မကွေးတိုင်းဒေသကြီးအနေဖြင့် စားသုံးဆီနှင့် ချည်ထည်ပစ္စည်း အများဆုံး ထုတ်လုပ်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဒေသထွက် ကုန်ကြမ်းကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လို

နေပြည်တော်၊ နိုဝင်ဘာ-၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မကွေးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အတွင်းရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက် ကြသည်။

 စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာ အချက်အလက်များ၊ တိုင်း ဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အသေးစားစက်မှုဇုန် အကောင်အထည် ဖော်ရန် ဆောင်ရွက်နေမှု၊ MSME လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများ ပြန်လည်ပေးသွင်းလျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကူညီပံ့ပိုးမှုများနှင့် လုပ်ငန်းခွင် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် ဆီစက်လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးဖိုးနီ၊ ရက်ကန်းလုပ်ငန်းရှင် ဒေါ်တင်ဌေး၊ သဘာဝစလေ ဇီးနှင့် မန်ကျည်းအနှစ်ဖျော်ရည်လုပ်ငန်းရှင် ဒေါ်သက်စုဌေး၊ ဆီစက်လုပ်ငန်းရှင် ဦးဝင်းထွန်း၊ သောက်ရေသန့်နှင့် ဆီစက်လုပ်ငန်းရှင် ဦးမောင်မောင်လွင် နှင့် တက်ရောက်လာကြသူ များက မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို ပိုမိုတိုးမြှင့် ဆောင် ရွက်ပြီး ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို လျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရက်ကန်း လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည့် သွင်းအား စုများနှင့် နည်းပညာများ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ဒေသထွက်ကုန်များကို အသုံး ပြုဆောင်ရွက်လျက်ရှိသည့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ် ဓာတ်အားဖြည့်ဆည်းပေးစေလိုမှု၊ ဆန်စက်လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ပြည်တွင်း၌ မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြားလိုအပ်သည်များကို အသီးသီး တင်ပြဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်းတို့က ဝန်ကြီးဌာနအလိုက် လုပ်ငန်း အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ စီးပွားရေးကျဆင်းခဲ့ရမှု၊ ကိုဗစ်-၁၉ အပါအဝင် နိုင်ငံရေးအကြပ်အတည်းများကြားမှ နိုင်ငံ့စီးပွားရေးကို မြှင့်တင် ဆောင် ရွက်လျက်ရှိမှု၊ ကိုဗစ်-၁၉ ချေးငွေများထုတ်ချေးပေးထားမှု၊ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MSME)များဖွံ့ဖြိုးရေးအတွက် အားပေးဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မား စေရေး၊ ဝင်ငွေ တိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များစုဖွဲ့၍ လိုအပ် သည့် စက်ကိရိယာများ၊ အရင်းအနှီးများ မတည်ဆောင်ရွက်ပေးလျက်ရှိမှု၊ MSME လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လိုအပ်သည် များ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ဆွေးနွေး ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များ ဆောင်ရွက်ပေးသွားမည့် အခြေအနေများ နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

 
ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးအကြံပြု

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် ယခုနှစ်အတွင်း မကွေးတိုင်းဒေသကြီးသို့ ဒုတိယအကြိမ်ရောက်ရှိခြင်း ဖြစ်ပြီး ယခင်ကထက် သိသိသာသာ တိုးတက်မှုရှိလာသည်ကို အားရဖွယ်တွေ့မြင်ရ ကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် တင်ပြချက်များအရ လုပ်ငန်းများတိုးတက်မှုရှိစေရန်၊ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးတင်ပြကြသည်ကို တွေ့ရှိရကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရေးအတွက် အခြေအနေကောင်းကို ဖန်တီးရန်နှင့် မိမိတို့ကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကောင်းမွန်တိုးတက် မှသာလျင် စီးပွားရေးလုပ်ငန်းများကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ် မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သယံဇာတပစ္စည်းများမှထုတ်လုပ်ခြင်းနှင့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များမှ ထုတ်လုပ်ခြင်းဟူ၍ ရှိကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက် ရခြင်းသည် ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှု မမျှတခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ ကြီးမြင့်ခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် စားသုံးမှုနှင့် ထုတ်လုပ်မှုကို မျှတ အောင် ဆောင်ရွက်ကြရန်လိုကြောင်း။
မိမိတို့နိုင်ငံရှိ ကျေးလက်နေပြည်သူများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြကြောင်း၊ မြို့ပြ၌နေထိုင်ကြသူများအနေဖြင့်လည်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အဓိကကျကြောင်း၊ ယင်းလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းသည် အခြေခံကျသည့် ကျေးလက်စီးပွားရေးကို မြှင့်တင်ခြင်း ပင်ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးတိုးတက်လာပါက ဝယ်လိုအား တက်လာပြီး လူမှုစီးပွားဘဝ တိုးတက်လာစေမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ စနစ်ကျသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း။

