အနာဂတ်အင်အားများဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများမြှင့်တင်ကာ ဘက်စုံထူးချွန်ထက်မြက်သည့်လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်လိုအပ်
ချစ်ကြည်လေးစားအပ်ပါသော မွန်ပြည်နယ်အတွင်းရှိတိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျား
ယနေ့ ၂ဝ၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယ၌ မွန်ပြည်နယ်နှင့် ဒေသအသီးသီးရှိ မွန်တိုင်းရင်းသား သွေးချင်း ညီအစ်ကို မောင်နှမများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်းနှင့်ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါသည်။
မွန်ပြည်နယ်နေ့သည် ပြည်ထောင်စုဖွား မွန်တိုင်းရင်းသားတို့အတွက် ထူးခြားလေးနက်သော ဝိသေသများနှင့်ပြည့်စုံပြီး ဂုဏ်ယူဖွယ်ရာ မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ပါသည်။
မွန်ပြည်နယ်သည် မြန်မာနိုင်ငံအောက်ပိုင်း ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကြားတွင် တည်ရှိပါသည်။
မွန်တိုင်းရင်းသားများ၏ ရှေးအမည်မှာ မွန်ဘာသာဖြင့် “ရမန်” ဖြစ်ပြီး အဆင့်ဆင့်ပြောင်းလဲရာမှ “မွန်” ဟု ခေါ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိရပါသည်။ မွန်လူမျိုးများ စတင်နေထိုင်ခဲ့ရာ “ရာမည” ဒေသဆိုသည်မှာ ပျော်မွေ့ဖွယ်ကောင်းသောအရပ်ဒေသဟု အဓိပ္ပာယ်ရပါသည်။ ရှေးယခင်က ယခုမွန်ပြည်နယ်ဟု သတ်မှတ်ခြင်းမရှိမီက မွန်ပြည်နယ်အဖြစ် ဖွဲ့စည်းထားသောနယ်မြေသည် တနင်္သာရီတိုင်းအတွင်း ပါဝင်ခဲ့သည်။
မွန်ပြည်နယ် သီးသန့်ရရှိစေရေးအတွက် ရာမညတိုင်းလုံးဆိုင်ရာ မွန်အသင်း၊ မွန်တိုင်းရင်းသားအစည်းအရုံး၊ မွန်အမျိုးသားအဖွဲ့စသည့် မွန်အဖွဲ့အစည်းပေါင်းစုံတို့က မွန်တိုင်းရင်းသားမျိုးနွယ်စု၊ မွန်စာပေနှင့်ကိုယ်ပိုင်ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် အတူတကွကြိုးပမ်းတောင်းခံခဲ့ရာ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနင်္သာရီတိုင်း အမှတ်(၁)ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
ထိုသို့နိုင်ငံတော်အစိုးရမှပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ပေးပြီးနောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်နေ့အဖြစ်ကျင်းပသတ်မှတ်နိုင်ရန် အတွက် မွန်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားလူမျိုးများက ၁၉၇၄ ခုနှစ်၊ မတ်လ(၁၉)ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) တင်သည့်နေ့ကိုမွန်ပြည်နယ်နေ့အဖြစ်သတ်မှတ်ခဲ့ကြပြီး အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလာခဲ့ရာ ယခု ၂၀၂၆ ခုနှစ်တွင် (၅၂) နှစ်တိုင် ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။
မွန်ပြည်နယ်အတွင်းတွင် မွန်နှင့်ဗမာလူမျိုးအများဆုံးနေထိုင်လျက်ရှိပြီး ကရင်၊ ရှမ်း၊ ပအိုဝ်း စသည့်တိုင်းရင်းသားများလည်း အတူတကွချစ်ကြည်အေးချမ်းစွာနေထိုင်လျက်ရှိပါသည်။ မွန်တိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံးရောက်ရှိနေထိုင်ခဲ့သော လူမျိုးများတွင်ပါဝင်ပြီး ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့ကြောင်းနှင့် ဗုဒ္ဓဘာသာကို ဦးဦးဖျားဖျားရရှိခဲ့ကြောင်း ရှေးဟောင်းမွန်ကျောက်စာများနှင့် စာပေအထောက်အထားများစွာက သက်သေခံလျက်ရှိပါသည်။
မွန်ပြည်နယ်အား ခရိုင် (၂)ခရိုင်၊ မြို့နယ် (၁၀)မြို့နယ်ဖြင့် ဖွဲ့စည်းထားရှိရာမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူပြီးနောက် (၃၀-၄-၂၀၂၂) ရက်နေ့မှစ၍ ခရိုင် (၂)ခရိုင် ထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် စုစုပေါင်းခရိုင်(၄)ခရိုင်၊ မြို့နယ်(၁၀)မြို့နယ်တို့နှင့် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကိုတိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါသည်။
မွန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် ကုန်ပစ္စည်းကူးသန်းရောင်းဝယ်ရေးအတွက်ကောင်းမွန်သော ဆက်သွယ်ရေးလမ်းကြောင်းနှင့် အရေးပါသော ဗဟိုဆိပ်ကမ်းနေရာတစ်ခုလည်းဖြစ်ပါသည်။ ထို့ပြင် ရာသီဥတုမျှတကောင်းမွန်ပြီး ရှုမောဖွယ်ရာ တောတောင်မြစ်ချောင်းများ၊ စိမ်းလန်းစိုပြည်သော သစ်တောများ၊ သဘာဝရေမြေသယံဇာတများ၊ ဒေသထွက်သစ်သီးဝလံများ ပေါများဖြစ်ထွန်းကြွယ်ဝလျက် ရေခံမြေခံကောင်းမွန်သော ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။
