နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ – ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ စက်မှုဇုန်ရှိ စက်မှုဇုန်ခန်းမ တွင် မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံသည်။


လိုအပ်ချက်များနှင့် အခက်အခဲများအား ဆွေးနွေးတင်ပြ
ဦးစွာ မိတ္ထီလာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဝါလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဦး၊ ဆီကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးကျော်မြင့်၊ ရက္ကန်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းထိုက်၊ ဆန်စပါး လုပ်ငန်းရှင် ဦးအောင်ဇင်မင်းထိုက် နှင့် တက်ရောက်လာကြသူတို့က စက်မှုဇုန်တွင် အရင်းအမြစ် ကောင်းများပြည့်စုံမှုနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှု၊ စက်မှုဇုန်နည်းဥပဒေအတည်ပြုပေးရန်လိုအပ်မှု၊ လျှပ်စစ်ဓာတ်အား လိုအပ်မှု၊ ဝါသီးနှံကိုအခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ ဝါစိုက်ပျိုး တောင်သူများ ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ ဝါမျိုးကောင်းမျိုးသန့်များရရှိရေးအတွက် နိုင်ငံ တော်မှ ဆောင်ရွက်ပေးရန်၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ဆောင်ရွက်လျက်ရှိမှု၊ ဆီကောင်းဆီသန့်များရရှိအောင် ဆောင်ရွက်ရန်လိုအပ်မှု၊ နိုင်ငံတော်မှ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ခွဲရောင်းချပေးသည့် စားသုံးဆီများကို ပြည်သူများထံ သက်သာ သောဈေးနှုန်းများ ဖြင့်ပြန်လည် ရောင်းချပေးလျက်ရှိမှု၊ ရက္ကန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဆန်စက်လုပ်ငန်းတွင် အသုံးပြုသည့်ပစ္စည်းများ ဈေးနှုန်းများ မြင့်တက်မှု များ ကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိမှု အခြေအနေများနှင့် စက်မှုဇုန်အတွင်း လိုအပ်ချက်များကို အသီးသီး တင်ပြကြသည်။


သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးပြောကြား
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို တို့က မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် အဆင့်မီ ဝါမျိုးများ ရရှိရေးဆောင်ရွက်လျက်ရှိမှု၊ အရည် အသွေးပြည့်မီသည့် ဝါမျိုးစေ့များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဝါစိုက်ပျိုးတောင်သူ များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဆောင်ရွက်လျက်ရှိမှု၊ ဓာတ်မြေဩဇာများ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်မှ ဆီ ထုတ်လုပ်မှု တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ဆီလုပ်ငန်းရှင်များအတွက် ချေးငွေများထုတ်ပေးရန် ဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်နေတောင်သူများ စိုက်ပျိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် သွင်းအားစုများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ကိုလည်း အစုအဖွဲ့များဖြင့် မွေးမြူမည်ဆိုပါက မတည်ရင်းနှီးပေးမည့် အခြေအနေများ၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူ များ ဝင်ငွေရရှိရေးနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်း (MSME)များ အတွက် လည်း ဆောင်ရွက်ပေး၍ရသည့် ကိစ္စရပ်များ ကိုဆောင်ရွက်ပေးသွားမည့် အခြေအနေ များ၊ စက်မှုဇုန်ဥပဒေနှင့်ပတ်သက်၍ နည်းဥဒေမူကြမ်းကိုရေးဆွဲလျက်ရှိပြီး အတည်ပြု ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှုလုပ်ငန်းသည် လက်မှုလုပ်ငန်းမှ ပြောင်းလဲသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်မှု၊ အများ ပြည်သူများထိခိုက်မှု မရှိစေရန်စီမံဆောင်ရွက်နေမှု၊ စက်မှုဇုန်များမှ စွန့်ပစ်ပစ္စည်းများ စနစ်တကျရှိစေရေးအတွက် လိုအပ်သည့် နည်းပညာရပ်ပိုင်းဆိုင်ရာများကို ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေး ပြောကြားကြသည်။


