖုရား” ဇာတ်ကားဖြင့် ခိုင်နှင်းဝေ၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို “ မြစ် လက် တက်ပေမဲ့ ရေစီးကကြမ်းတယ် ”ဇာတ်ကားဖြင့် နေမျိုးအောင်၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို “ မောင့်မိဖုရား ”ဇာတ်ကားဖြင့် ရတနာဗို ၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို “ မြေစာ ”ဇာတ်ကားဖြင့် အကယ်ဒမီ မြင့်မြတ်တို့က ရရှိကြသည်။
ထူးချွန်ဆုရရှိကြသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝါရင့အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက အကယ်ဒမီ ရွှေစင်ရုပ်တုများ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိသူများက ကျေးဇူးတင်စကားပြော ကြားကြသည်။
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပစဉ်အတွင်း အနုပညာရှင်များက    တေးသီချင်း များ၊ အကအလှများဖြင့် အလှည့်ကျ ဖျော်ဖြေတင်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော် မရှင်ဥက္ကဋ္ဌတို့သည် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သည် အခုဆိုလျှင် နှစ်ပေါင်း (၁၀၆) နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြင့်မားရေးကို    ရှေးရှု၍ ၁၉၅၂ ခုနှစ်ကစတင်ပြီး မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေးအကဲဖြတ်အဖွဲ့သည် မြန်မာ့ ရုပ်ရှင်လောကသား ထူးချွန်ထက်မြက်သည့်   အနုပညာရှင် အတတ်ပညာရှင်များကို ရွေးချယ်ကာ ထူးချွန်ဆု ချီးမြှင့်ခဲ့သည်မှာ ယနေ့ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် အကောင်း ဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသည် (၇၄) နှစ်အတွင်းတွင် (၆၇) ကြိမ်မြောက် ချီးမြှင့်ခြင်းဖြစ်သည်။