နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီ တပ်မတော်ဖြစ်စေရေးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးမှာကြား 

မွန်မြတ်သည့်လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်းပြီး တပ်မတော်နှင့်နိုင်ငံ့ဂုဏ်ကို ဆက်လက် မြှင့်တင်ဆောင်ရွက်သွားကြရန်

နေပြည်တော်   မတ်   ၁၃

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီ တပ်မတော်ဖြစ်စေရေးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍  ပြန်လည်သုံးသပ်ဆွေးနွေးမှာ ကြားခြင်းအား  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင် ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်  ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များတက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်များအလိုက်မှ တိုင်းမှူးများ၊ (ကြည်း၊ ရေ၊ လေ) တပ်ဌာနချုပ်များ အလိုက် ဌာနချုပ်မှူးများနှင့် စစ်ဆင်ရေး ကွပ်ကဲရေးမှူးများက Video Conferencing ဖြင့်တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့ရမှုနှင့်ခေတ်မီတပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့မှုထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိမိအနေဖြင့် တပ်မတော် တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ယခုအချိန်အထိ ခေတ်မီတပ်မ တော်ဖြစ်စေရေး ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည် များကို သုံးသပ်ဆွေးနွေးနိုင်ရန်နှင့် လိုအပ် သည်များကို မှာကြားနိုင်ရန်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ စတင် ထမ်းဆောင်ချိန်တွင် နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းရမည့် အခြေအနေဖြစ်ကြောင်း။

မိမိအနေဖြင့် တပ်မတော်အကြီးအကဲများ၏ ယုံကြည်စွာဖြင့် တာဝန်လွှဲပြောင်း ပေးအပ်ခြင်းခံခဲ့ရပြီးနောက် တပ်မတော်ကာကွယ်ရေးဦး စီးချုပ်၏ တာဝန်များကို အကောင်းဆုံးဖြစ်စေရေး   ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊   ထိုသို့တာဝန်ထမ်း ဆောင်ခဲ့ သည့် အချိန်တွင် ယခင်ကတပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ဆုံးမဩဝါဒများ၊ မိမိဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကို    ပေါင်းစပ်၍ အကောင်းဆုံး ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး တပ်မတော်တိုးတက်ရာတိုးတက်ကြောင်းနှင့် ခေတ်မီတပ်မတော်ဖြစ်စေရေး အမြဲတမ်းအာရုံစိုက်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်စွမ်းရည်မြှင့်တင်ရေး၊ နိုင်ငံတကာမှတပ်မတော်များနှင့် ဆက်ဆံမှုကောင်းမွန်ရေးတို့ကို အကောင်းဆုံးဖြစ် အောင် မြှင့်တင်စွမ်းဆောင်ပေးခဲ့ကြောင်း။

တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် ပြည်ပရန်ကာကွယ်ရေးပင်ဖြစ်ပြီး နိုင်ငံတော် တွင်ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများအရ   ပြည်တွင်းလက်နက် ကိုင်ပဋိ ပက္ခများကို  ဝင်ရောက်ထိန်းသိမ်းနေရခြင်းဖြစ်ကြောင်း၊ ယခင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် တပ်မတော်အကြီးအကဲများသည်လည်း နိုင်ငံတော်နှင့် တပ်မတော် ကောင်းရာကောင်းကျိုးကို အစဉ်အဆက် အဆင့်ဆင့်လက်ဆင့်ကမ်း တာဝန် ထမ်းဆောင် ခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိသည် မြန်မာ့တပ်မတော်၏ ၈ ဦးမြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး ရှေ့ပိုင်းတွင်  တာဝန်ယူသွားခဲ့ကြသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များကဲ့သို့ပင် တပ်မတော်ကို  နိုင်ငံတော်ကာကွယ်ရေးတာဝန်များ  ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ရှိသည့် ခေတ်မီ တပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထားပြီး ဖွဲ့စည်းတည် ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း။

စစ်ဦးစီးပိုင်းဆိုင်ရာမြှင့်တင်ဆောင်ရွက်ပေးခဲ့မှုခေတ်အဆက်ဆက်တွင်   တာဝန်ထမ်း ဆောင်ခဲ့ကြသည့်   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအနေဖြင့်ပြည်တွင်း လက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊ သောင်းကျန်း မှုနှိမ်နင်းရေးစစ်ဆင်ရေး၊ ပြည်ပကျူး ကျော်မှုများကို တွန်းလှန်ကာကွယ်ရေး  စသည်တို့ကို တပ်မတော်တွင် ရနိုင်သမျှသော အင်အားများဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) သောင်းကျန်းမှု၊ တရုတ်ကူမင်တန်ကျူးကျော်မှု စသည့် စစ်ဆင်ရေးကြီးများကိုလည်း စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြခြင်းဖြစ်