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ထို့နောက် လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် မိတ္ထီလာစက်မှုဇုန်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး စက်မှုနှင့် ပတ်သက် ပါက စက်မှုရပ်ကွက်နှင့် စက်မှုဇုန်ဟူ၍ ရှိကြောင်း၊ စက်မှုရပ်ကွက်သည် စက်မှုလုပ်ငန်း ဆောင်ရွက်သည့်နေရာ၌ပင် လူများနေထိုင်နိုင်ရေး ဆောင်ရွက်ပေးထားခြင်းဖြစ်ပြီး စက်မှုဇုန်သည် လူနေထိုင်ရန်မဟုတ်ဘဲ စက်မှုလုပ်ငန်းများ သီးသန့် ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်ထားပေးခြင်းဖြစ်ကြောင်း၊ စက်မှုဇုန်များအနေဖြင့် လုပ်ငန်းများ ကို ယခုထက်ပိုမိုတိုးတက်အောင် အကောင်အထည်ဖော်ဆောင်နိုင်ရန်လိုအပ်နေသည် ကို တွေ့ရှိရကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အဓိက အရေးပါသည်ကို တွေ့ရှိရကြောင်း နိုင်ငံတကာတွင်လည်း MSME လုပ်ငန်းများသည် အဓိက အရေးပါသည့် နေရာ၌ ရှိနေ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ တော်၏ တာဝန်များကို စတင်ယူခဲ့ရသည့် အချိန်တွင် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်မှုများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဖိဖိစီးစီး ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း။


ပြည်တွင်း ချည်မျှင်နှင့် အထည်အလိပ်လိုအပ်ချက်ကို ပြည်တွင်းမှ ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်
လက်ရှိအချိန်တွင် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ကိုဗစ် -၁၉ ရောဂါကိုလည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သောကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအတွက် (MSME) လုပ်ငန်း များဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မတည်ငွေများလွှဲအပ်ပေးခဲ့ကြောင်း၊ ကျန်ရှိသည့် ရန်ပုံငွေများမှလည်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ အတွက် မတည်ငွေများလွှဲအပ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်ပျိုးတောင်သူ များအတွက်လည်း မတည်ငွေများ ထုတ်ပေးသွားရန် စီမံလျက်ရှိကြောင်း၊ ဝါစိုက်ပျိုးရန် အတွက် စိုက်ဧကများအသစ်ထပ်မံတိုးချဲ့ခြင်းထက် အကြောင်းအမျိုးမျိုးကြောင့် ဝါ စိုက်ပျိုးရန်မြေများတွင် အကြောင်းအမျိုးမျိုးဖြင့် အခြားသီးနှံများ စိုက်ပျိုး နေသည့် မြေများပေါ်တွင်သာ တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ ယခင်က ဝါစိုက်ပျိုးခဲ့သော်လည်း ဝါစိုက်ပျိုးမှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခြင်းကြောင့် နိုင်ငံအတွက် လိုအပ်သည့် ဝါထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြား သုံးစွဲငွေ များပိုမိုကုန်ကျကြောင်း၊ အဝတ်အထည်သည် အခြေခံ လိုအပ်ချက်တစ်ခုဖြစ်ပြီး လူတစ်ဦးအနေဖြင့် မွေးစမှ သေဆုံးသည့်အချိန်အထိ အဝတ်အထည် များလိုအပ် ကြောင်း၊ ပြည်တွင်း၌ လိုအပ်သည့် အထည်များကို ပြည့်မီအောင် ထုတ်လုပ်နိုင်မည် ဆိုပါက နိုင်ငံအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံများမှလည်း ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ ထုတ်လုပ်ပေးလျက်ရှိကြောင်း။


