၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း

၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့
ဂုဏ်ပြုအခမ်းအနားတွင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်
ပြောကြားသည့်မိန့်ခွန်း

ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား

ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခါသမယမှာ ပြည်ထောင်စုဖွားတိုင်းရင်းသား သွေးချင်း ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်တို့နိုင်ငံသမိုင်းမှာ လွန်စွာထူးခြားလေးနက်တဲ့ စိန်ရတု ပြည်ထောင်စုနေ့အခါသမယမှာ အခုလို ဂုဏ်ပြုအခမ်းအနားကြီးကို ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးနဲ့ ခမ်းနားစွာ ကျင်းပနိုင်ခြင်း အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်လို့ ဦးစွာပြောကြားလိုပါတယ်။

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်းတစ်ရာကျော် ကိုလိုနီနယ်ချဲ့တို့ရဲ့ မတရားကျူးကျော်မှုကို ခံခဲ့ရပါတယ်။ ၁၉ ရာစု အတွင်းမှာ အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံငယ်များအပေါ် အပြိုင်အဆိုင် မတရား ကျူးကျော်ရန်ပြုခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံဟာလည်း အခြား နိုင်ငံငယ်များနည်းတူ နယ်ချဲ့တို့ရဲ့လက်အောက် ကျရောက်ခဲ့ရပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုတွေကို ပြန်ပြောင်းကြည့်မယ် ဆိုရင် အချုပ်အခြာအာဏာပိုင်ပြီး၊ တည်တံ့ခိုင်မြဲတဲ့ ရေမြေပိုင်နက် နယ်နိမိတ်၊ ခိုင်မာတဲ့လူမျိုးသမိုင်း/ နိုင်ငံ့သမိုင်းတွေနဲ့ နှစ်ပေါင်း ထောင်ချီ ဖြစ်တည်လာခဲ့တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့ သမိုင်းစဉ်တစ်လျှောက်မှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ အားလုံးဟာ ပြည်ထောင်စုစိတ်ဓာတ်အခြေခံနဲ့ နှစ်ပရိစ္ဆေဒကြာမြင့်စွာ အေးအတူပူအမျှ အတူတကွနေထိုင်လာခဲ့ကြသလို နယ်ချဲ့လက်အောက် ကျရောက်ခဲ့တဲ့အချိန်မှာလည်း လွတ်လပ်ရေးအတွက် အတူတကွ လက်တွဲ တွန်းလှန် တိုက်ထုတ်ခဲ့ကြတယ်ဆိုတာကို တွေ့ကြရမှာဖြစ်ပါတယ်။

အတိတ်သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ကြတဲ့အခါ တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မတွေအားလုံး ချစ်ကြည်စည်းလုံးမှုကို တည်ဆောက် နိုင်ခဲ့တဲ့ကာလတွေမှာ နိုင်ငံ့အင်အားတောင့်တင်းခိုင်မာပြီး သာယာဝပြော ခဲ့ကြပေမယ့် အချင်းချင်းစည်းလုံးမှု လျော့ပါးခဲ့ကြတဲ့အချိန်မှာတော့ နိုင်ငံ့ အင်အားဆုတ်ယုတ်ခဲ့ကာ သူ့ကျွန်ဘဝကျရောက်ခဲ့တယ်ဆိုတာကို ခါးသီးစွာ သင်ခန်းစာယူကြရမှာ ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသောဧည့်သည်တော်ကြီးများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား

မြန်မာနိုင်ငံကို ကိုလိုနီနယ်ချဲ့တို့က မတရားကျူးကျော်စစ်(၃)ကြိမ် ဆင်နွှဲပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာကိုကြည့်ရင် ကျွန်တော်တို့ ဘိုးဘွား မိဘတွေဟာ နယ်ချဲ့ကို လွယ်လွယ်ကူကူအရှုံးပေး အညံ့ခံခဲ့တာ မဟုတ် ပါဘူး။ သူ့ကျွန်မခံလိုတဲ့စိတ်၊  တိုင်းတပါးလက်အောက် အညံ့မခံ အရှုံး မပေးလိုတဲ့စိတ်တွေနဲ့ ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတော်လှန်ခဲ့ကြတယ် ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