ကြောင်း၊ မိမိအနေဖြင့် တပ်မတော်တွင်တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း အရာရှိငယ်ဘဝ၊ အရာရှိကြီးဘဝတို့ဖြင့် တိုက်ခိုက်ရေးတပ်ရင်း၊ တပ်ဖွဲ့များတွင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို အချိန်ကာလများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပေးအပ် သည့်တာဝန်များကို ကျေပွန်အောင်မြင်အောင်ထမ်းဆောင်ခဲ့ကြောင်း။

တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ်တည်ဆောက်ရာတွင် ခြေလျင် တပ်ရင်းတပ်ဖွဲ့များကိုသာမက တပ်မတော်(ရေ)၊ တပ်မတော် (လေ)နှင့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့များ၏ စွမ်းရည်၊ စွမ်းအားများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးရ မည်ဖြစ် ကြောင်း၊ မိမိအနေ ဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် လူ၊ လက်နက်ဖွဲ့စည်းမှု အဆင့်မြှင့်တင်ခြင်းသာမက တပ်မတော်(ရေ)အတွက် လိုအပ်သည့် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ခြင်း၊ ဝယ်ယူဖြည့်တင်းခြင်းများအပြင် တပ်မတော်(လေ) အတွက် လိုအပ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကို အဆင့်မြှင့်တင်ခြင်း၊ ထုတ်လုပ် ခြင်း နှင့် ခေတ်မီလေယာဉ်များ၊ ရဟတ်ယာဉ်များရရှိရေးကိုလည်း ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း၊ ထို့ပြင် ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့ဝင်များတွင် လိုအပ်သည့် လက်နက်စနစ်များအပြင် အခြားလိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ဖြည့်တင်းခြင်း၊ ကိုယ်ပိုင်ထုတ်လုပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း။

မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း နိုင်ငံ အတွင်းရှိ အမျိုးသမီးအင်အားထုကို အကျိုးရှိရှိအသုံးချနိုင်ရေး အမျိုးသမီး စစ်မှုထမ်းများကို ၂၀၁၄ ခုနှစ်က စ၍ခေါ်ယူအမှုထမ်းခွင့်ပြုခဲ့ကြောင်း၊  ယခင်ကတပ်မတော်တွင်   အမျိုး သမီးများကို ဆေးဝန်ထမ်းတပ်ဖွဲ့၌ ဆရာဝန်၊ သူနာပြုများအဖြစ်သာ   ခန့်အပ်ခဲ့ရာမှ   ဘွဲ့ရအမျိုးသမီးသင်တန်း၊ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်း၊ အမျိုးသမီးသူနာပြုသင်တန်းနှင့် တပ်သားသစ်သင်တန်းများကို ခေါ်ယူခဲ့ပြီး  အမျိုးသမီး များ၏ လူစွမ်းအားအရင်းအမြစ်ကို  အကျိုးရှိရှိ အသုံးချနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အမျိုးသမီး(အရာရှိ/ အခြားအဆင့်) ၅၀၀၀ ကျော်အနေဖြင့် အမျိုးသားများနှင့်တန်းတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေပြီဖြစ်ကြောင်း၊ ထူးခြားမှုအနေဖြင့် အမျိုးသမီးလေသူရဲ၊ လေယာဉ်မှူး များကို မွေးထုတ်ပေးနိုင်ခဲ့ သည်မှာလည်း မှတ်ကျောက်တင် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း။

ထို့ပြင် နိုင်ငံတော်တွင် ရိုသေခန့်ညားလောက်သည့် ကာကွယ်ရေးစွမ်းပကား၊ လုံခြုံရေး စွမ်းပကားကို ရရှိနိုင်ရေးအတွက် ၁၉၅၉ ခုနှစ်ကတည်းက ရှိခဲ့ပြီး ၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလတွင် ပြင်ဆင်ပြဋ္ဌာန်းထားသည့်  ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အသက်သွင်းကာ အာဏာတည်စေခဲ့ပြီး အကောင်အထည် ဖော်ကျင့်သုံးခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းများအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို အသက်သွေးချွေးများ ပေးဆပ်၍ တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းဆောင်လျက်ရှိနေပြီဖြစ်ပြီး ၎င်းတို့၏ နိုင်ငံတော်အတွက် တာဝန်ထမ်း ဆောင်မှုများကိုလည်း မိမိတို့အနေဖြင့် အသိအမှတ်ပြုရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် ထောက်ပံ့မှုများနှင့် ရပိုင်ခွင့်များရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးသွား ရန်လိုကြောင်း။