ဘာသာ၊ သာသနာနှင့်ပတ်သက်၍လည်း မွန်ပြည်နယ်တွင် ထူးခြားထင်ရှားသော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအပါအဝင် ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရား၊ ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး၊ ကျိုက်မရောဆုတောင်းပြည့်ဘုရား၊ ကျိုက္ခမီရေလယ်ဘုရား စသည့် သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများစွာတို့ဖြင့် သာသနာ့ဂုဏ်ရောင် ထွန်းလင်းတောက်ပလျက်ရှိပါသည်။ သာသနာပြုပုဂ္ဂိုလ်များနှင့် ရှင်အရဟံမထေရ်မြတ်ကြီးတို့၏ ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် စစ်မှန်သော ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရာ နေရာဒေသဖြစ်ခဲ့သည်ကိုလည်း သမိုင်းမှတ်တမ်းများအရ အထင်အရှားတွေ့မြင်ရသည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကို မောင်နှမများခင်ဗျား
ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံသည် ပြည်သူများ၏လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများထွန်းကားရာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ လျှောက်လှမ်းနေချိန်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းနှင့် အသိဉာဏ်ပညာ ပြည့်ဝခြင်းတို့သည် မရှိမဖြစ်လိုအပ်မည်ဖြစ်ပါသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်နှင့်အညီ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန်အတွက် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ အောင်မြင်စွာ ကျင်းပပေးခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ မတ်လ(၁၈)ရက်နေ့တွင် အမျိုးသားလွှတ်တော်တို့ကို ခေါ်ယူကျင်းပလျက်ရှိပြီး နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများအပါအဝင် လွှတ်တော်အစည်းအဝေးများကို အစီအစဉ်အတိုင်းဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း နိုင်ငံတော်သမ္မတအသစ်ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့တစ်ရပ် ပေါ်ပေါက်လာတော့မည်ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကို မောင်နှမများခင်ဗျားနိုင်ငံတော်၏လုပ်ငန်းစဉ်များ အချိန်တိုအတွင်း ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင်အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက ထွက်ပေါ်လာမည့် နိုင်ငံတော်အစိုးရအသစ်နှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုပါသည်။
နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဓိကကျပြီး အခြေခံလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှုတိုးတက်စေရေး စသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကိုတိုးတက်အောင်မြင်မှုရရှိစေရန် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသည်။
ယခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များပါဝင်ပြသရောင်းချခဲ့ကြပါသည်။ စီးပွားရေးဖွံ့ဖြိုးမှုသက်သက်သာမက ဒေသအသီးသီးမှ လုပ်ငန်းရှင်အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ ဗဟုသုတများ ဖလှယ်ရရှိမှု၊ ဈေးကွက်ချိတ်ဆက်နိုင်မှု၊ ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ခြင်းအားဖြင့် ပြည်ပဈေးကွက်သို့ထိုးဖောက်နိုင်မည့် အကျိုးကျေးဇူးများရရှိခဲ့ကြပါသည်။ ရေခံမြေခံ ကောင်းမွန်ပြီး သဘာဝအရင်းအမြစ်များကြွယ်ဝသော မွန်ပြည်နယ်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍကို တိုးမြှင့်နိုင်မည်ဆိုပါက ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်စေမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ကာ လူမှုစီးပွားဘဝ ယခုထက် ပိုမို၍တိုးတက်လာမည်ဖြစ်ပါသည်။ထို့ကြောင့် အဆိုပါလုပ်ငန်းများကို နည်းပညာနှင့်ပေါင်းစပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် အလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူညီအစ်ကို မောင်နှမများခင်ဗျား
ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အသိဉာဏ်ပညာပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့ဘောင်အသိုက်အဝန်းထွန်းကားရေးအတွက် ပညာရေးနှင့်ပတ်သက်၍ KG+9 အထိ မသင်မနေရ သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး၊ကျောင်းသား၊ ကျောင်းသူများကို အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားရေးနှင့် အတန်းပညာမှ အသိပညာသို့ ပြောင်းလဲတိုးတက်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
