မြန်မာ့မျက်နှာစာသစ်ဖိုရမ်(ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှု) ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ပြောကြားသည့်အမှာ စကား

ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲဟာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ နိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများမှာ အမြင်ကျယ်ကျယ်နဲ့ ရှုမြင်ပြီး နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ  ပါဝင်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ကြိုတင် သိမြင်နိုင်စေဖို့၊ နိုင်ငံတော်ရဲ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်/သွင်း ကုန်ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍတွေမှာ ဥပဒေများ ရေးဆွဲကြတဲ့အခါ ချဉ်းကပ် ဆောင်ရွက်ရမယ့်နည်းလမ်းများနဲ့ ထိရောက်တဲ့ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းနိုင်စေဖို့၊ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားဆောင်ရွက်သင့်တဲ့ အချက်အလက်တွေ၊ နိုင်ငံတကာမှာကျင့်သုံးနေ တဲ့အချက်အလက်တွေကို သိရှိနိုင်စေဖို့၊ နိုင်ငံတော်အစိုးရသစ်လုပ်ငန်းများဆောင် ရွက်ရာမှာ အဆင်ပြေချောမွေ့စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူညီဆောင်ရွက်နိုင်စေဖို့ဆိုတဲ့ ရည်ရွယ် ချက်(၄)ရပ်နဲ့ကျင်းပတယ်လို့ သိရပါတယ်။

တကယ်တော့ ဒီဖိုရမ်ကို “နိုင်ငံ့မျက်နှာစာသစ်”လို့ အမည်တပ်ထားပေမယ့် နိုင်ငံရဲ့ ရုပ်ပိုင်းဆိုင်ရာမျက်နှာစာသစ်တစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ စိတ်သစ်၊ လူသစ်၊ အတွေး အမြင်သစ်၊ အခင်းအကျင်းသစ်၊ လုပ်နည်းလုပ်ဟန်သစ်၊ Vision အသစ်၊ Mission အသစ်တို့ကိုပါ ထည့်သွင်းညွှန်းဆို ရည်ရွယ်တာဖြစ်ကြောင်း ဦးစွာပြောကြား လိုပါတယ်။

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံရဲ့လွတ်လပ်ရေးကြေညာစာတမ်း ကိုပြန် ကြည့်ရင်  ကျွန်တော်တို့ရဲ့နိုင်ငံ့ခေါင်းဆောင်ကြီးတွေဟာ လွတ်လပ်ရေးကို လေးစား မြတ်နိုး တန်ဖိုးထားထိန်းသိမ်းသူတွေ၊ ငြိမ်းချမ်းရေးကို အလေးထားသူတွေ၊ ကမ္ဘာ့ငြိမ်း ချမ်းရေးကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသူတွေဖြစ်တယ်ဆို တာတွေ့ကြရမှာ ဖြစ်ပါတယ်။

“ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီးရဲ့သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်။ ငါတို့သည် လွတ်လပ်သောနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သောနိုင်ငံ အပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော  ကျင့်ဝတ်ကို စောင့်ရှောက်ကျင့် ဆောင်ပါမည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့လိုလားသူများနှင့် အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤငါတို့ကြေညာချက်ကို တစ်ကမ္ဘာလုံးတစ်ယောက် မကျန်ကြားသိစေသတည်း” လို့ ရေးသားကြေညာခဲ့တာကို တွေ့ရှိကြရမှာဖြစ်ပါတယ်။

အဲ့ဒီလွတ်လပ်ရေးကြေညာစာတမ်းဟာ မျက်မှောက်ခေတ်နိုင်ငံသားတွေအတွက် သာမ က နောင်မျိုးဆက်သစ် နိုင်ငံသားများ ကပါ လေးစားလိုက်နာပြုကျင့်ကြရမယ့် သမိုင်းပေး တာဝန်တွေ ဖြစ်တယ်ဆိုတာ အထင်အရှားတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ လွတ်လပ်ရေးရရှိခဲ့တာ နှစ်ပေါင်း ၈၀ ကျော်ရှိခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကျွန်တော်တို့အားလုံးက လေးစားမြတ်နိုးတန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းနေကြရဆဲဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်း ရေးဖြစ်စဉ်တွေမှာလည်း  တက်ကြွစွာပါဝင်ဆောင်ရွက်နေရဆဲဖြစ်တာ အားလုံး အသိပဲဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာ 

နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါ အကောင်းမြင်လွန်းခြင်း၊ အဆိုးမြင် လွန်းခြင်းဆိုတဲ့ အစွန်းတရား၂ ပါးကို ရှောင်ရှားပြီး ပကတိအခြေအနေ၊ ပကတိအမြင် များနဲ့သာ ရှုမြင်သုံးသပ်ပြောဆိုကြရမှာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေး လမ်းကြောင်းဟာ လှိုင်းလေထန်ခဲ့တယ်လို့ ပြောဆိုသူတွေရှိကြသလို နာတာရှည်ခရီး ကြမ်းကြီးပါလို့ ပြောဆိုကြသူတွေလည်းရှိကြပါတယ်။

၁၉၄၈ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းဟာ အကောင်းအဆိုးတို့ ရောပြွမ်း ဖြစ်တည်နေခဲ့တာကို တွေ့ကြရမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခသက်ဆိုးအရှည်ဆုံးနိုင်ငံလို့တောင် ပြောစမှတ်ပြုခဲ့ကြပါတယ်။

လွတ်လပ်ရေးရပြီး ၂ လအကြာကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ကြီးစိုး လာခဲ့တာဟာ ယနေ့အချိန်ထိ ချုပ်ငြိမ်းပျောက်ကွယ်မှုမရှိနိုင်သေးတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်း ပျောက်ကွယ်မှုမရှိ သေးတာဟာ အချို့သောလက်နက်ကိုင်တပ်ဖွဲ့များရဲ့ကိုယ်ကျိုး စီးပွားအခြေခံတဲ့ လက်နက်ကိုင်လမ်းစဉ်တွေကြောင့်လို့ဆိုနိုင်သလို အမျိုးသားနိုင်ငံရေး အပေါ်ခံ ယူကျင့်သုံးခဲ့မှု အားနည်းခဲ့တာကြောင့် ယုံကြည်ချက်၊ ခံယူချက်တွေ လွဲမှားကြတာ ကြောင့်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

အမျိုးသားရေးမူဝါဒနဲ့ အမျိုးသားနိုင်ငံရေးဆိုတာဟာ  လူထုလူတန်းစားရေး၊ လူမျိုးရေး၊ ဝါဒရေးတို့ထက် အရေးကြီးတယ်ဆိုတာကို နိုင်ငံသားအားလုံး သတိပြုကြဖို့ လိုအပ် ပါတယ်။ ဘယ်နိုင်ငံရဲ့အမျိုးသားရေးဝါဒကိုပဲကြည့်ကြည့် မိမိတို့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းနဲ့သီးခြားခွဲထွက်မနေဘဲ ဆက်စပ်နေတယ်ဆိုတာကို တွေ့မြင်ရမှာဖြစ် ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားရေးဝါဒ၊ အမျိုးသားနိုင်ငံရေး ဆိုတာကတော့ ကျွန်တော်တို့အမြဲတမ်းပြောနေတဲ့ ဒို့တာဝန်အရေးသုံးပါးပဲလို့ ပြောကြားလိုပါတယ်။

တကယ်တော့ စစ်ပွဲတိုင်း ဒါမှမဟုတ် လက်နက်ကိုင်ပဋိပက္ခတိုင်းဟာ နိုင်ငံရေးနဲ့ ကင်းလွတ်တာမဟုတ်တဲ့အတွက် နိုင်ငံရေးနည်းနဲ့ညှိနှိုင်းအဖြေရှာကြရမှာဖြစ်ပါတယ်။ ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ။ ယခင်က မပြောနိုင်တဲ့ ကိစ္စတွေ၊ မပြောရဲတဲ့ကိစ္စတွေကို ပြောရဲဆိုရဲပြောနိုင်ဆိုနိုင်ရှိလာကြပြီဖြစ် ပါတယ်။ ယခင်က မမျှော်လင့်ရဲတာတွေ မျှော်လင့်နိုင်သလို ယခင်က မမက်ရဲခဲ့တဲ့ အိပ်မက်တွေ ကိုတောင် မက်ခွင့်ရနေပါပြီ။ တစ်နည်းအားဖြင့်ပြောရရင် ကမ္ဘာ့နိုင်ငံအားလုံးနီးပါး မျက်နှာမူရာဖြစ်နေတဲ့ ဒီမိုကရေစီစနစ်ကို စနစ်တကျပြောင်းလဲနိုင်ခဲ့ပြီး နိုင်ငံရေးအသစ်၊ ယဉ်ကျေးမှု အသစ်တွေကို ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်တပ်မတော်ဟာ နိုင်ငံသားအားလုံးလိုလားတဲ့ ဒီမိုကရေစီစနစ်ကို စတင်အသက် သွင်းနိုင်ခဲ့သလို ယခုတစ်ဖန်   အရေးကြီးတဲ့နိုင်ငံရေးအလှည့်အပြောင်းကြီး တစ်ခုကို လည်း အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့ပြီဆိုတာကိုလည်းကျွန်တော်အလေးအနက် ပြောကြားလိုပါတယ်။

ယခုလိုရရှိထားပြီးဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းမှုတွေကို ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်တွေနဲ့ ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့အားလုံး ကြိုးစား ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အစိုးရအဆက်ဆက်ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ကြိုးစားခဲ့ကြပေမယ့် လုံးဝ အဆုံး သတ်အောင်မြင်တဲ့အထိ မဆောင်ရွက်နိုင်သေးဘဲ ပြည်တွင်းပြည်ပသွေး ထိုးနှောင့် ယှက်မှုတွေကြောင့်  နှောင့်နှေးကြန့်ကြာမှုတွေရှိနေသေးတာ ကျွန်တော်တို့ အားလုံးအသိ ပဲဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ဆိုတာ အပစ်အခတ် ရပ်စဲရေးတစ်ခုကို သာမက လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဇစ်မြစ်ကိုပါ ဖြေရှင်းနိုင်အောင် ကြိုးစားရမှာဖြစ်တဲ့အတွက် နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းပေးကြရမှာဖြစ်ကြောင်း ထပ်မံအသိပေးပြောကြားလိုပါတယ်။ တိုင်းရင်းသားအချင်းချင်းတစ်ဦးနဲ့တစ်ဦး အပြန် အလှန်လေးစားမှု၊ နားလည်မှု၊ စာနာမှုတွေ မွေးမြူပြီး အနာဂတ်နိုင်ငံတော်နဲ့ အနာဂတ် မျိုးဆက်သစ်တွေအတွက် “အမျိုးသားစည်းလုံးညီညွတ်ရေး” လမ်းကြောင်းပေါ် အတူတကွ လျှောက်လှမ်းကြဖို့ အစဉ်အမြဲဖိတ်ခေါ်ကမ်းလှမ်းခဲ့သလို ယခုလည်း ဆက်လက်ပြီးတော့လည်းဖိတ်ခေါ်ကြောင်း ပြောကြားလိုပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာ

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့အခြေခံဟာ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု၊ အခြေခံ အဆောက် အအုံများ တည်ရှိမှုတို့ပဲ ဖြစ်ပါ တယ်။ တည်ငြိမ်အေးချမ်းမှုရှိအောင် တပ်မတော်အနေနဲ့ ၂၀၁၂ ခုနှစ်ကတည်းက တစ်နိုင် ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုနိုင်ရေး ငြိမ်ချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အတူတကွပေါင်းစည်းနေထိုင်ကြတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါ တယ်။ ဒါကြောင့်လည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ကျွန်တော်တို့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဆောင်ရွက်နိုင်ခဲ့ပေမယ့် ဒီမိုကရေစီအလေ့ အကျင့်ကောင်းတွေ      အားနည်းခဲ့မှု၊ အဖွဲ့အစည်းအသီးသီးရဲ့ အတိတ်ဖြစ်ရပ်တွေအပေါ် မကျေနပ်ချက်တွေဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော် လာမှု၊ ပါတီစွဲပုဂ္ဂိုလ်စွဲများကို ရှေ့တန်း တင်ပြီး နိုင်ငံ့အကျိုးကို လျစ်လျူရှုမှုတွေကြောင့် တည်ငြိမ်အေးချမ်းမှုတွေ အားနည်းခဲ့ရပါတယ်။ ဒီ အားနည်းချက်တွေကို သင်ခန်းစာဖော်ထုတ်ပြီး အေးချမ်း တည်ငြိမ်တဲ့ လူမှုပတ်ဝန်းကျင်တွေဖြစ်ပေါ်လာအောင် တည်ဆောက်ပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