မိမိအနေဖြင့် တပ်မတော်ကို နိုင်ငံတကာအဆင့်မီ တပ်မတော်ဖြစ်ရေးအတွက် တည်ဆောက်ခဲ့ရာတွင် စစ်လက်နက်ပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းတွေကို ကိုယ်ပိုင်ထုတ်လုပ်သုံးစွဲနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ Standard Army  ဖွဲ့စည်း တည်ဆောက်သည့်နေရာတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)ကို လူ၊ လက်နက်ဖွဲ့စည်းမှု အဆင့်မြှင့်တင်ခြင်းသာမက တပ်မတော်(ရေ) အတွက် လိုအပ်သည့် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ခြင်း၊  ဝယ်ယူဖြည့်တင်း ခြင်းများ အပြင် တပ်မတော်(လေ)အတွက် လိုအပ်သည့် လေယာဉ်များ၊ ရဟတ်ယာဉ်များ အား အဆင့်မြှင့်တင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ခေတ်မီလေယာဉ်၊ ရဟတ်ယာဉ်များရရှိရေး ကိုလည်း   ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်း တည်ထောင်ပေးနိုင်ခဲ့ပြီး စစ်ရေးပြအခမ်းအနားများနှင့် နိုင်ငံတော်အဆင့် ဂုဏ်ပြု ကြို ဆိုပွဲအခမ်းအနားများတွင် ခမ်းနားစွာဖြင့် ပါဝင်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း။

စစ်ရေးဆိုင်ရာမြှင့်တင် ဆောင်ရွက်ပေးခဲ့မှု တပ်မတော်သားများ၏ ပညာရည်မြင့်မား ရေးအတွက်လည်း မိမိအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တပ်မတော်ပညာရေး ကျောင်းများ    ဖွင့်လှစ်ကာ ပညာရေးအား နည်းသည့် တပ်မတော်သားများကို အတန်း ပညာ မြင့်မားလာစေရေး တက်ရောက် သင်ကြားစေခဲ့ကြောင်း၊တပ်မတော်ပညာရေး ကျောင်းများမှတစ်ဆင့် တာဝန်ထမ်းဆောင်ဆဲ စစ်သည်များအားလုံးအနည်းဆုံး အခြေခံ ပညာမူလတန်းအဆင့်ကို  အောင်မြင်ပြီးဆုံးသည်အထိ သင်ကြားတတ်မြောက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော် သားများ၏ ပညာရည်မြှင့် တင်ရေးများကို ဆောင်ရွက်ပေးနိုင်ခဲ့သကဲ့သို့ တပ်မတော်သားများ၊   အငြိမ်းစားတပ်မတော်သားများ၏ ပညာရည်မြင့်မားရေးကိုလည်း  အလေးပေးမြှင့်တင်ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၅ခုနှစ်အထိ   စစ်မှုထမ်းဟောင်း  မိသားစု ဝင်သားသမီးများ၏ ပညာရည်မြှင့်တင်ရေး အတွက် ပညာ သင်နှစ်အလိုက် လစဉ်ချီးမြှင့်ငွေများပေးအပ်ခြင်း၊ ပညာသင်ထောက်ပံ့ကြေးများပေးအပ်ခြင်း၊ ပညာသင်ဆုများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ ဂုဏ်ထူး (၃) ဘာသာနှင့်အထက် ရရှိအောင်မြင်ကြသည့် စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း၊  စစ်သည် အစားခန့် အရပ်သားဝန်ထမ်းများ၏ သား၊ သမီးများ၊ ဂုဏ်ထူး(၁)ဘာသာနှင့်အထက် စစ်သည်များ၊ လူရည်ချွန်ရရှိသူ များ၊ ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း (ပထမ ၊ ဒုတိယ နှင့် တတိယ)  ရရှိသူများနှင့် အောင်ချက်အကောင်းဆုံး တပ်မတော်ပညာရေး ကျောင်းများက ကျောင်းအုပ်ကြီးများကို နှစ်စဉ်ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း၊ ထိုသို့ပေးအပ်ချီးမြှင့်ခဲ့ရာတွင် ဆုချီးမြှင့်ခဲ့မှုအရေအတွက်အနေဖြင့် ၂၀၁၁ -၂၀၁၂ ခုနှစ် ပညာသင်နှစ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ ( ၆ )ဘာသာ ၄၈၇ ဦး၊ (၅)ဘာသာ ၉၆၂ ဦး၊ (၄)ဘာသာ ၁၅ဝ၈ ဦး၊ (၃) ဘာသာ ၁၉၈၀ ဦး၊ (၂)ဘာသာ ၂၇၅၉ ဦးနှင့် (၁)ဘာသာ ၉၄၀၄ ဦး၊ ဂုဏ်ထူးရ စုစုပေါင်း ၁၇၁၀၀ ဦးရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှစပြီး ၂၀၂၅ ခုနှစ် အထိ ဘက်စုံထူးချွန်ဆု ရရှိသူများ၊ ဂုဏ်ထူး ၅ ဘာသာ၊ ၆ ဘာသာရရှိသူများ၊ အမှတ်အများဆုံး ရရှိကြသူများနှင့် အမှတ်အများဆုံးရရှိသည့် စစ်သည်များကို တပ်မတော်အထက်တန်း ကျောင်း၊ ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီး ၂ ဦးတို့နှင့်အတူ နှစ်စဉ် ပြည်ပ လေ့လာရေးခရီး စေလွှတ်ပေးခဲ့ပြီး   ယခုအချိန်အထိ ကျောင်းသား၊ ကျောင်းသူ ၂၇၁ ဦးကိုစေလွှတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေး  တာဝန် ထမ်းဆောင်စဉ် မသန်စွမ်းဖြစ်သွားသည့် တပ်မတော် သားများ၊ သေဆုံး၊ ကျဆုံးခဲ့ရသည့် တပ်မတော်သားများ၏ မိသားစုများနှင့် သက်ပြည့် အငြိမ်းစား တပ်မတော်သားများ ဘဝကောင်းမွန်စွာ ရပ်တည်နေထိုင်နိုင်ရေး အတွက် လည်း နယ်မြေဒေသအလိုက် စစ်မှုထမ်းဟောင်းအိမ်ရာများကို ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း။