ယနေ့အချိန်တွင် အနာဂတ်အင်အားများဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများမြှင့်တင်ကာ ဘက်စုံထူးချွန်ထက်မြက်သည့် လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါသည်။ ထို့ပြင် လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်၊ ပြည်ချစ်စိတ်များရရှိပြီး နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်လိုစိတ်နှင့် တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်များ ဖြစ်ပေါ်စေရေးအတွက် စနစ်တကျလေ့ကျင့်ပျိုးထောင်ရန် လိုအပ်မည်ဖြစ်ပါသည်။
ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းပဋိပက္ခများနှင့် နိုင်ငံတည်ငြိမ်အေးချမ်းမှု အားနည်းချက်သည် သက်ဆိုင်သူများ၏ ပညာရေးအားနည်းမှုများကြောင့် ဖြစ်သည်ဟုသုံးသပ်နိုင်ပါသည်။ အသိပညာအားနည်းပါက အဖျက်အမှောင့်သမားများ၏ သွေးထိုးလှုံ့ဆော်မှုများအပေါ် စဉ်းစားတွေးခေါ်ဆင်ခြင်မှုများမရှိဘဲ လိုက်ပါလုပ်ဆောင်ကြခြင်းကြောင့် နိုင်ငံတည်ငြိမ်ရေးကိုပျက်ပြားစေမည်သာဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားဒေသများအပါအဝင် တစ်နိုင်ငံလုံး ပညာသင်ယူနိုင်မှုအခွင့်အလမ်းကွာခြားမှုမရှိစေရေး အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့ကြောင့် မွန်ပြည်နယ်အနေဖြင့်လည်း ပညာရေးကဏ္ဍမြှင့်တင်မှုကိုရည်မှန်းချက်များနှင့်အတူ တိုးတက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။
ချစ်ခင်လေးစားအပ်ပါသောတိုင်းရင်းသားမိဘပြည်သူညီအစ်ကို မောင်နှမများခင်ဗျား
ကျန်းမာရေးကဏ္ဍအနေဖြင့်လည်း နိုင်ငံသားတိုင်းအခြေခံကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီရရှိရေးအတွက် ဆေးရုံများတွင် ဆေးဝါးနှင့်ပစ္စည်းကိရိယာများပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်း၊ အခမဲ့ဆေးဝါးကုသခွင့်များဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ခန့်ထားပေးခြင်းတို့ကို နိုင်ငံတော်မှ အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရကနိုင်ငံသားတိုင်းလူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက်သယ်ယူပို့ဆောင်ရေးအဆင့်မြှင့်တင်ခြင်းအနေဖြင့်မွန်ပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေးမှအစ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှုအတွက် အဓိကကျသည့် တံတားနှစ်စင်းဖြစ်သည့် ဂျိုင်း(ဇာသပြင်) တံတားသစ်နှင့်အတ္ထရံတံတားသစ်(၂)စင်းကိုလည်း ယခု မတ်လ (၈)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါတံတား (၂)စင်း ဖွင့်လှစ်ပေးနိုင်ခြင်းကြောင့် မော်လမြိုင်အထူးစီးပွားရေးဇုန်နှင့်ထားဝယ်ရေနက်ဆိပ်ကမ်းသို့လည်းကောင်း၊မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့မှ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့လည်းကောင်းပိုမိုလွယ်ကူအဆင်ပြေစွာသွားလာနိုင်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပကုန်စည်စီးဆင်းမှုလျင်မြန်စေမည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တိုက်တွန်းမှာကြားလိုသည်မှာ သမိုင်းကြောင်း သင်ခန်းစာများအရ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အလွန်ပင်အရေးကြီးလှပါသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်ဆူပူမှုများချုပ်ငြိမ်းပြီးတိုင်းရင်းသားပြည်သူအားလုံးသည်ပြည်ထောင်စုအတွင်းစိတ်ချမ်းသာစွာနေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်ရေးမှာ အလွန်အရေးကြီးလှပါသည်။
တိုင်းရင်းသားပြည်သူအားလုံးလိုလားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့်လည်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ပြည်နယ်သူပြည်နယ်သားများ၏အကျိုးစီးပွားနှင့် နိုင်ငံနှင့်ပြည်သူအားလုံးတို့၏ကောင်းကျိုးကိုထမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း တိုက်တွန်းမှာကြားလိုပါသည်။
ထို့ပြင် မွန်ပြည်နယ်နှင့်မွန်တိုင်းရင်းသားများအားလုံးအစဉ်ထာဝရအေးချမ်းသာယာပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်း (၅၂)နှစ် မြောက် မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မမင်းအောင်လှိုင်
ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်