မတတ်သာလို့သာ သူ့ကျွန်ဘဝမှာ မီးခဲပြာဖုံးဘဝနဲ့နေခဲ့ရပေ မယ့်လည်း ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံးရဲ့ စည်းလုံး ညီညွတ်မှုနဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တွေကြောင့် သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် နည်းမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

ကိုလိုနီကျွန်ဘဝမှာ အဆိုးရွားဆုံးသောရက်စက်ယုတ်မာမှုကတော့ တိုင်းရင်းသားသွေးချင်းညီအစ်ကို မောင်နှမများအကြားမှာ သွေးခွဲ အုပ်ချုပ်ခြင်းပဲ ဖြစ်ပါတယ်။ တောင်တန်းဒေသများက တိုင်းရင်းသား တွေနဲ့ မြေပြန့် ဒေသက တိုင်းရင်းသားတွေကြားမှာ သံသယစိတ်အမျိုးမျိုး ရိုက်သွင်းကာ ကျွန်သက်ရှည်အောင်ဆောင်ရွက်ခဲ့ကြပါတယ်။ မလွှဲသာလို့ လွတ်လပ်ရေး ပေးရတော့မယ့်အချိန်အထိ ခွဲခြားအုပ်ချုပ်မှုတွေ၊ သပ်လျှို သွေးခွဲမှုတွေနဲ့ အချင်းချင်းစည်းလုံးမှု ပြိုကွဲအောင်လုပ်ခဲ့ကြပါတယ်။
ဘယ်လိုပင် သွေးခွဲသပ်လျှိုအုပ်ချုပ်ခဲ့သည်ဖြစ်စေ၊ ကျွန်တော်တို့ရဲ့ ဘိုးဘွားမိဘတွေဟာ မျိုးချစ်စိတ်ကိုအရင်းတည်ပြီး ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးဖွားကာလွတ်လပ်ရေးကြီးကို ပြန်လည် ရယူပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နယ်ချဲ့ရဲ့ သွေးခွဲသပ်လျှိုအုပ်ချုပ်မှု အကျိုးဆက်ဟာ ယနေ့အချိန်ထိ ကျွန်တော်တို့တိုင်းရင်းသားများကြားမှာ ကျန်ရှိနေဆဲဖြစ်လို့ ဒါတွေကို အထူးသတိထားပြီး နိုင်ငံတော်ပြိုကွဲ ပျက်စီးမှုမဖြစ်အောင် ဝိုင်းဝန်းကာကွယ်ဆောင်ရွက်ကြဖို့ သတိပေး မှာကြားလိုပါတယ်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေဟာ တောင်တန်း ပြည်မမခွဲခြားဘဲ တစ်ညီတစ်ညွတ်တည်း  လွတ်လပ်ရေးအရယူမယ်ဆိုတဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်စိတ်ကိုချမှတ်ကာ ပင်လုံစာချုပ်ကြီးကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ အဲဒီလို ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ နေ့ထူး နေ့မြတ်ကြီးကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ပြီး ဂုဏ်ပြုခဲ့ကြတာဟာ ယခုဆိုရင် နှစ်ပေါင်း (၇၅)နှစ်ပြည့်မြောက်ပြီး စိန်ရတုအဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့ကြပြီဖြစ်ပါတယ်။ ယခုလို စိန်ရတုပြည်ထောင်စုနေ့ အခါ သမယမှာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ အုတ်မြစ် ချပေးခဲ့တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုခိုင်မာလာစေရေးနှင့် တိုင်းရင်း သား ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ကြတဲ့ ပြည်ထောင်စုကြီး အဓွန့် ရှည် တည်တံ့ရေးကို ကျွန်တော်တို့အားလုံးက စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်နဲ့ ဖော်ဆောင်ပေးကြပါလို့ ထပ်လောင်း တိုက်တွန်းလိုပါ တယ်။

ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား

နိုင်ငံတကာ ဖြစ်ပေါ်ပြောင်းလဲမှုသမိုင်းစဉ်ကို ပြန်လည်သုံးသပ် ရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလတစ်လျှောက်လုံးမှာ ဖွံ့ဖြိုးပြီးအင်အားကြီးနိုင်ငံအချို့ဟာ မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို အလေးပေး ကြိုးပမ်းအားထုတ်ခဲ့ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအကြား ပဋိပက္ခအသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဒေသတွင်း စစ်ပွဲငယ်တွေဖြစ်ပွားအောင် ဖန်တီးဆောင်ရွက်ခဲ့ကြပါတယ်။
အဲဒီလိုဆောင်ရွက်မှုများရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာ့မြေပုံပေါ်မှာ နိုင်ငံနယ်နိမိတ်အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ကြသလို နှစ်ခြမ်းပြိုကွဲခဲ့ ကြတဲ့ နိုင်ငံတွေ၊ အစိတ်စိတ်အမွှာမွှာပြိုကွဲသွားခဲ့ကြတဲ့ နိုင်ငံကြီးတွေ၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ၊ ပြည်တွင်းစစ်အနိဋ္ဌာရုံတွေနဲ့ တစ်ဝဲလည်လည်ဖြစ်နေတဲ့ နိုင်ငံတွေများစွာပေါ်ပေါက်ခဲ့တာကို တွေ့ကြ ရမှာ ဖြစ်ပါတယ်။

စစ်အေးခေတ်နှောင်းပိုင်းမှာတော့ နိုင်ငံကြီးအချို့ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံများကို သူတို့ရဲ့သြဇာခံပုဆိန်ရိုးတွေ၊ ကြိုးဆွဲခံရုပ်သေးရုပ်တွေ မွေးမြူပြီး အစပိုင်းမှာ လူမျိုးရေး၊ ဘာသာရေး၊ နောက်ပိုင်းမှာ ဒီမို ကရေစီရေး၊ လူ့အခွင့်အရေးစတဲ့ အကြောင်းပြချက်တွေနဲ့ ပြည်တွင်း ပြည်ပမှ အားပေးအားမြှောက်ပြုကာ သူတို့ရဲ့ သြဇာခံလောင်းရိပ် အောက်ကို သွတ်သွင်းဖို့ ကြိုးစားခဲ့ကြပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတွေ အနေနဲ့ မိမိတို့ရဲ့ပြည်ထောင်စုကြီးကို စည်းလုံးညီညွတ်စွာ ထိန်းသိမ်း ကာကွယ်နိုင်စွမ်းမရှိပါက ဖရိုဖရဲပြိုကွဲသွားနိုင်တယ်ဆိုတဲ့ နိုင်ငံတကာ သင်ခန်းစာတွေကိုရယူပြီး လေးလေးနက်နက်သတိပြုကြရမှာဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား

နိုင်ငံတကာက ရရှိခဲ့တဲ့သင်ခန်းစာတွေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအရှိတရားတွေအရ ပြည်ထောင်စုစိတ်ဓာတ်ဟာ အရေးအကြီးဆုံးနဲ့ အလိုအပ်ဆုံးဖြစ်တယ်ဆိုတာကို ပြောကြားလိုပါတယ်။ ပြည်ထောင်စု ကြီး တည်တံ့ခိုင်မြဲဖို့အတွက် တိုင်းရင်းသားပြည်သူအားလုံးမှာ ပြည်ထောင်စု စိတ်ဓာတ် ကိန်းဝပ်ရှင်သန်နေဖို့လိုပါတယ်။

ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်တည်းလို့ စွဲမြဲခိုင်မာစွာလက်ခံမှတ်ယူထားတဲ့ သဘောထားခံယူချက်ပဲဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးဟာ ဆွေမျိုး သားချင်း ညီအစ်ကိုမောင်နှမများဖြစ်တယ်လို့ ခံယူတဲ့ စိတ်ဓာတ်၊ တစ်မြေတည်းနေတစ်ရေတည်းသောက်ကြသူများဖြစ်တယ်လို့ ခံယူတဲ့ စိတ်ဓာတ်၊ တစ်ဦးမှာ အရေးကြုံရင် တစ်ဦးက မပစ်ပယ်ဘဲ တစ်လုံး တစ်စည်းတည်း ပူးပေါင်းရင်ဆိုင်ဖြေရှင်းလိုတဲ့ စိတ်ဓာတ်၊ အရေးကြီးရင် သွေးစည်းရမယ်လို့ ခံယူထားတဲ့ စိတ်ဓာတ်၊ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ အေးအတူပူအမျှ တစ်သွေးတည်း၊ တစ်သားတည်းရှိတယ်လို့ ခံယူတဲ့ စိတ်ဓာတ်တွေကို ပေါင်းရုံးစုစည်းပြီး ခေါ်ဆိုတာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ချစ်မြတ်နိုးလေးစားတဲ့စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ပေါ်မှာ အခြေခံပြီး မိမိတို့နိုင်ငံကို ကာကွယ် စောင့်ရှောက်လိုတဲ့စိတ်၊ နိုင်ငံတော်ရဲ့ကောင်းကျိုးကို သယ်ပိုးဆောင်ရွက် လိုတဲ့ မွန်မြတ်တဲ့ စိတ်ရင်းစေတနာမှန်တွေဖြစ်တဲ့ စစ်မှန်တဲ့မျိုးချစ် စိတ်ဓာတ်များဟာ ပြည်ထောင်စုစိတ်ဓာတ်လို့ မှတ်ယူနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အဓိက တိုင်းရင်းသားလူမျိုးကြီး ၈ မျိုးလို့ ဆိုသော်လည်း တိုင်းရင်းသားမျိုးနွယ်စုများအနေနဲ့ ၁၃၀ ကျော်ရှိပါတယ်။ အချို့တိုင်းရင်းသားတွေက လူဦးရေများပြားပြီး အချို့တိုင်းရင်းသားတွေ ကတော့ လူဦးရေနည်းပါးပါတယ်။ ပြည်နယ် အကြီး၊ အသေး ကွဲပြား ခြားနားခြင်း၊ လူဦးရေနဲ့ လူမျိုးစု ကွဲပြားခြားနားခြင်းများရှိပေမယ့် တိုင်းရင်းသားအားလုံး ရရှိခံစားရတဲ့ အခွင့်အရေးကတော့ တန်းတူညီမျှ ရှိပြီး ဘယ်သူ့ကိုမှ ပိုပေးထားတာမရှိပါဘူး။ ဒီမိုကရေစီဆိုရာမှာ လူအများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီလိုက်နာဆောင်ရွက်ရမှာဖြစ်သလို၊ လူနည်းစုရဲ့ဆန္ဒကိုလည်း လေးစားရမှာဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ ကျင့်စဉ်ဖြစ်ပါတယ်။

အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ သံသယတွေ၊ ကိုယ်ကျိုးအတ္တ တွေကိုသာ ဦးစားပေးစဉ်းစားလုပ်ဆောင်နေကြမယ်ဆိုရင် နိုင်ငံအတွက် အန္တရာယ်အလွန်ကြီးတာကြောင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အလေးထားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ အချက်အခြာ ကျကျ တည်ရှိနေတဲ့အတွက် ပထဝီနိုင်ငံရေးအရ လွန်စွာအရေးပါတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ မြောက်ပိုင်းဒေသမှာ နှင်းဖုံးတဲ့ တောင်တန်းကြီးတွေ၊ အလယ်ပိုင်းမှာ ထွန်ယက်စိုက်ပျိုးနိုင်တဲ့ မြေပြန့် လွင်ပြင်တွေနဲ့ တောင်ဘက်ပိုင်းမှာ ပင်လယ်ပြင်နဲ့ ကျွန်းစုများရှိတဲ့ အတွက် ရေမြေရာသီဥတု လွန်စွာသာယာလှပသလို စားနပ်ရိက္ခာနဲ့ သဘာဝတွင်းထွက်ပစ္စည်းများ ထွက်ရှိတဲ့အတွက် သဘာဝက ဖန်တီး ပေးထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နိုင်ငံတော်ကြီးဖြစ်ပါတယ်။

ယနေ့အချိန်မှာ ကမ္ဘာ့နိုင်ငံကြီးအချို့ဟာ နိုင်ငံငယ်များရဲ့ပြည်တွင်း ရေးကိစ္စတွေမှာ အကြောင်းအမျိုးမျိုးပြကာ ဝင်ရောက်စွက်ဖက်ပြီး တည်ငြိမ်မှုပျက်ပြားအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲအောင် နည်းလမ်း မျိုးစုံအသုံးပြုပြီး ဆောင်ရွက်နေကြပါတယ်။

အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံလို ပထဝီနိုင်ငံရေးအရ အရေးပါတဲ့နိုင်ငံကို သူတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနဲ့ ဒေသတွင်း သြဇာကျယ်ပြန့်လာရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးအကြပ်ကိုင် တာတွေ၊ အပြစ်ရှာဝေဖန်တိုက်ခိုက်တာတွေ၊ ပိတ်ဆို့အရေးယူတာတွေ ဆောင်ရွက်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း သံသယစိတ်များ ဖြစ်ပေါ်ကာ နိုင်ငံပြိုကွဲအောင်၊ တည်ငြိမ်မှုပျက်ပြားပြီး ဖွံ့ဖြိုးမှု နှောင့်နှေးအောင် ဆောင်ရွက်နေကြတဲ့အတွက် “ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်ထောင်စုသား အားလုံးက တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာအောင် ဆောင်ရွက် ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ်မှာ အစွဲကင်းကင်း၊ သံသယကင်းကင်းနဲ့ အရှိကိုအရှိအတိုင်းရှုမြင်သုံးသပ်ကြဖို့ လိုအပ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲမှာ မဲမသမာမှုများပြုလုပ်ပြီး နိုင်ငံတော်အာဏာကိုရယူဖို့ ကြိုးစားခဲ့လို့၊ ဒီလိုလုပ်တာကို ထောက်ပြပြီး ဆောင်ရွက်သင့်တာဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းခဲ့တာကို လစ်လျူရှု ခဲ့တဲ့အတွက် အရေးပေါ်ကာလသတ်မှတ်ပြီး တပ်မတော်က နိုင်ငံတော် တာဝန်ကို ထိန်းသိမ်းဆောင်ရွက်နေကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲဖြစ်ဖို့ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ မှန်မှန်ကန်ကန် မျှတပြီး သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲသာဖြစ်ခဲ့ရင် ခုလိုဖြစ်ဖို့အကြောင်းမရှိပါဘူး။  မရိုးမသားနဲ့ အဓမ္မ အာဏာရယူဖို့ဆောင်ရွက်ခဲ့တဲ့ အကြောင်းတရားတွေရဲ့ အကျိုး ဆက်ဟာ ဒီနေ့ကြုံတွေ့နေရတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်မှာ အယူအဆမတူတာ သဘောထားကွဲလွဲတာ တွေကို လက်ခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် လူသတ်၊ မီးရှို့၊ မိုင်းထောင် ဖောက်ခွဲစတဲ့ တိုင်းရင်းသားပြည်သူတွေကို ဒုက္ခဆင်းရဲဖြစ်စေတဲ့ ဆူပူ အကြမ်းဖက်မှုမျိုးတွေကိုတော့ လက်ခံနိုင်စရာမရှိပါဘူး။ နိုင်ငံတော်ကို ပြည်တွင်း၊ ပြည်ပအန္တရာယ်များက ကာကွယ်ဖို့၊ နိုင်ငံတော်နဲ့ နိုင်ငံသား များအတွက် ဘေးအန္တရာယ်များကျရောက်ပါက တပ်မတော်က ကူညီ ဆောင်ရွက်ပေးဖို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်တဲ့ တာဝန်ကို တပ်မတော်က ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် ရွေးကောက်ပွဲမသမာမှုကစခဲ့တဲ့ တရားလက်လွတ်၊ ဥပဒေမဲ့ လုပ်ဆောင်နေကြတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သူတို့ကို ထောက်ပံ့ကူညီနေသူများ၊ ထောက်ခံအားပေးနေသူများအနေနဲ့ နိုင်ငံနဲ့ ပြည်သူအကျိုးအတွက် အမှန်တရားကိုသိမြင်ပြီး မှားနေတာတွေကို ပြင်ဖို့ အချိန်ရောက်နေပြီဆိုတာ သတိပေးလိုပါတယ်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့အနေနဲ့လည်း ဒီဆူပူ အကြမ်းဖက်မှုတွေကို လက်ခံ၊ အားပေး၊ ကူညီ ပူးပေါင်းလုပ်ဆောင် နေတာတွေရပ်တန့်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုအတွက် နိုင်ငံတော်ကဖိတ်ခေါ်နေတဲ့ NCA လမ်းကြောင်း ပေါ်ကို လှမ်းခဲ့ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ တာဝန်ယူထားတဲ့ကာလအတွင်းမှာ မည်မျှပင် အခက်အခဲ အဟန့်အတား များရှိနေပါစေ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက် သွားမှာပဲ ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့တာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်းမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။