 

တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆင့်မြင့်/တန်ဖိုးသင့်စစ်မှုထမ်းဟောင်း အိမ်ရာနေရာ(၂၁)နေရာရှိပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆောက်လုပ် ပြီးအခန်း ၆၈၀၀ ကျော်၊ ဆောက်လုပ်ဆဲအခန်း ၄၀၀၀ ကျော်နှင့် နေရာချထားပေးရန် ဆောင်ရွက်ဆဲအခန်း ၈၇ဝ ရှိကြောင်း။

တပ်မတော်သားများနှင့်တပ်မတော်သားမိသားစုဝင်များ၏ ကျန်းမာကြံ့ခိုင်ရေး အတွက် လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ အတွင်း တပ်မတော်ဆေးရုံများအသစ်တိုးချဲ့ပေးခြင်း၊ လိုအပ်သည့်ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများ ဖြည့်တင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ ပြည်သူလူထုကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက်လည်း တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များ စေလွှတ်ကုသပေးခြင်း၊ မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့ကို စေလွှတ်၍ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊  တပ်မတော်သားများနှင့် တပ်မတော်သားမိသားစုဝင်များ ၏ ကျန်းမာရေးစောင့်ရှောက်မှု  ကဏ္ဍကိုသာမက ပြည်သူလူထု၏ အခြေခံလိုအပ်ချက် ဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကိုလည်း ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များ အား    ဒေသခံပြည်သူလူထု၏လှိုက်လှိုက်လှဲလှဲကြိုဆိုမှု၊    ယုံကြည် အားကိုးခံရမှုများ သည် တပ်မတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ပြည်သူကအားကိုး ရသည့် တပ်မတော် အဖြစ် သက်သေပြနေခြင်းပင်ဖြစ်ကြောင်း။

ထို့ပြင် နိုင်ငံတော်နှင့်တပ်မတော်အတွက် ကိုယ်ကျိုးစွန့်ကာ စွမ်းစွမ်းတမံထမ်း ဆောင်ခဲ့ကြ သည့် တပ်မတော်သားများနှင့် မိသားစုဝင်များကိုလည်း မိမိအနေဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များနှင့် လက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ပြီး ထိုက်တန်သည့် ချီးမြှင့်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ချီးမြှင့်ပေးအပ်ခဲ့ရာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အရာရှိ၊ စစ်သည် ဦးရေ စုစုပေါင်း ၁၁၀၀၀၀ ကျော်ကို ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်ပေးအပ်နိုင်ခဲ့ကြောင်း။

