ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နေပြည်တော် ဇွန် – ၇

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက် အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်း မှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

ယနေ့တွင် ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ ပထမအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက် ကြသည်။

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပပြုလုပ်၍ စိုက်ပျိုးပေးလျက်ရှိ

 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေ ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပပြုလုပ်၍ သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၈ ကြိမ် ပြုလုပ် ခဲ့၍ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေး အတွက်သစ်ပင်များကိုစိုက်ပျိုးခဲ့ကြကြောင်း၊ တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၌ ၂၀၂၃ ခုနှစ်အထိ သစ်ပင်ပေါင်း (၂၁ ဒသမ ၇၅ သန်း) ၂၁,၇၅၃,၄၇၇ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန်ဖြစ်ထွန်းမှုအနေဖြင့် (၁၄ ဒသမ ၃၁ သန်း) ၁၄,၃၁၇,၇၈၄ ပင် ရှင်သန်ဖြစ်ထွန်းခဲ့သည်ကိုတွေ့ရပြီး ၆၅ ရာခိုင်နှုန်းခန့် အောင်မြင် မှုရှိခဲ့သည်ကို မှတ်တမ်းများအရ တွေ့ရကြောင်း။

သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်မှုကောင်းစွာ ကာကွယ်ခြင်းဖြင့် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေနိုင်မည်

  မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်ထုတ်ပြန်ချက်အရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိပြီး တဖြည်းဖြည်းလျော့နည်းလာသည် ကို တွေ့ရှိရသည့်အတွက် အလေးထားရန်မှာကြားလိုကြောင်း၊ “ဥတုရာသီ တောကိုမှီ” ဟု ဆိုသည်အတိုင်း ရာသီဥတုမှန်ကန်ကောင်းမွန်ရေးအတွက် သစ်ပင်သစ်တောများ ကို ထိန်းသိမ်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများစိုက်ပျိုးနိုင်ရေးအတွက် သစ်ပင်သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လူနေထိုင်ရာ အဆောက်အဦများ ဆောက်လုပ်ရန်၊ မြေအောက်သယံဇာတများထုတ်ယူရန်အတွက် သစ်ပင်သစ်တော များကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အကြောင်းအမျိုးမျိုးတို့ကြောင့် သစ်ပင်သစ်တော များ ပြုန်းတီးမှု ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ကမ္ဘာ့လူဦးရေသည် လည်း တဖြည်းဖြည်းပိုမိုများပြားလာခဲ့ပြီး လူနှင့် တိရိစ္ဆာန်တို့မှထွက်ရှိသည့် အပူငွေ့ များ၊ စက်ရုံ၊ အလုပ်ရုံများ၊ မော်တော်ယာဉ်များမှ ထွက်ရှိသည့် အပူငွေ့များကြောင့် ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ပြီး မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများ အပြား၌ ရေကြီးရေလျှံမှုများ၊ မုန်တိုင်းတိုက်ခတ်မှုများ၊ မိုးခေါင်ရေရှားမှုများ စသည် ဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ အကျိုးဆက်ကို ကြုံတွေ့ရလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ဟူသည်မှာ ရှောင်လွဲ၍ရနိုင်သည်မဟုတ်သော်လည်း ကြိုတင် ပြင်ဆင်ကာကွယ်မှုကောင်းခြင်းဖြင့် ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း။

 မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့အနေဖြင့် ယခုနှစ်နွေရာသီတွင် ကမ္ဘာ့ အပူ ချိန် အမြင့်မားဆုံးမြို့အဖြစ် ပါဝင်ခဲ့သည်ကိုတွေ့ရကြောင်း၊ မိုးခေါင်ရေရှားဒေသ၊ မြေ လတ်ပိုင်းဒေသများ၌ လွန်ခဲ့သည့် နှစ် ၂၀ ခန့်မှစ၍ သစ်တောစိုက်ပျိုးရေးအလေးထား ဆောင်ရွက်ခဲ့သော်လည်း သစ်ပင်သစ်တောများ စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်း များကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်လိုအပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် အပူပိုင်းဇုန်စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို စနစ်တကျဖြင့် ပြန်လည်ဆောင်ရွက်နိုင် ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းရ မည်ဖြစ်သကဲ့သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရ မည်ဖြစ်ပြီး ရေစီးရေလာကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး အမြဲ မပြတ်ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြစ်ချောင်းများ၌ ရေစီးရေလာကောင်း မွန်စေရေး၊ ရေဝင်ရေထွက်ပိတ်ဆို့မှုမရှိစေရေး စစ်ဆေးဆောင်ရွက်နေမှသာလျင် ရေကြီးရေလျှံမှုများမဖြစ်မည်ဖြစ်ကြောင်း၊ သဘာဝကို ကောင်းအောင်ဖန်တီးသည်မှာ လူသားများပင်ဖြစ်သကဲ့သို့ ဆိုးအောင်ဖန်တီးသည်မှာလည်း လူသားများပင်ဖြစ်သဖြင့် လူသာလျင်ပဓာနဖြစ်ကြောင်း၊ သဘာဝသစ်တောထွက်သယံဇာတသစ်များကို စည်း ကမ်းစနစ်တကျမဟုတ်ဘဲ  အလွန်အကျွံထုတ်ယူသုံးစွဲခြင်းများကို ဆောင်ရွက်ခြင်း၏ အကျိုးဆက်ကို ပြန်လည်ခံစားကြရမည်ဖြစ်ကြောင်း။

ထို့ကြောင့် သစ်ပင်သစ်တောများကို ချစ်မြတ်နိုးကြရန်၊ တစ်ပင်စိုက်တစ်ပင်ရှင် ရမည်ဟူသည့် စိတ်မွေး၍ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်ပြီး စနစ်တကျစိုက်ပျိုးထိန်းသိမ်းသွားမည်ဆိုပါက နောင်လာ နောက်သားများအတွက် စိမ်းလန်းစိုပြေသည့် သဘာဝပတ်ဝန်းကျင်ကို ရရှိခံစားစေနိုင် မည်ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်ကတည်းက စိုက်ပျိုးခဲ့သည့်အကျိုးဆက်ကို ယခုမိမိတို့ မျက်မြင်ခံစားနေရသည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကောင်းနှင့် ကောင်းမွန်သည့်ရာသီဥတုကို လက်ဆင့် ကမ်းနိုင်ရေး သစ်ပင်များကိုစနစ်တကျဖြင့် ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး တို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်း အနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှု အားပေးကြသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိရေဆင်းဆည် ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၉၆,၄၂၅  ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်

ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၉ ပင်၊ ပိတောက် ၃၀၃ ပင်၊ မဟော်ဂနီ ၆၀၆ ပင်၊ မန်ဂျန်ရှား ၆၀၆ ပင် စုစုပေါင်း ၂၄၂၄ ပင်အား စုပေါင်း စိုက် ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ပထမ အကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက် ပျိုးပွဲတော် စုစုပေါင်း ၃၉ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံ ပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၉၆,၄၂၅ ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၆၆,၁၈၉ ပင်ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၇,၄၄၇ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၈,၄၃၅ ပင်၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်၌ ၇,၂၀၂ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၇,၂၃၉ ပင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၁၆,၀၁၅ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၃,၅၃၃ ပင်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၌ ၁၃,၃၇၉ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၉,၆၅၅ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၇,၄၈၆ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၇,၀၈၆ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၈,၃၇၄ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ၌ ၉,၀၀၂ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၉,၀၃၀ ပင်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၌ ၉,၈၈၂ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြ ပြီး ယနေ့တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များအပါအဝင်၊ တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၌ စုစု ပေါင်း သစ်ပင် ၁၆၆,၁၈၉ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။