မိမိတို့မျှော်မှန်းတဲ့ ပြည်ထောင်စုကြီး တည်ဆောက်တဲ့နေရာမှာ ဒီမိုကရေစီနှင့်ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်နဲ့ပတ်သက်၍ လည်းကောင်း မည်သို့ပင် အယူအဆအမျိုးမျိုးကွဲပြားနေပါစေ မိမိတို့ နိုင်ငံနဲ့ သဟဇာတဖြစ်သည့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ် ကြောင်း သတိပြုရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီနေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့မှာ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာထက်သန်စေရေးအတွက် ကျွန်တော်တို့ အစိုးရက ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ခမ်းခမ်းနားနား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အေးအတူ၊ ပူအမျှနေထိုင်ကြတဲ့ ပြည်ထောင်စုရဲ့ အရိပ် အာဝါသနဲ့ လုံခြုံမှုဟာ ဘယ်လောက်စွမ်းအားကြီးမားတယ်ဆိုတာကို ပုံဖော်နေတာဖြစ်ပါတယ်။ နိုင်ငံရေးလုပ်နေတာမဟုတ်ဘဲ နိုင်ငံ့အရေး ဖြစ်တဲ့ တိုင်းပြည်တည်ဆောက်ရေး(Nation Building)ကို ပုံဖော်နေတာ ဖြစ်ပါတယ်။ “ ငါတို့အားလုံးသည် မြန်မာ ” ဆိုတဲ့ပုံရိပ်ကို စွဲထင် ကျန်ရစ်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီကမှတဆင့် ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို စုစည်းညီညွတ်မှု စွမ်းပကားနဲ့ တည်ဆောက်နေတာဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဆိုရင် ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့တာ ၇၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။ နယ်ချဲ့တွေရဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် လွတ်လပ်ရေးနဲ့အတူဖြစ်ပွားခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်းလုံးညီညွတ်မှုကို များစွာထိခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေ၊ ခွန်အားတွေ၊ စွမ်းအားတွေ ဒီပဋိပက္ခအပေါ်မှာ ဆုံးရှုံးခဲ့ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေ ထပ်မဖြစ်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး ဆောက်ရွက်ကြရပါမယ်။

ဒါတွေဆောင်ရွက်နိုင်ဖို့ အစိုးရနဲ့တပ်မတော်အနေနဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်သမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ လိုက်လျောကမ်းလှမ်းချက် ၂ ခု ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ (တစ်)ကတော့ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခြင်းနဲ့ (နှစ်)ကတော့ ထာဝရငြိမ်းချမ်းရေးကို ဦးတည်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး ဖိတ်ကြားခြင်းပဲဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့စပြီး ယခု ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ   ၄ နှစ်ကျော်ကာလ တစ်ဖတ်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ “ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ဖိတ်ကြားခြင်း” ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးကိုလိုချင်ရင် တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုကို တစ်ဖက်သတ်ရပ်စဲပေးသင့်တယ်ဆိုတဲ့အဆိုပြုချက်တွေ၊ အစိုးရနဲ့ တပ်မ တော် အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးရာမှာ ကြို တင် ကန့်သတ်မှုတွေ မပြုလုပ်သင့်ဘူးဆိုတဲ့ အဆိုပြုချက်တွေ အပေါ်မှာ အကောင်းဆုံးဖြေရှင်း ဆောင်ရွက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ များရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းမှာလည်း ဒီလိုဆောင်ရွက်မှုမျိုးဟာ ရတောင့်ရခဲဖြစ်စဉ်တစ်ခုဆိုတာ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ထိထိမိမိ အသုံးပြုနိုင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်လိုပါတယ်။