မျိုး၊ မြေ၊ ရေ၊ နည်း
ဝါစိုက်ပျိုးရန်အတွက် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများဖြစ်သည့် မြေဩဇာများနှင့် သဘာဝမြေဩဇာများလည်း လိုအပ်ကြောင်း၊ စိုက်ပျိုး မြေများကို လည်း စနစ်တကျပြုပြင်၍ စိုက်ပျိုးရန်လိုပြီး စက်ကိရိယာများဖြင့် ထွန်ယက် စိုက်ပျိုး နိုင်သည့် ဧကကွက်များဖြင့် စိုက်ပျိုးရန်လိုကြောင်း၊ သို့မှသာ စိုက်ပျိုးရေးလုပ်ငန်းများ တွင် အောင်မြင်ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်သဘာဝ မြေဩဇာများ များစွာရှိကြောင်း၊ မိတ္ထီလာခရိုင်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းလျက်ရှိပြီး နွားအကောင်ရေအနေဖြင့် ၄ သိန်းကျော်ရှိသည်ဟု သိရှိရကြောင်း၊ မွေးမြူရေး လုပ်ငန်း များကို စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက ဇီဝမြေဩဇာများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝမြေဩဇာများသည် စိုက်ပျိုးရေးလုပ်ငန်းများအတွက် များစွာ အထောက်အကူဖြစ်စေကြောင်း၊ အီးအမ်ဘိုကာရှီအပြင် ပိုက်ဆံလျှော်များစိုက်ပျိုး၍ လည်း သဘာဝမြေဩဇာအဖြစ် အသုံးပြု၍ရကြောင်း၊ ဓာတ်မြေဩဇာများ ရရှိရေး အတွက်လည်း နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တောင်သူများအနေ ဖြင့်လည်း မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ သဘာဝမြေဩဇာ Bio Fertilizer များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေးနှင့် အောင်ရေသည်လည်း လိုအပ် ကြောင်း၊ ရေရရှိရေး အတွက် နိုင်ငံတော်မှ တတ်နိုင်သမျှကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီး ရေကို အကျိုးမဲ့ အသုံးပြုခြင်းမဖြစ်စေလိုဘဲ အကျိုးရှိရှိအသုံးချရန်လိုကြောင်း၊ ထို့ပြင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ နည်းစနစ်တကျ မွေးမြူ ဆောင်ရွက်မှသာလျင် လုပ်ငန်းအောင်မြင်နိုင်မည်ဖြစ်ပြီး စနစ်တကျ ဆောင်ရွက်ခြင်း ဖြင့် ကုန်ကြမ်းပစ္စည်းများလည်း လုံလောက်စွာရရှိမည် ဖြစ်ကြောင်း။

ဝါ နှင့် အခြားဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ခြင်းဖြင့် ဒေသတွင်း စက်မှုလုပ်ငန်းများလည်း တိုးတက်လာမည်
မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ဧကပေါင်း ၃၆၀၀၀ ကျော်ရှိပြီး ချည်မျှင် ရှည်ဝါနှင့် ချည်မျှင်တိုဝါများကို စိုက်ပျိုးကြကြောင်း၊ မည်သည့်ဝါကိုစိုက်ပျိုးသည် ဖြစ်စေ ဝါအထွက်နှုန်းများကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ အထွက်နှုန်း ကောင်းမွန်ရန်အတွက် မျိုးကောင်းမျိုးသန့်ဖြစ်ရန်၊ သွင်းအားစုများလုံလောက်စွာရရှိ ရန်နှင့် စိုက်နည်းစနစ်များမှန်ကန်ရန်လိုကြောင်း၊ ဝါအထွက်နှုန်းများတိုးတက်လာ မည်ဆိုပါက ဝါနှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်သဖြင့် မိတ္ထီလာခရိုင်အတွင်း ဝါအထွက်နှုန်းတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ အလားတူ အခြားဆီထွက်သီးနှံများကို စိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧကချင်းအထွက်နှုန်း တိုးတက်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဧကချင်း အထွက်နှုန်းများတိုးတက်ကောင်းမွန်လာမည်ဆိုပါက စီးပွားရေးလည်း တိုးတက်လာ မည်ဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် မိတ္ထီလာခရိုင် အနေ ဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသတွင်းစက်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဆန်၊စပါး လုပ်ငန်း၊ ဆီထွက်သီးနှံကိုအခြေခံသည့် စက်မှုလုပ်ငန်း၊ ပဲ ကို အခြေခံသည့် စက်မှုလုပ်ငန်းများကိုဆောင်ရွက်၍ရကြောင်း။