ပြည်တွင်းကုန်ထုတ်လုပ်မှုအားပေးဆောင်ရွက်

မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စိတ်ပါဝင်စားမှုနည်းပါးကြ ကြောင်း၊ ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ခြင်းမရှိခဲ့သော ကြောင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း၊ ပြည် တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်မှသာ နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့တာဝန်ယူချိန်ကာလမှစတင်၍ ပြည်တွင်းကုန် ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား မှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ထိုက်သင့်သလောက် တိုးတက်မှုမရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့်လည်း စက်သုံး ဆီ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခက်အခဲအမျိုးမျိုးကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ထိုက်သင့်သလောက် တိုးတက်လာပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှစသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ချိန်တွင် မိမိတို့အနေဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အခက်အခဲ အမျိုးမျိုးကြားမှ ကျော်လွှားနိုင်ခဲ့ကြောင်း၊ အလားတူ နိုင်ငံရေး အမြတ်ထုတ်လိုသူ များ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူအကြမ်းဖက်မှုများလည်း ဖြစ်ပေါ်ခဲ့ပြီး မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ထိုကဲ့သို့သော အခက် အခဲများ ဖြစ်ပေါ်ခဲ့သည့်ကြားမှ မကွေးတိုင်းဒေသကြီးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဒေသတည်ငြိမ် အေးချမ်းရေး အတွက် ဝိုင်းဝန်းဆောင်ရွက်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်အောင်မြင်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိလာမည်ဖြစ် ကြောင်း။
MSME လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး နှင့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်ကြောင်း၊ MSME လုပ်ငန်းတွင် ထုတ်လုပ် မှု ကဏ္ဍ၊ ရောင်းဝယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ရှိကြောင်း၊ ဒေသတွင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကထား ထုတ်လုပ်သည့် ထုတ်ကုန်များ ထုတ်လုပ်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာလျင် အလုပ်အကိုင် အခွင့်အလမ်းအများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကာ ဒေသဖွံ့ဖြိုးမှုကို ပိုမိုအထောက် အပံ့ပေးနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝလည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ ကျေးလက်စီးပွားရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက် ခြင်းသည် ပိုမိုအကျိုး ဖြစ်ထွန်းစေကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဦးဆောင်၍ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးကို ဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။

ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပြည်တွင်းလိုအပ်ချက်များဖြစ်သည့် လူသုံးကုန် ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက်လိုအပ်လျက်ရှိသည့် အခြေခံလူသုံးကုန်ပစ္စည်းများ ကို ပြည်ပမှတင်သွင်းရသူ(Importer)အဆင့်မှ ပြည်တွင်းလိုအပ်ချက်ဖူလုံ ပြည့်မီ အောင် ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်သူ(Exporter) အဆင့်အထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ့စီးပွားရေးကို ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသား အားလုံးက အမြင်ကျယ်ကျယ်ဖြင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ တွင် သစ်ပင်၊ သစ်တောနှင့် ဝါးသယံဇာတ များစွာရှိကြောင်း၊ ဝါးကိုအခြေခံသည့် စက္ကူပျော့ဖတ်များထုတ်လုပ်၍ ပြည်တွင်းစက္ကူလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ အလားတူ သစ်အချောထည်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ သစ်တောထွက်ကုန်ပစ္စည်းများကို အသုံးပြု၍ ပြည်တွင်းသုံးကုန်များကို အစားထိုးနိုင် သကဲ့သို့ ပြည်ပသို့လည်း တင်ပို့နိုင်ကြောင်း၊ သစ်တောထွက်သယံဇာတများကို ထုတ်ယူသုံးစွဲပြီးပါက ပြန်လည်အစားထိုးစိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ပြည်တွင်း စားသုံးဆီလိုအပ်မှုနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ ဆီအိုးကြီးဖြစ်သော်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် ပန်းတိုင် ရည်မှန်းချက် ပြည့်မီမှုမရှိသည်ကို တွေ့ရှိရကြောင်း၊ ပြည်တွင်းဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးမှုများ အထွက် နှုန်း တိုးတက်စေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ ဝါစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်သည့်အတွက်လည်း ဝါစိုက်ပျိုးမှုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုလုပ်ငန်းများမှ မိမိတို့နိုင်ငံ တွင် အကောင်းဆုံးသော ချည်ထည်ပစ္စည်းများထုတ်လုပ်နိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရန်အတွက် မျိုးကောင်းမျိုးသန့်များ ရရှိရန်၊ မြေကောင်းမွန်ရန်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရန်နှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရန် တာဝန်ရှိသူများက ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း။