စစ်ထောက်ဆိုင်ရာတပ်မတော်သားများနှင့် မိသားစုဝင်များအဆင်ပြေစွာဖြင့် နေထိုင် နိုင်ရေး နေအိမ် လိုင်းခန်းများကို အဆင့်နှင့်လျော်ညီစွာဖြည့်ဆည်း တည်ဆောက်ပေးခဲ့ သကဲ့သို့ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ဌာနချုပ်များတွင် မိုးလုံလေလုံအားကစားရုံများနှင့် အဆင့်မီ ဘောလုံးကွင်းများကိုလည်း တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ထောက်ပံ့ပို့ ဆောင်ရေး နှင့်ပတ်သက်၍ တပ်မတော်ကုန်စည်များကို အဆင်ပြေချောမွေ့စွာဖြင့် သယ် ဆောင်နိုင် ရန် နှင့်တပ်မတော်သားများနှင့် မိသားစုဝင်များ သွားလာမှုအဆင်ပြေ စေရေးအတွက် တပ်မတော်ပိုင် မီးရထားစက်ခေါင်းများနှင့် မီးရထားတွဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး  တပ်မတော်မီးရထားစနစ်ကိုဆောင်ရွက် ပေးနိုင်ခဲ့ ကြောင်း၊ တပ်မတော်သားများ၏ ရိက္ခာစိုငွေများကိုလည်း တိုးမြှင့်ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊ တပ်မတော် အတွက်လိုအပ်သည့် မော်တော်ယာဉ်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များအားလုံး အတွက် နေရာဒေသ အလိုက် တာဝန်ထမ်းဆောင်မှုအလိုက် သက်ဆိုင် ရာ ယူနီဖောင်းများ ဝတ်ဆင်ရာတွင် အဆင့်မီသည့် ယူနီဖောင်းများဝတ်ဆင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများ၏ ဝတ်စားဆင်ယင်မှုများကို ပိုမိုတိုးတက်ကောင်းမွန် လာစေရေး  တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံများကို  အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့သဖြင့်  ယခုအခါဝတ်စားဆင်ယင်မှုများပိုမိုတိုးတက်လာခဲ့သည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်မိုးရေကာဖျင်စက်ရုံ၊ တပ်မတော်သားရေစက်ရုံ၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံတို့ကို အဆင့်မြှင့်တင်မှုပြုလုပ်နိုင်ခဲ့ပြီး တပ်မတော်သားများအတွက် လိုအပ်သည့်အရည်အသွေးကောင်းမွန်သည့် ရှုးဖိနပ်များအပါအဝင် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အခမ်းအနားဝတ်စုံ ၂၆ စုံ၊ တိုက်ပွဲဝင် ဝတ်စုံ ၃၀ စုံ၊ ဗိုလ်လောင်းဝတ်စုံ ၂၅ စုံ၊ လုပ်ငန်းခွင်ဝတ်စုံ ၂၈ စုံအပါအဝင် တပ်မတော် (ကြည်း၊ ရေ၊ လေ) တစ်ရပ်လုံး အတွက် ဝတ်စုံအသစ် ၁၉၃ စုံ တို့ကို တိုးချဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊

တပ်မတော်(ရေ)နှင့်တပ်မတော်(လေ) အား အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့မှု