တရားဥပဒေစိုးမိုးမှုရှိမှသာ တရားမျှတမှုနဲ့ လူမှုဝန်းကျင်တည်ငြိမ်မှုရှိမှာဖြစ်သလို တရားဥပဒေစိုးမိုးမှုဟာ ဖွံ့ဖြိုးရေးရဲအခြေခံအုတ်မြစ်လည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုး ရေးကို တစ်ဖက်ကဆောင်ရွက်ပေးရမှာဖြစ်သလို အခြားတစ်ဖက်ကလည်း ကောင်း မွန်တဲ့ အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်လာရေးအတွက် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှု (Reform) ကို လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ အဲ့ဒီလိုဆောင်ရွက်ကြမှသာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ အရည်အသွေး မြင့်တက် လာမှာဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး တို့အပြင် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ဖို့နဲ့ အခြေခံအဆောက်အအုံ (Infrastructure) ဖွံ့ဖြိုးတိုးတက်ဖို့လည်း မလွဲမသွေလိုအပ်မှာ ဖြစ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှု အားနည်းရခြင်းရဲ့ အဓိကအချက်မှာ စီးပွားရေးကို မောင်းနှင် လုပ်ဆောင်နိုင်မယ့် အတတ်ပညာရှင်တွေ အားနည်းခဲ့လို့ဖြစ်ပါတယ်။ အတတ်ပညာ ဆိုတာအတန်းပညာကို အခြေခံပြီး ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပညာရေးကို  မဖြစ်မနေ အားပေးဆောင်ရွက်ရကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန် ယူစဉ်ကာလမှာ ပညာရေးနဲ့ပတ်သက်ပြီး စာသင်ကျောင်း အရေအတွက်နဲ့ ပညာရေးဝန် ထမ်းအရေအတွက် ဆိုင်ရာတွေနဲ့လိုအပ်ချက်တွေကို လေ့လာဖော်ထုတ် ခဲ့သလို အနာဂတ်ပညာတတ် လူငယ်တွေ များပြားလာစေဖို့အတွက် Polytechnic တက္ကသိုလ်တွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အလားတူ စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက်ပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွေကိုလည်း ဖွင့်လှစ်ဆောင်ရွက် ပေးခဲ့ပါတယ်။ နောင်လာမယ့်လွှတ်တော်အသီးသီးနဲ့ အစိုးရအသီးသီးမှာလည်း အနာဂတ် မျိုးဆက်သစ်လူငယ်တွေအတွက် ပညာရေးကို ဆက်လက် အားပေးဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ လမ်းပန်း ဆက်သွယ်မှုနဲ့ဒေသတစ်ခုနဲ့တစ်ခု ကွန်ရက်ချိတ်ဆက်နိုင်မှု၊ ဒီဂျစ်တယ်ဆက်သွယ် ရေးစနစ် အားကောင်းမှုတို့ဟာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှု တိုးတက်ရေးတို့အတွက် အခရာကျတဲ့လိုအပ်ချက်တွေပ ဲဖြစ်ပါတယ်။ ဒါတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်လို့မရဘဲ ဒေသခံပြည်သူတွေ၊ အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ ဒါတွေကို အစိုးရက တည်ဆောက်အကောင်အထည်ဖော်ပေးရမှာဖြစ်သလို ဒေသခံပြည်သူအား လုံးက မပျက်စီး၊ မပျောက်ပျက်အောင်၊ မသမာသူတွေရဲ့ဖျက်ဆီးမှုမခံရအောင် ဝိုင်းဝန်း ထိန်းသိမ်းပေးဖို့လိုအပ်ကြောင်းကိုလည်း အသိပေးပြောကြားလိုပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာ

 ကျွန်တော်တို့နိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မယ့် အစီအမံတွေကို ချမှတ်ကြတဲ့အခါ စီးပွားရေးအရ၊ လုံခြုံရေးအရနဲ့ နည်းပညာ အရဆိုတဲ့ မတူညီတဲ့ နယ်ပယ်တွေနဲ့ လိုက်ဖက်မျှတစွာ ပေါင်းစပ်စီမံ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စီးပွားရေးအပိုင်းမှာ ပြောင်းလဲလာနေတဲ့ ကမ္ဘာ့အစီအစဉ်သစ် (New World Order)နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြရမှာ ဖြစ်ပါတယ်။ ဈေးကွက်တစ်ခုတည်းကို အလွန်အမင်း မှီခိုနေမှုကို လျှော့ချကြရပါမယ်။ ကုန်သွယ် ဆက်ဆံရေးတွေကို ဒေသစုံဖြန့်ကြက် နိုင်စွမ်းမြှင့်တင်ကြရပါလိမ့်မယ်။ ဖြစ်ပေါ်လာ နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပြတ်တောက်မှု(Global Disruptions)တွေကြောင့် ဖြစ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့အတွက်လည်း ဒေသဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှု (Regional Economic Integration) တွေကို လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒေသ တွင်း ထုတ်လုပ်မှုကွင်းဆက်(Supply Chains)တွေကို အားကောင်းလာစေဖို့ ပူးပေါင်းပါဝင် ကြရပါမယ်။ နိုင်ငံတွေရဲ့ အမျိုးသားအကျိုး စီးပွား လုံခြုံရေးအတွက် အဓိက ကဏ္ဍတွေဖြစ်တဲ့ စားရေရိက္ခာ၊ စွမ်းအင်နဲ့နည်းပညာ ကဏ္ဍတွေလို လုပ်ငန်းတွေကို လိုအပ်သလို ဦးစား ပေးရင်းနှီးမြှုပ်နှံကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နည်းပညာနဲ့ဒီဂျစ်တယ် အချုပ်အခြာပိုင်ဆိုင်မှုဟာလည်း အဓိကရင်းနှီး မြှုပ်နှံ ဆောင်ရွက်ကြရမယ့် ကဏ္ဍတွေပဲဖြစ်ပါတယ်။ ဝင်ရိုးစုံကမ္ဘာရဲ့ ယှဉ်ပြိုင်မှုကြီး ထဲမှာ နည်းပညာဟာ အခြေခံကျတဲ့ စစ်မြေပြင်တစ်ခုလို အသွင်ဆောင်နေတယ်ဆိုတာ အားလုံး သတိပြုကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဉာဏ်ရည်တု နည်းပညာ(AI)၊ ဆီမီးကွန် ဒတ်တာ (Semiconductors)တွေနဲ့ ဆိုက်ဘာလုံခြုံရေးတွေဟာ အဆုံးအဖြတ် ပေးလာ မယ့် နည်းပညာရပ်တွေပဲ ဖြစ်တယ်ဆိုတာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

အဲဒီ သွင်ပြင်လက္ခဏာတွေကြောင့် နိုင်ငံတိုင်းဟာ မိမိတို့ ပြည်တွင်း နည်းပညာ စွမ်းရည်တွေကို တိုးတက်သည်ထက် တိုးတက်အောင် မြှင့်တင်လုပ်ဆောင်လာကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် သုတေသန လုပ်ငန်းတွေ၊ တီထွင်ဆန်းသစ်မှုတွေနဲ့ အခြေခံ အဆောက်အအုံတွေအပေါ် ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးခြင်းဖြင့် နိုင်ငံရပ်ခြား နည်းပညာအပေါ် မှီခိုမှုတွေကို လျော့ချနိုင်မှာဖြစ်သလို ဆိုက်ဘာလုံခြုံရေးနဲ့ အချက် အလက် ကာကွယ်ရေးတွေကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း နိုင်ငံတကာ နည်းတူ နည်းပညာပိုင်းဆိုင်ရာမှာ ရင်ပေါင်တန်း အမှီလိုက် နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

အလားတူ စွမ်းအင်နဲ့အရင်းအမြစ်လုံခြုံရေးဟာလည်း နောက်ထပ် စဉ်းစားရမယ့် အကြောင်းကိစ္စဖြစ်ပါတယ်။ စွမ်းအင်၊ ရေနဲ့ ရှားပါး သတ္တုတွေကို ရယူသုံးစွဲနိုင်မှုဟာ ရေရှည်တည်ငြိမ်ရေးအတွက် အလွန် အရေးကြီးတယ်ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နျူကလီးယားနဲ့ ကွဲပြားခြား နားတဲ့ အခြားသော စွမ်းအင်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ထားဖို့ လိုအပ်ပါ တယ်။ ပထဝီနိုင်ငံရေးကြောင့် ပြတ်တောက်မှုတွေ ဖြစ်ပေါ် လာမယ့် အန္တရာယ်တွေ အတွက် ကြိုတင်ဆောင်ရွက်တဲ့အနေနဲ့ ရှားပါးသတ္တုတွေနဲ့ စားနပ်ရိက္ခာဖူလုံရေး တွေကိုလည်း လုံခြုံစိတ်ချရအောင် စီမံဆောင်ရွက်ထားကြရမှာ ဖြစ်ပါတယ်။