ဒေသတွင်း ခရီးသွားများ ဝင်ရောက်မှုများပြားခြင်းဖြင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမည်

မကွေးတိုင်းဒေသကြီးအတွင်း အထင်ကရနေရာများနှင့် တန်ခိုးကြီး စေတီပုထိုး များ များစွာရှိသဖြင့် တစ်နိုင်ငံလုံးမှ ဘုရားဖူးများ လာရောက်ကြကြောင်း၊ မိမိတို့ဒေသ သို့လာရောက်သူများ စိတ်ချမ်းမြေ့မှုရှိစေရေး မြို့ရွာများ သန့်ရှင်းသာယာလှပစေရန် အားလုံးကဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ ခရီးသွားများ လာရောက်မှု ပိုမိုများပြားပြီး ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ဒေသတွင်း တည်ရှိသည့် ဘုရား၊ ကျောင်းကန်များအား အများပြည်သူ များ လာရောက်ဖူးမြော်ကြည်ညိုချိန်တွင် စိတ်ကြည်နူးချမ်းမြေ့စွာဖြင့် ဖူးမြော်နိုင်ရန် အတွက် ပြုပြင်ထိန်းသိမ်းခြင်းနှင့် သန့်ရှင်းသာယာစေရေးအတွက်လည်း ဆောင်ရွက် ကြစေလိုကြောင်း၊ MSME လုပ်ငန်းများတွင် ဝန်ဆောင်မှုလုပ်ငန်းသည်လည်း ပါဝင် သဖြင့် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း။

MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိုက်သင့်သည့်အတိုးနှုန်း များဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ချေးငွေများ ရှိသကဲ့သို့ ပုဂ္ဂလိကချေးငွေများလည်းရှိပြီး အဆိုပါချေးငွေများကိုလည်း သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ချေးငွေများထပ်မံ ထုတ်ချေးပေး နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။

မကွေးတိုင်းဒေသကြီးအတွင်း ရေနံထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါရေနံထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ စည်းစနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း။

လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးအတွက် နိုင်ငံတော်မှကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကိုလည်း တတ်နိုင်သမျှ ချွေတာသုံးစွဲကြစေလိုကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ် ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြစေလိုကြောင်း၊ ယခင်ကဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများ အကြောင်းအမျိုးမျိုးဖြင့် ရပ်တန့်ခဲ့ရ သည့်အတွက် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍများ နှောင့်နှေးခဲ့ရကြောင်း။

ပညာရေး အားပေးဆောင်ရွက်ကြရန်လို

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်ပြီး ပညာတတ်မြောက်မှုအပေါ် မူတည်၍ လူတစ်ဦးချင်း၏ ဘဝရပ်တည်မှုများသည်လည်း ကွာခြားသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိရေး ဒေသတွင်း ပညာတတ်များပေါများကြွယ်ဝရန်လိုသဖြင့် ပညာရေးကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် တက္ကသိုလ်နှင့် ကောလိပ် များ များစွာရှိကြောင်း၊ ပညာရေးကိုအားပေးဆောင်ရွက်ခြင်းသည် မိမိတို့ဘဝကို မြှင့်တင် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အလားတူ ဗဟုသုတအသိအမြင်များ တိုးပွားစေရေး အတွက် စာပေများကိုလည်း အမြဲမပြတ်ဖတ်ရှုနေရန်လိုကြောင်း၊ စာတွေ့နှင့် လက်တွေ့ကို ပေါင်းစပ်ဆောင်ရွက်မည်ဆိုပါက တစ်ဦးချင်း၏ အကျိုးစီးပွားကို တိုးတက်စေမည်ဖြစ် ကြောင်း၊ တစ်ဦးချင်းတိုးတက်မှုမှ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ နိုင်ငံတော် အဆင့်အထိ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် တိုက်တွန်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစား ဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်း အလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။