ခေတ်မီတပ်မတော်တည်ဆောက်ရာတွင် အင်အားတောင့်တင်းရန်လိုသကဲ့သို့ စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်ရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့်  ခြေလျင်တပ်ဖွဲ့များအပြင် တပ်မတော်(ရေ)၊ တပ်မတော်(လေ)တို့ကိုလည်း အဆင့်မြှင့်တင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်(ရေ)နှင့်ပတ်သက်၍ မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ချိန်တွင် တပ်မတော်(ရေ) အတွက်လိုအပ်သည့် စစ်ရေယာဉ်များကို ပြည်တွင်း၌တည်ဆောက်ပြီး တပ်တော် ဝင်နိုင်သကဲ့သို့ပြည်ပနိုင်ငံများမှ ဝယ်ယူဖြည့်တင်းခြင်းများကိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရေငုပ်သင်္ဘောတပ်ဖွဲ့ကိုလည်း  တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ ပြီး ရေငုပ် သင်္ဘောစစ်ရေယာဉ် မင်းရဲသင်္ခသူနှင့် မင်းရဲကျော်ထင်တို့ကို တပ်တော်ဝင်အသုံးပြု နိုင်ခဲ့ပြီဖြစ်ကြောင်း၊ တပ်မတော်ပိုင်သင်္ဘောကျင်းမှ စစ်ရေယာဉ်များကို ကိုယ်တိုင်တည် ဆောက်ထုတ်လုပ်နိုင်သည့် ဒေသတွင်းတစ်ခုတည်းသော တပ်မတော်ဖြစ်ကြောင်း၊    မကြာမီက တပ်တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ် (သာလွန်မင်း)သည်  မိမိတို့နိုင်ငံ၏ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ပြည်တွင်း၌ တည်ဆောက်သည့် သင်္ဘောများတွင် အကြီးဆုံးဖြစ် ကြောင်း၊  ထိုကဲ့သို့ စစ်ရေယာဉ်များကို ပြည်တွင်း၌ပင် တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံ၏ ရေပြင်ပိုင်နက်ကို ပိုမိုစိုးမိုးကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်  (ရေ)ကို အဆင့်မြှင့်တင်ဖွဲ့စည်းနိုင်ခဲ့ခြင်း၊ ရေယာဉ်များကို အဆင့်မြှင့်တင်ခြင်းနှင့် ဖြည့်တင်းဆောင်ရွက်ခြင်းများကို ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ရေကြောင်းအကျိုး စီးပွားများနှင့် ရေကြောင်းလုံခြုံရေးကို ပိုမိုစောင့်ကြည့်ကာကွယ်နိုင်ခဲ့ကြောင်း၊ ရေတပ် သားတစ်ဦးချင်းအနေဖြင့်  နိုင်ငံတော်၏ပိုင်နက် ပင်လယ်ပြင်လုံခြုံရေးနှင့် ရေကြောင်း အကျိုးစီးပွားကာကွယ်ရေးတို့အတွက် မိမိတို့ ကိုင်တွယ်အသုံးပြုနေရသည့်  လက်နက် ပစ္စည်း များနှင့် စက်ကိရိယာများကို စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်ရေး ဆက်လက် ဆောင်ရွက်သွားကြရန်လိုကြောင်း။

တပ်မတော်(လေ)နှင့်ပတ်သက်၍ မိမိတာဝန်ထမ်းဆောင်ချိန်ကာလအတွင်း တပ်မ တော်(လေ)အတွက် လိုအပ်သည့် လေယာဉ်/ရဟတ်ယာဉ်များကို ဖြည့်တင်း ဆောင်ရွက် ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပို့ဆောင်ရေး လေယာဉ်/ရဟတ်ယာဉ် များ၊ တိုက်ခိုက်ရေး လေယာဉ်/ ရဟတ်ယာဉ်များကို နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း၊ ယခုထပ်မံဖြည့်တင်းထားသည့် လေယာဉ်/ရဟတ်ယာဉ်များသည် နိုင်ငံတ ကာ(လေ)တပ်များနည်းတူ စွမ်းဆောင်ရည်ရှိသည့် ခေတ်နှင့် လျော်ညီသည့် လေယာဉ်၊ ရဟတ်ယာဉ်များဖြစ်ကြောင်း၊ တပ်မတော် (လေ)မှ လေသူရဲများအနေဖြင့်လည်း    တစ်ဦး ချင်းစွမ်းရည်များပြည့်ဝသည့်  လေသူရဲများအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊   ခေတ်မီတပ်မတော်(လေ)ဖြစ်စေရေး လူသားအရင်းအမြစ်သည်  အရေးကြီးသည့် အတွက် လေသူရဲများ၊ စက်မှုလက်မှုစစ်သည်များ၊ အတတ်ပညာရှင်စစ်သည်များ၏ လေ့ကျင့်ရေးစွမ်းရည် မြှင့်တင်နိုင်ရေး လေယာဉ်အမျိုးအစားအလိုက် Simulator များဖြင့် အဆင့်မြှင့်တင်လေ့ကျင့်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်(လေ) အနေဖြင့် တိုးတက်ပိုင်ဆိုင်လာသည့်  လေယာဉ်၊ ရဟတ်ယာဉ်များကို အသုံးပြုပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားမြင့်မားရေး၊ နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့မှုတပ်မတော်တစ်ခုကို တည်ဆောက်ရာတွင် လေ့ကျင့်ရေးသည် မဖြစ်မနေအရေးကြီး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ မည်မျှပင်အစွမ်းထက်သည့် လက်နက်များကို ပိုင်ဆိုင်ထားသည်ဖြစ်စေ ကိုင်တွယ်အသုံးပြုသွားမည့် အရာရှိ၊ စစ်သည် များ၏ စွမ်းရည် များ ပြည့်မီမှုမရှိပါက အသုံးဝင်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်ဆောင်ပုဒ်နှင့်အညီ စစ်သည်တစ်ဦးချင်းနေဖြင့် လေ့လာမှတ်သားမှုများ စဉ်ဆက်မပြတ်ပြုလုပ်ခြင်း၊ လေ့ကျင့်မှုများ အမြဲမပြတ် ဆောင်ရွက်ခြင်း၊ ရရှိထားသည့် လေ့လာထားမှု၊ လေ့ကျင့်ထားမှုတို့အပေါ်  လက်တွေ့ လိုက်နာဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တာဝန် ထမ်းဆောင်ချိန်ကာလအတွင်း (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ခေတ်နှင့်လျော်ညီသည့် ပူပေါင်းလေ့ကျင့်ခြင်း များကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့်ပတ်သက်၍ အဆင့်အလိုက် သင်တန်းများကို တိုးချဲ့ဖွင့်လှစ်လေ့ကျင့်ဆောင် ရွက်ပေးနိုင်ခဲ့သကဲ့သို့    အဆင့်မြင့်စာပေပါရဂူဘွဲ့များ ပေးအပ်နိုင်ရေးအတွက်လည်း တပ်မတော်စာပေဌာနများ အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အထက်အောက် ညီညွတ်မျှတသည့်အုပ်ချုပ်မှုပုံစံရှိရ မည်ဖြစ်ပြီးစီမံခန့်ခွဲမှုကောင်းရှိရန်နှင့်စစ်စည်းကမ်းလိုက်နာမှုကောင်းရန်လည်းလိုအပ်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်သူများအနေဖြင့် ခေါင်းဆောင်ကောင်းစိတ်နှင့် ဖခင်သဖွယ် စိတ်ထားရှိ၍ ကွပ်ကဲအုပ်ချုပ်မှုကောင်းကို  ဖော်ဆောင်သွားကြရန်လိုကြောင်း၊ စစ်သည် တစ်ဦးချင်းစီ၏ နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် ရပိုင်ခွင့်များအားလုံးပြည့်ဝ စွာရရှိ စေရေးဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့  ကိုယ်ရေးကိုယ်တာအခက်အခဲ၊ အကြပ်အတည်းများကိုလည်း  မိမိတို့တတ်စွမ်းသရွေ့ ဖြေရှင်းဆောင်ရွက်ပေးသွား ရန်လိုကြောင်း။

