နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ – ၉

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင် ရွက်ရမည့်လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အစိုးရ၏ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဝင်ငွေနှင့် အသုံးစရိတ် မျှတမှုမရှိသည့် လုပ်ငန်းများရှိနေကြောင်း၊ သို့ဖြစ်၍ ဝင်ငွေနှင့်သုံးငွေ မျှတမှုရှိစေရန် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ယခင် အစိုးရလက်ထက်တွင် စီမံခန့်ခွဲမှုလွဲမှားမှုများကြောင့် အချို့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း၊ အချို့လုပ်ငန်းများသည် လုပ်ငန်း ဆောင်ရွက်နိုင်မှုမရှိသော်လည်း လစာငွေ ပေးချေထားရခြင်းများနှင့် ထိန်းသိမ်းမှု ကုန်ကျ စရိတ်များ များစွာရှိနေ ကြောင်း။
ရပ်တန့်ထားသည့် စက်ရုံများသည် နိုင်ငံ့အတွက်အရှုံးများသာဖြစ်သဖြင့် ပြန်လည်လည်ပတ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် ရာတွင် အကုန်အကျအနည်းဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရေး အတွက် မလိုလားအပ်ဘဲ ငွေကြေးကုန်ကျမှုများမဖြစ်ပေါ်စေရေး မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလိုကြောင်း၊ မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်းမရှိပါက အရေးယူခြင်း များကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ ဦးစီးခေါင်းဆောင်ရသည့် တာဝန်ရှိသူများ အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို သိရှိအောင်ဆောင်ရွက်ပြီး မှန်ကန်သည့် လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အား ပေးအပ်လာ သည့်တာဝန်ကို မူဝါဒအားဖြင့် သိရှိဆောင်ရွက်နိုင်ရေး‌ ဆောင်ရွက်သွားရန်လိုကြောင်း။
လာမည့်ကာလတွင် ပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ် မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍ အလိုက် အထောက်အကူပြုနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးတွင် KG + 9 သင်ကြားပြီးမြောက်ချိန်တွင် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ကူးပြောင်း သင်ကြားနိုင်ရေး အောင်မြင်အောင် ဆောင်ရွက်ပေးကြစေလို ကြောင်း၊ အောင်မြင်သော ပညာရေးစနစ်ဖြစ်အောင် ဝိုင်ဝန်းတည်ဆောက်ပေးကြ စေလိုကြောင်း။
နောင်ကျင်းပမည့် အခမ်းအနားများနှင့်ပတ်သက်၍ ဘာသာရေး၊ နိုင်ငံရေး သက်ဆိုင်ရာကဏ္ဍအလိုက် အခမ်းအနားများကို ရိုးရာအစဉ်အလာမပျက် အနှစ်သာရ ပြည့်ဝစွာဖြင့် ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ နိုင်ငံတော်၏ ယဉ်ကျေးမှုနှင့် ကိုးကွယ်မှုတို့သည် ပြင်ပ ပယောဂ များကြောင့် ပျောက်ပျက်သွားခြင်းများမရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ် ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည် စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများအလိုက် ပေါင်းစပ်ညှိနှိုင်းကြိုးစား ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်းဖြင့် ပြောကြားပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။