ဒီကြေညာချက်အပေါ်မှာ တိုင်းပြည်ကောင်းကျိုးကို လိုလားတဲ့ နိုင်ငံရေးပါတီများ၊ လူမှုအစည်းအရုံးများနဲ့ ဘာသာရေးအသင်းအဖွဲ့များ ကလည်း ကြိုဆိုထောက်ခံအားပေးကြောင်း ကြေညာချက်များ ထုတ်ပြန် ခဲ့တာကိုတွေ့ရပါတယ်။ ဒီနေ့အခမ်းအနားကိုလည်း NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့နဲ့ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့ တက်ရောက်လျက်ရှိနေပါတယ်။ ဒီလို တိုင်းရင်းသားပြည်သူလူထု အကျိုးကို ဦးထိပ်ထားတဲ့ အဖွဲ့အစည်းများအားလုံး ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရက ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့အားလုံး ငြိမ်းချမ်းရေးပန်းတိုင်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဆိုတဲ့ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီဆက်သွားကြပါမယ်။ သက်ဆိုင်သူအားလုံးပါဝင်နိုင်ဖို့လည်း ထပ်မံပြီး ဖိတ်ခေါ်အပ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိရာမှာ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းဟာ အလွန်အရေးကြီးပါတယ်။ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိတဲ့အတွက် ကာကွယ်ဆေး ရရှိဖို့ နိုင်ငံပေါင်းစုံနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို ရည်မှန်းဆောင်ရွက်ခဲ့တဲ့ အတိုင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ လကုန်မှာ နိုင်ငံ့လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်အထိ ထိုးနှံပေးခဲ့ ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ရာမှာ မြန်မာတို့ရဲ့ ပကတိမူရင်းစိတ်ဖြစ်တဲ့ ကူညီလိုမှု၊ လှူဒါန်းလိုမှု၊ ပူးပေါင်း ဆောင်ရွက်လိုမှု စိတ်ဓာတ်များနဲ့ တခဲနက်ဆောင်ရွက်ကြမှုများဟာ များစွာထိရောက် အကျိုးပြုခဲ့ပါတယ်။ အလားတူ အားပေးကူညီနေကြတဲ့ မိတ်ဆွေနိုင်ငံများနဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများရဲ့ ကြိုးပမ်း ဆောင်ရွက်မှု၊ ပြည်သူအားလုံး ပူးပေါင်းပါဝင်မှုတွေကြောင့် လက်ရှိ အချိန်မှာ ကူးစက်မှုကို ထိန်းချုပ်နိုင်တဲ့ အနေအထားဖြစ်လာပါတယ်။ သို့အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူအားလုံးကို အထူးကျေးဇူး တင်ကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ မျှော်မှန်းသက်တမ်း တိုးမြင့်လာစေဖို့အတွက် ပြည်သူများအာဟာရ ပြည့်ဝစွာ စားသောက်ဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ နေထိုင် သွားလာ လှုပ်ရှားမှုများရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးနဲ့စပ်လျဉ်းပြီး ကျွန်တော်တို့ နိုင်ငံမှာ ကျောင်းနေသူရာခိုင်နှုန်းနဲ့ စာတတ်မြောက်သူရာခိုင်နှုန်း မြင့်မား လာစေရေးအတွက် ပညာရေးကို အလေးထားအားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အသိပညာ၊ အတတ်ပညာပြည့်ဝတဲ့ ပညာတတ်များ ပေါများ လာအောင် လေ့ကျင့်ပျိုးထောင်ပေးလျက် မိမိတို့ ပြည်သူပြည်သား တွေရဲ့ စွမ်းပကားနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။

မျိုးဆက်သစ်လူငယ်လူရွယ်တွေကို ကောင်းမွန်တဲ့ စာပေပညာ အမွေအနှစ်များ ပေးအပ်ခြင်းဖြင့် တစ်ဦးချင်းစီအနေနဲ့ မိမိရဲ့ ဘဝ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်မှာ ဖြစ်သလို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ယနေ့ လူငယ်များဟာ အနာဂတ်မှာ နိုင်ငံ့တာဝန်ကို ယူကြရမည့် သူများဖြစ်တဲ့အတွက် လူငယ်တွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ အလုပ်အကိုင်မှန်ကန်ရေးဟာ အလွန်အရေးကြီးပါတယ်။ လူငယ်တွေကို ဗလငါးတန်နဲ့ ပြည့်စုံပြီး အားကိုးအားထားပြုနိုင်တဲ့ လူကောင်းလူတော် များဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းပြုပြင်သွားကြရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ ပညာရည်အဆင့်အတန်းမြင့်မားစေဖို့အတွက် အားပေးဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ပြီး အမှန်တကယ် တတ်မြောက်အောင်လည်း လေ့ကျင့် သင်ကြားပေးကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

ယခုအခါ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံပညာကျောင်းများသာမက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နဲ့ ကောလိပ်တွေကိုလည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းများနဲ့ အညီ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။

ဒေသလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အသုံးချဘာသာရပ် များကို သင်ကြားပေးနိုင်ရေး၊ စည်းကမ်းပြည့်ဝတဲ့ အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ဥပဒေပညာဘာသာ ရပ်နဲ့ စီးပွားရေးပညာဘာသာရပ်တို့ကို တက္ကသိုလ်တွေမှာ တိုးချဲ့ သင်ကြားပေးနိုင်ရေး၊ အနာဂတ် စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး မွေးမြူရေးပညာကို အဆင့်မြှင့်တင်သင်ကြားနိုင်ရေးတို့အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တိုင်းရင်းသားပြည်သူများရဲ့ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာမှုလျော့ပါးစေရေး၊ ကပ်ရောဂါအလွန် ကာလတွေမှာလည်း တိုင်းရင်းသားပြည်သူများရဲ့ လူမှုစီးပွားဘဝများ အလျင်အမြန် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ကုစား ဆောင်ရွက်လျက်ရှိပါတယ်။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို ခေတ်မီနည်းစနစ်တွေနဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍတွေ ကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခြင်း၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီ၍ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ခြင်းတို့ကိုလည်း ဆက်လက်ပြီး ဝိုင်းဝန်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား

တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲရှိပါတယ်။ ပြည်တွင်းအား ကိုပဲ ကျွန်တော်တို့ယုံကြည်အားကိုးပါတယ်။ နိုင်ငံရဲ့ပကတိအခြေအနေ အရ ပြည်ပအကူအညီများ လိုအပ်သည်မှန်ပေမယ့် ပြည်တွင်းအားနဲ့ လုပ်ဆောင်နိုင်တာများရှိပါတယ်။ ပြည်ထောင်စုရဲ့အင်အားကိုတည်ဆောက် နိုင်ဖို့-
–    ကျွန်တော်တို့တိုင်းပြည်မှာ သဘာဝအရင်းအမြစ်များ၊ လူသား အရင်းအမြစ်များ များစွာရှိပါတယ်။ ပြည်တွင်း ကုန်ထုတ် လုပ်မှုကိုအားမပေးဘဲ ပြည်ပသွင်းကုန်များသာ အားထားခဲ့လို့ ပြည်သူပြည်သားများရဲ့ လူမှုစီးပွား တိုးတက်မှုအားနည်းခဲ့ ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့်နံပါတ်(၁)အနေနဲ့ ပြည်တွင်း အား နဲ့ ပြည်တွင်းစီးပွားရေး တိုးတက်မြှင့်တင်ပါမယ်။
–    တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့ အတိုင်း နံပါတ်(၂)အနေနဲ့ ပြည်တွင်းနိုင်ငံရေး ခိုင်မာအားရှိအောင် ဆောင်ရွက်ပါမယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်မယ်ဆိုရင် နိုင်ငံရေး အားမကောင်းစရာ မရှိပါဘူး။
–    နံပါတ်(၃)အနေနဲ့ တိုင်းရင်းသားပြည်သူများအားလုံးပါဝင်တဲ့ ကာကွယ်ရေးစွမ်းအား လုပ်ဆောင်ရန်ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ဥမကွဲသိုက်မပျက် အေးအတူပူအမျှ ညီညွတ်တဲ့ အင်အားနဲ့ နိုင်ငံတော်ကို ခေတ်မီပြီးစွမ်းရည်ပြည့်ဝတဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့နဲ့ နိုင်ငံကာကွယ်ရေးစွမ်းအား တည်ဆောက် သွားပါမယ်။တိုင်းရင်းသားမိဘပြည်သူအားလုံး ပူးပေါင်းလုပ်ဆောင်ကြပြီး   မြန်မာ့ဂုဏ်ကိုမြှင့်တင်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ဧည့်သည်တော်ကြီးများနှင့်ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများခင်ဗျား

နိဂုံးချုပ်အားဖြင့် မိမိတို့ ပြည်ထောင်စုနိုင်ငံတော်ကြီး ထာဝရ တည်တံ့ခိုင်မြဲပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါရပ်တည်နိုင်ရေး အတွက် တိုင်းရင်းသားပြည်သူအားလုံးက ယနေ့ကျရောက်တဲ့ ( ၇၅ ) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ ဖြစ်တဲ့ –
–    ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသား အားလုံး ထာဝစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊
–    စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်ရေး၊
–    တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သောစုစည်းအင်အားဖြင့် နိုင်ငံတော်ကြီး ထာဝရတည်တံ့ ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းတည်ဆောက်ရေး၊
–    စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊
–    ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးရေးနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင် ဆောင်ရွက်ပေး‌ရေးစတဲ့ ဦးတည်ချက်များအတိုင်း တက်ညီလက်ညီဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို ကြိုးပမ်း ဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။