သက်သာချောင်ချိရေးနှင့်ပတ်သက်၍ သက်သာမှုရှိစေရေး ထောက်ပံ့ပေးသည့် ငွေကြေး၊ ပစ္စည်းအသုံးအဆောင်များ၊ အစားအသောက်များ ဖြည့်ဆည်းပေးခြင်း သာမကဘဲ လက်အောက်ငယ်သားများ၏ နေထိုင်ရေး၊ သွားလာရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့၌ အဆင်ပြေမှုရှိအောင်ဆောင်ရွက်ပေးရန်လည်းဖြစ်ကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်မှုကာလနှင့် တတ်မြောက်ထားသည့် ပညာရပ်များအလိုက် အဆင့်တိုး မြှင့်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ လစဉ်ထောက်ပံ့ကြေးများကို ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ တပ်မတော်သား များ၏ စားဝတ်နေရေးပိုမို အဆင်ပြေစေရန်အတွက် လစဉ်ထောက်ပံကြေးငွေ ၃၀၀၀၀ ကျပ်ကို ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၃ ကြိမ်တိုင်တိုင် တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံတော်ကာကွယ် ရေးနှင့်  လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်  တာဝန်ထမ်းဆောင်မှု အထူးထောက်ပံ့ကြေးအဖြစ် အမှုထမ်းသက်များအလိုက် အထူးထောက်ပံ့ကြေးများကို ချီးမြှင့်ပေးအပ်ထားရှိကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာ ချောင်ချိရေးအတွက် တပ်မတော် အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်ဦးချင်း သက်သာ ချောင်ချိရေးအတွက် အသုံးနှင့်အဖြုန်းကို သိရှိနားလည်ရန်လိုကြောင်း၊ အလားတူအသောက်အစားအပျော်အပါးများကို  ရှောင်ကြဉ်ခြင်းဖြင့်လည်း တစ်ဦးချင်း၏ ငွေကြေးသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။

စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုနှင့်ပတ်သက်၍  တပ်မတော်သားများ အားလုံး အနေဖြင့်တိုင်းပြည်ချစ်စိတ်ရှိပြီး ယုံကြည်ချက်ခံယူချက်ကောင်းရန်လိုသကဲ့သို့ တပ်မ တော်၏ ယုံကြည်ချက်၊ ခံယူချက်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး တာဝန်အဖြစ်ခံယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များအလိုက် အားကစား ပွဲများကိုလည်းကျင်းပ ပြုလုပ်ပေးလျက်ရှိပြီး အားကစားပြိုင်ပွဲများမှတစ်ဆင့် စိတ် ဓာတ်မြှင့်တင်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတပ်ကိုချစ်မြတ်နိုး သည့်စိတ်၊ မိမိတပ်ဖွဲ့ကို  ချစ်မြတ်နိုးသည့်စိတ်၊ တပ်မတော်ကို ချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်နေသရွေ့ တပ်မတော်သည် အမြဲတည်ရှိနေမည်ဖြစ်ကြောင်း၊ တပ်မတော်သည်အမိ၊ တပ်မတော် သည်အဖ   ဆိုသည့်အတိုင်းစည်းလုံးညီညွတ်မှုအားများကို တည်ဆောက်သွားကြရန် လိုကြောင်း၊ တပ်မတော်သားတိုင်းအနေဖြင့် နိုင်ငံတော်ကို ကာကွယ်မယ်ဟူသည့် အခြေခံစိတ်ဓာတ်ကောင်းမွန်မှုနှင့် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်အတွင်း ဝင် ရောက်လာကြခြင်းဖြစ်သည့်အတွက် အသက်ခန္ဓာပေးဆပ်ပြီး တာဝန်ထမ်းဆောင် နေမှု အပေါ်   ဂုဏ်ယူကာ နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် စစ်သည် တော်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံသို့ ခရီးစဉ်ပေါင်း ၅၃ ကြိမ်သွားရောက်နိုင်ခဲ့ပြီး အဆိုပါ ခရီးစဉ်များမှ တစ်ဆင့် ခေတ်မီတပ်မတော်ထူထောင်ရေး လက်တွေ့လေ့လာနိုင်ခဲ့ပြီး တပ်မတော် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အလားတူ  နိုင်ငံတော် အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင်လည်း ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလမှ ယခု အချိန်အထိ နိုင်ငံပေါင်း ၆ နိုင်ငံသို့ ခရီးစဉ်ပေါင်း ၁၂ ကြိမ်သွားရောက် ခဲ့ပြီး ကာကွယ် ရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုများ ကိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း။

တပ်မတော်မှ အရာရှိ၊ စစ်သည်များကိုလည်း နိုင်ငံတကာသို့ ပညာသင်တော် သင်များ အဖြစ်စေလွှတ်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး လေ့ကျင့်ခန်းများ စေလွှတ် ခြင်း၊ နိုင်ငံတကာ တပ်မတော်ဆိုင်ရာဆွေးနွေးပွဲများ စေလွှတ်ခြင်းနှင့် ချစ်ကြည်ရေး ခရီးစဉ်  စုစုပေါင်း ၂၈၉၂ ကြိမ်စေလွှတ်နိုင်ခဲ့ပြီး အရာရှိ ၇၀၀၀ ကျော်နှင့် စစ်သည် ၇၀၀ ကျော်ကို စေလွှတ်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတကာတပ်မတော်များနှင့် ထိတွေ့ ဆက်ဆံမှုများ တိုးတက်လာစေရေးနှင့် နိုင်ငံတကာအတွေ့အကြုံများ တိုးတက်လာစေ ရေး စေလွှတ်ပေးခြင်းပင်ဖြစ်ကြောင်း။

နိုင်ငံရေးအစိုးရများအနေဖြင့် ရွေးချယ်တင်မြှောက်ခံရသူများဖြစ်ပြီး သတ်မှတ် ကာလ များအလိုက် ပြောင်းလဲနေမည်ဖြစ်သော် လည်း တပ်မတော်အနေဖြင့် အစိုးရများ ကဲ့သို့ပြောင်းလဲမည်မဟုတ်ဘဲ လက်ဆင့်ကမ်းတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်း ဆောင်ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ၁၅ နှစ်တာကာလအတွင်း တပ်မတော်ကို အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်အာင် ကြိုးစားဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးကို  ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိကြောင်း၊ ထို့ကြောင့်  တပ်မတော်သားများ အားလုံး အနေဖြင့်   နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်အမျှော်အမြင်ရှိရှိချမှတ်ထားခဲ့သည့် “မွန်မြတ်သည့် လက်ဆင့် ကမ်းအမွေကို ထိန်းသိမ်းပြီး တပ်မတော်နှင့်နိုင်ငံ့ဂုဏ်” ကို ဆက်လက်မြှင့်တင်သွားကြရန် အလေးအနက်ထားတိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား   မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင် ခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်းလက်တွဲညီညီဖြင့်   တပ်မတော်၏ကောင်းရာ ကောင်းကျိုး၊ နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးများအတွက် အတူတကွ ဆောင်ရွက်ခဲ့မှုများအပေါ် ကျေးဇူး တင်ချီး ကျူးဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။