ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကျင်းပပြုလုပ် 

နေပြည်တော် မတ်  ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော်၏     တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌  ကျင်းပပြုလုပ်သည်။

ဦးစွာ  လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်  လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင် စည်သူရဲဝင်းဦးတို့သည် ရှေ့ဆောင်အရာရှိနှစ်ဦးဦးဆောင်၍ အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြသည်။

ထို့နောက် လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်စည်သူရဲဝင်းဦး တို့သည် အလေးပြုခံစင်မြင့်တွင်နေရာယူကြပြီး  ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူသည်။

ထိုသို့ ဂုဏ်ပြုတပ်ခွဲ၏အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၁၉ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။

ထို့နောက် လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည်    ဂုဏ်ပြုတပ်ခွဲအား စစ်ဆေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ဂုဏ်ပြုမိန့်ခွန်းပြောကြားရာတွင်   ယနေ့သည် တပ်မတော်ထဲကို စတင်ဝင်ရောက်ခဲ့ သည့် ၁၉၇၄ ခုနှစ်အချိန်ကဆိုပါက ရာထူးတာဝန်အသီးသီး  ထမ်းဆောင်ခဲ့သည်မှာ ၅၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊   လွန်ခဲ့သည့်၁၅ နှစ်၊ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်   တပ်မတော်အကြီးအကဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာဖြင့် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခုတာဝန်ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးဖြစ်အောင် ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင် ခေတ်အဆက်ဆက်တပ်မတော်ခေါင်းဆောင်ကြီးများမျှော်မှန်း တည်ဆောက်ခဲ့သည့်အတိုင်းအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ကြီးဖြစ်အောင် ကြိုးပမ်းတည်ဆောက်ခဲ့ကြောင်း၊ ထိုသို့တည်ဆောက်သည့်နေရာတွင် ယခင်တပ်မတော်အကြီးအကဲများ၏  လမ်းညွှန်ဆုံးမဩဝါဒများ၊ ဖြတ်သန်းခဲ့ရသည့်ဘဝအတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး အကောင်းဆုံးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်၏ စွမ်းရည်မြင့်မားရေး၊ နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရေးတို့ကို အတိုင်းအတာတစ်ရပ်အထိ ရောက်အောင်  မြှင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း။

ထို့အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)၊ လက်ရုံးတပ်ဖွဲ့များအတွက် တိုးတက်ပြုပြင် ပြောင်းလဲမှုများစွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ဆက်တွင် လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍများစွာ ပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နေချိန်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်    မဲမသမာမှုများစွာဖြစ်ပေါ်ခဲ့သည်ကို  ဖြေရှင်းဆောင်ရွက်ပေးရန် ၂၀၀၈ ခုနှစ်   ဖွဲ့စည်းပုံအခြေခံဥပဒေအရ   ပေးအပ်ထားသောတာဝန်နှင့်အညီ တပ်မတော်မှ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဖြေရှင်းမပေးဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မနည်းဖြင့် ရယူရန်ကြိုးစားခဲ့ကြောင်း၊    ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး   နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရကြောင်း၊    ထိုသို့ဆောင်ရွက်ခဲ့ရမှုသည်အားလုံးမျှော်လင့်မထားသည့်  နိုင်ငံရေးအလှည့်အပြောင်းကြီးဖြစ်ကြောင်း၊ အဆိုပါကာလကနိုင်ငံတော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါအပြင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပြီး ပြည်တွင်းဆူပူအုံကြွမှုမျိုးစုံ၊ ပြည်ပက    သွေးထိုးလှုံ့ဆော်မှုမျိုးစုံနှင့် အခက်ခဲအကျပ်တည်းဆုံး  အချိန်များကို ကြုံတွေ့ဖြတ်သန်းခဲ့ရကြောင်း၊  အဆိုပါ အခက်အခဲများကို တပ်နှင့်ပြည်သူလက်တွဲပြီး    အားလုံးစုစည်းညီညွတ်စွာဖြင့်အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ ၂၀၂၅ ခုနှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်     ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲအဖြစ်   သန့်သန့်ရှင်းရှင်းအောင်မြင်စွာ   ကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့်မကြာမီအချိန်တွင် လွှတ်တော်မှရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်သမ္မတ ဦးဆောင် သည့် အစိုးရသစ်ကို နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း။

ထိုသို့ နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့သည့် အခြေအနေများတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အတွင်းရေးမှူး၊ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်တာဝန်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) တာဝန်တို့ကို တက်တက်ကြွကြွကျေကျေပွန်ပွန်   ထမ်းဆောင်နိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူကြောင်း။

ထို့ကြောင့်   ယခုလက်ရှိတာဝန်ယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို ယနေ့တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံကို   လွှဲပြောင်းပေးအပ်လိုက်ပါ ကြောင်း၊  နိုင်ငံတော်၊     ပြည်သူလူထုနဲ့ တပ်မတော်၏ အကျိုး၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက်   ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ     ကျရာနေရာကနေဆက်လက်အကျိုးပြုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်ထဲ စတင်ဝင်ရောက်စဉ်ကတည်းက တွေ့ကြုံခဲ့ရသည့် တပ်မတော်ခေါင်းဆောင်များ၊လုပ်ဖော်ကိုင်ဖက်များ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ပြီးနောက် လက်တွဲလုပ်ဆောင်ခဲ့ကြသည့် လုပ်ဖော်ကိုင် ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိသည်ကို ပြောကြားလို ကြောင်း။

မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များအနေနှင့်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏ တာဝန်များကို စုစည်းညီညွတ်စွာဖြင့်ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာတည်ရမည်၊ မြန်မာတည်သရွေ့ မြန်မာ့တပ်မတော် တည်ရှိရမည်၊ ကောင်းမြတ်သည့် တပ်မတော်၏   သမိုင်းအစဉ်အလာများကို  ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်အဖြစ် ဆက်လက် ရပ်တည်သွားကြပါဟု ဆန္ဒပြုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်းက ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ရဲဝင်းဦးအားကာကွယ်ရေးဦးစီးချုပ်ရုံး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးခန့်အပ် ကြောင်း ခန့်အပ်လွှာအား ဖတ်ကြားတင်ပြသည်။

ထို့နောက် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်မည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်    စည်သူရဲဝင်းဦးထံသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆောင်အယောင်ဓားနှင့်    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏   အလံတို့ကို လွှဲပြောင်းပေးအပ်ပေးပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီးကွပ်ကဲမှုတံဆိပ်ကို တပ်ဆင်ပေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လက်ခံထမ်းဆောင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇေယျကျော်ထင် စည်သူရဲဝင်းဦးက တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဂုဏ်ပြုအဆောင်အယောင်ဓားကို ဂါရဝပြုပြန်လည်ပေးအပ်သည်။

ယင်းနောက် မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လွှဲပြောင်းလက်ခံတာဝန် ထမ်းဆောင်သည့်  ဗိုလ်ချုပ်ကြီး  ဇေယျကျော်ထင် စည်သူရဲဝင်းဦးက မိန့်ခွန်းပြောကြားရာတွင် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရေးလုပ်ငန်းစဉ်များကို   စနစ်တကျအကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့်လည်း တပ်မတော်ကို သမားရိုးကျစစ်ဆင်နွှဲနိုင်သည့်၊ တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော်တစ်ရပ်အဖြစ်ရည်မှန်းချက်ထားဖွဲ့စည်းတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် တွင် ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသား ရေးတာဝန်အဖြစ်ခံယူထားကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို   ဆက်လက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို   ကာကွယ်စောင့်ရှောက်သွားမှာဖြစ်သကဲ့သို့  ဖွဲ့စည်းပုံအခြေခံဥပဒေအရ“အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်၊ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုကာကွယ်စောင့်ရှောက်ရန်၊စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်” တာဝန်ပေးထားသည့်အတွက် ယခုတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာဖြင့် ဆက်လက်ကြိုးပမ်း ထမ်းဆောင်သွားမည်   ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကိုထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရ၏   ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင်   အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချမှတ်ထားသည့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးပြီး တိုက်စွမ်းအားနှင့်တိုက်စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ “ပြည်သူသာ အမိ၊ ပြည်သူသာအဖ” ဆိုသည့် မူဝါဒကိုလိုက်နာပြီး တပ်နှင့်ပြည်သူ တစ်သားတည်းဖြစ်အောင်   ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့သော “မွန်မြတ်သည့်လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရန်” ဆိုသည့် တိုက်တွန်းမှာကြားမှုကို  အလေးအနက်လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊တပ်မတော်၏ကောင်းမြတ်သည့် သမိုင်းအစဉ် အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်ကအားထားရသော တပ်မတော်၊  ပြည်သူလူထုက အားကိုးရသော တပ်မတော်ဖြစ်အောင်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ကို   အလေးအနက်ထား ပြောကြားလိုပါကြောင်း။

မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက်လုံးတွင် ပေးအပ်သည့်အမိန့်နှင့်တာဝန်များကိုဦးလည်မသုန် ကျေပွန်စွာကြိုးပမ်းထမ်းဆောင်ခဲ့ပါကြောင်း၊ယခုကဲ့သို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်ယုံကြည်စွာတာဝန်ပေးအပ်ခဲ့သည့်တပ်မတော်အကြီးအကဲများကိုအထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊အထက်အကြီးအကဲများ၏ယုံကြည်မှုနှင့် ထိုက်တန်စွာ နိုင်ငံတော်အကျိုး၊ တပ်မတော်အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းထမ်းဆောင်သွားမည်ကို ကတိပြုအပ်ပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့်တာဝန်လက်ခံထမ်းဆောင်သူ   ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူရဲဝင်းဦးတို့သည် ဂုဏ်ပြုတပ်ခွဲ၏အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ခွဲက စစ်ကြောင်းပုံပြုချီတက်အလေးပြု၍ ပြန်လည်ထွက်ခွာသည်။

ယင်းနောက်    မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏တာဝန်များအား  လွှဲပြောင်းလက်ခံတာဝန်ထမ်းဆောင်သည့် ဗိုလ်ချုပ်ကြီးဇေယျကျော်ထင်စည်သူ ရဲဝင်းဦးနှင့်ဇနီး ဒေါ်နီလာတို့သည် အခမ်းအနားတက်ရောက် လာကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

၎င်းနောက်   မြန်မာ့တပ်မတော်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ရုံးဌာနအသီးသီးမှဂါရဝပြုပေးအပ်သည့် အမှတ်တရလက်ဆောင်ပစ္စည်းများအား ကြည့်ရှုကြသည်။

ထို့နောက်   မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တာဝန်များအား လက်ဆင့်ကမ်းလွှဲပြောင်းပေးအပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ  သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ဇေယျာသီရိဗိမာန်မှ ပြန်လည်ထွက်ခွာရာ ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးခတ်သီဆိုမှုနှင့်အတူ ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့မှ လိုက်ပါချီတက်၍   စစ်ရေးပြအခမ်းအနားဖြင့် ပို့ဆောင်နှုတ်ဆက်ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး သီရိပျံချီ မဟာသရေစည်သူစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ  တက်ရောက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။