ပြောင်းလဲနေတဲ့ နိုင်ငံတကာ အခြေအနေတွေအောက်မှာ မြန်မာ နိုင်ငံဟာလဲ စိန်ခေါ်မှု တွေနဲ့အတူ အခွင့်အလမ်းများစွာ ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော် တို့အစိုး ရဟာ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရှင်သန်ရေးနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်း တွေကို စနစ်တကျဆောင်ရွက်လျက်ရှိတယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်။ နိုင်ငံရေး တည်ငြိမ်မှုကို တစ်ဖက်က ကြိုးစားဆောင်ရွက်နေသလို  အခြား တစ်ဖက်မှာ လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ စီးပွားရေးနဲ့အတူ လူမှုဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဆက်စပ်ဆောင်ရွက်သွားရ မှာဖြစ်လို့ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း ညီညွတ်မှုနဲ့ လူမှုသဟဇာတဖြစ်မှုတွေကို ပိုမို မြှင့်တင်ဆောင်ရွက်ပေးသွားဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှု၊ ဒီမိုကရေစီထွန်းကားမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အပေါ်မှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ စာနာနား လည်မှု၊ ထောက်ခံအားပေးမှုနဲ့ ရိုင်းပင်း ကူညီမှုတွေကို ယခုထက်ပိုမို ရရှိလာလိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့် ပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာ

ယနေ့ဆွေးနွေးပွဲမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့မှ စီးပွားရေးဆိုင်ရာ ပညာရှင်တွေ လာရောက်ဆွေးနွေးကြတဲ့အတွက် ၂၀၂၆ ခုနှစ် မြန်မာ့မျက်နှာစာသစ်ကို ပုံဖော်တည်ဆောက်မှုမှာ များစွာ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒီဆွေးနွေးပွဲကြီးကနေ စစ်မှန်တဲ့အကြံပြုချက်တွေနဲ့ စေတနာ ပါတဲ့ ထောက်ပြ ပြောဆိုမှုတွေကို ကျွန်တော်တို့ လေးစားတန်ဖိုးထား ကြောင်း ပြောကြားလိုပါတယ်။

            နိဂုံးချုပ်အနေနဲ့ ပြောရရင် ယခုဆွေးနွေးပွဲကြီးရဲ့ ရလဒ်တွေဟာ မြန်မာနိုင်ငံရဲ့ မျက်နှာစာသစ်ကို လှပစွာပုံဖော်နိုင်ဖို့ ပံ့ပိုးဆောင်ရွက် ပေးနိုင်မယ်လို့ မျှော်လင့်ထား ပါတယ်။ မကြာခင်ကာလမှာ အစိုးရအဖွဲ့သစ်နဲ့အတူ မြန်မာနိုင်ငံရဲ့ အာရုဏ်ဦး နံနက်ခင်း သစ်တစ်ခု ဒါမှမဟုတ်မျက်နှာစာသစ်တစ်ခုကို ရောက်ရှိတော့မှာဖြစ်ပါ တယ်။ တစ်နည်း အားဖြင့် အမှောင်တွေပြေပျောက်ပြီး ရွှေရောင်လင်းလက် အလင်းဖြာ စေမယ့် ရောင်နီ သစ်ချိန် ရောက်ရှိတော့မှာဖြစ်ပါတယ်။ ယခုလို မင်္ဂလာရှိတဲ့ အချိန်အခါ သမယမှာ မြန်မာနိုင် ငံသားအားလုံး စည်းလုံးမှု၊ ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှု၊ လွတ်လပ်မှု စတဲ့ကောင်းကျိုးတရားများ ရရှိခံစားနိုင်ကြပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုကြီးကို အတူတကွတည်ထောင် အကောင်အထည် ဖော်ကြပါစို့ ဟု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

            အားလုံးကို ကျေးဇူးတင်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။