ကုန်ထုတ်လုပ်မှုကို အခြေခံသည့် စက်မှုဇုန်တစ်ခုဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးလျက်ရှိပြီး နိုင်ငံရေး အနေ ဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးခြင်းဖြစ်သဖြင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ကြရန်လိုပြီး နိုင်ငံတော်မှ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အနေဖြင့် လိုအပ်ချက်များအရသာ အချို့သောစီးပွားရေးလုပ်ငန်း များကို ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှ ချေးငွေများကို သက်သာသော အတိုးနှုန်းများ ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လုပ်ငန်း (MSME) များသည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သဖြင့် လိုအပ်သည့်ငွေကြေးများကို နိုင်ငံတော်မှ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း။


မိတ္ထီလာခရိုင်သည် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းများကို ဖြစ်ထွန်းအောင်ဆောင်ရွက်ခြင်းဖြင့် အငယ်စားနှင့် အလတ်စားစက်မှု လုပ်ငန်း (MSME)များအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ရရှိမည်ဖြစ်ကြောင်း၊ မွေးမြူရေးကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့တင်ပို့၍ရကြောင်း၊ စက်မှုလုပ်ငန်းများကို ဆောင်ရွက် ရာတွင် လျှပ်စစ်ဓာတ်အားလိုအပ်မှုနှင့်ပတ်သက်၍ မိတ္ထီလာဒေသတွင် သပြေဝ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရှိကြောင်း၊ ပြန်လည်ပြည်ဖြိုး မြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်အသုံးပြုခြင်းဖြစ်သဖြင့် အကျိုးဖြစ်ထွန်း ကြောင်း၊ မိတ္ထီလာစက်မှုဇုန်အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ရရှိစေရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်မှလည်း လျှပ်စစ်ဓာတ်အားများလုံလောက်စွာ ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း။


စက်မှုဇုန်အတွင်း ရေဆိုးမြောင်းများ စနစ်တကျရှိစေရေးအတွက် တာဝန်ရှိသူ များက ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ စက်မှုဇုန်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့်လည်း မိမိတို့နေရာအလိုက် ရေမြောင်းများ စနစ်တကျရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ စက်မှုလုပ်ငန်းမှ ထွက်ရှိ လာသည့် ပစ္စည်းများအားလုံးသည် မိမိတို့အတွက် အကျိုးရှိသည့် စက်မှုထွက်ကုန် များဖြစ်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား လိုကြောင်း၊
ချည်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ အရည်အသွေးကောင်းမွန်သည့် ဝါများရရှိ ရန်နှင့် ရက်ကန်းစက်များ ကောင်းမွန်ရန်လိုကြောင်း၊ စက်မှုထွက်ကုန် ဝါကုန်ကြမ်း များကိုအသုံးပြု၍ ချည်ထည်ပစ္စည်းများ ထုတ်လုပ်နိုင်အောင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း MSME များကိုအားပေးကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံ့ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် အလေးထားပြီး ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း၊ စက်မှုဇုန်လုပ်ငန်းသည် မိမိ ဒေသ တစ်ခုအတွက်သာ ကွက်၍ ဆောင်ရွက်ခြင်း မဟုတ်ဘဲ ကုန်ထုတ်လုပ်မှုကို အခြေခံ၍ နိုင်ငံ့စီးပွားရေးအထိ အမြင်ကျယ်ကျယ်ဖြင့် ရည်မှန်းဆောင်ရွက်ရန်လို ကြောင်း၊ ကုန်ထုတ်လုပ်မှုကို အခြေခံသည့် စက်မှုဇုန်တစ်ခုဖြစ်စေရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားမည်ဆိုပါက အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။


တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ် စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး စက်မှုဇုန်မှ ထုတ်လုပ်ထားသည့် ချည်ထည်ပစ္စည်းများ၊ ဆီထွက်ပစ္စည်းများနှင့် အခြား ထုတ်ကုန် ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများအား လှည့်လည်ကြည့်ရှုရာ လုပ်ငန်းအလိုက် တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စက်မှုဇုန်အတွင်းလှည့်လည်၍ သိန်းကမ္ဘာကျော် ကုလားပဲခွဲစက် နှင့် စက်မှုလက်မှုလုပ်ငန်းသို့ ရောက်ရှိရာ လုပ်ငန်းရှင် ဦးမောင်မောင်က လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။ ရှင်းလင်းတင်ပြမှု များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။