ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်

နေပြည်တော် ဇူလိုင် – ၂၅

၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး ပေးသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှသင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

သစ်တော၊ သစ်ပင်များ၏ဖြစ်တည်မှုသည် လူအပါအဝင် သက်ရှိသတ္တဝါ အားလုံးတို့အသက်ရှင်တည်မြဲနိုင်ရေးအတွက် ဂေဟကွင်းဆက်တစ်ခုပင်ဖြစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် တပ်မတော်အနေ ဖြင့် နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပွဲတော်များ ပြုလုပ်လာသည်မှာ  ဆယ်စုနှစ်တစ်ခုမက တိုင်ခဲ့ပြီပင်ဖြစ်ပြီး သစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ နှစ်စဉ် မိုးရာသီရောက်တိုင်း သစ်ပင်စိုက်ပျိုးပွဲတော်များကို ပြုလုပ်ကျင်းပကြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးများ၊ အဖွဲ့အစည်းများအလိုက် စိုက်ပျိုးလျက်ရှိကြောင်း၊ သစ်တော၊ သစ်ပင်များ၏ဖြစ်တည်မှုသည် လူအပါအဝင် သက်ရှိသတ္တဝါ အားလုံးတို့အသက်ရှင် တည်မြဲနိုင်ရေးအတွက် ဂေဟကွင်းဆက်တစ်ခုပင်ဖြစ်ကြောင်း၊ လူနှင့်သတ္တဝါတို့ အသက်ရှင် ရပ်တည်ရေးအတွက် သစ်တော၊ သစ်ပင်များသည် အရေးပါလျက်ရှိ ကြောင်း၊ လူနှင့် သတ္တဝါတို့ကြောင့် ဖြစ်ပေါ်လာသည့် အဆိပ်အတောက်၊ ဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို စုပ်ယူပေးပြီး လူနှင့်သတ္တဝါတို့ အသက်ရှူသွင်းရန် အောက်ဆီဂျင် ဓာတ်ငွေ့ကို သစ်ပင်များက ထုတ်လွှတ်ဖြည့်ဆည်း ပေးထားခြင်းဖြစ် ကြောင်း။

တပ်မတော်အနေဖြင့် သစ်ပင်စိုက်ပျိုးရာတွင် အဖြစ်သဘောမျိုး၊ ဝတ်ကျေ တမ်းကျေ စိုက်ပျိုးကြခြင်းမျိုးမဟုတ်ဘဲ သစ်စေ့မှ တစ်ဆင့်သန်စွမ်းသည့် ပျိုးပင် ဖြစ်စေရန် ပျိုးထောင်သည့်စနစ်၊ ယင်းပျိုးပင်ကို မြေချစိုက်ပျိုးသည့်စနစ်၊ စိုက်ပြီး သစ်ပင်များကို ရှင်သန်စေရန် စိုက်ပျိုးပြုစုသည့်စနစ်၊ စိုက်ပြီးသစ်ပင်များအနက် ရှင်သန်ခြင်းမရှိသည့် သစ်ပင်များနေရာတွင် အစားထိုး စိုက်ပျိုးသည့်စနစ်တို့ဖြင့် စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန်အောင်မြင် ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ အပင်စိုက်ပျိုးရန်အတွက် လုံလောက်သည့် မြေ နေရာ ရှိ/မရှိ၊ စိုက်ပြီးသည့်အပင်များ ပေါင်းမြက်၊ လောင်းရိပ်များ ရှင်းလင်းပေးမှုရှိ/မရှိ၊ အပင်များအတွက် အစိုဓာတ်လုံလောက်မျှတ မှုရှိ/မရှိ၊ အပင်ရှင်သန်ကြီးထွားစဉ် စားသုံးရန်လုံလောက်သည့် မြေဩဇာပမာဏ ပြည့်/ မပြည့် စသည့် အချက်များအထိ ထည့်သွင်းတွက်ချက် စိုက်ပျိုးကြရမည် ဖြစ်ကြောင်း။

သစ်ပင်စိုက်ပျိုးပွဲများ၏ အောင်မြင်မှုအကျိုးရလာဒ်ကို ဆက်လက်ထိန်းသိမ်းကြရမည်

တပ်မတော်အနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ယခုကဲ့သို့မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်များကို နှစ်စဉ်ကျင်းပလာခဲ့ရာ ၂၀၂၁ ခုနှစ်အထိ (၃၂)ကြိမ်၊ အပင်စုစုပေါင်း (၁၆၈၀၈၇)ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ပထမအကြိမ်၌ ၄,၃၀၄ ပင် အသီးသီး စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အောင်မြင်ဖြစ်ထွန်းမှုအနေဖြင့် ၆၀ ရာခိုင်နှုန်းအောက် ရောက် သည့် နှစ် ၅ နှစ်သာရှိခဲ့ပြီး ကျန်နှစ်များအားလုံး အောင်မြင်ဖြစ်ထွန်းမှု ၈၀ ရာခိုင်နှုန်း နှင့်အထက်ရှိသည့် မှတ်တမ်းကောင်းများ ရရှိပိုင်ဆိုင်ထားကြောင်းနှင့် ယင်းမှတ်တမ်း ကောင်းကို ဆက်လက်ထိန်းသိမ်းသွားကြရန်  အလေးအနက်ထားမှာကြားလို ကြောင်း။

တပ်မတော် အနေဖြင့် နှစ်စဉ်ကျင်းပသည့် သစ်ပင်စိုက်ပွဲတော်များတွင် ဒေသ မျိုးရင်း အဖိုးတန် သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့်အပင်များ၊ ကြီးမြန် သစ်မျိုးများ၊ အမြဲစိမ်း သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စသည့် ဒေသနှင့် ကိုက်ညီ သင့်လျော်ပြီး တန်ဖိုးရှိသည့် အပင်မျိုးစိတ်များကို စနစ်တကျရွေးချယ်ပြီး အစီအစဉ် တကျ စိုက်ပျိုးနေကြောင်း။

သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် လူ့အသိုက်အဝန်းတစ်ရပ်အဖြစ် ရပ်တည်နိုင်မည်

ထို့ကြောင့် မိမိတို့တပ်မတော်သားများမှအစပြု၍ မိမိတို့နိုင်ငံသားများအနေဖြင့် တစ်ဦးချင်းတစ်ယောက်ချင်းမှ  အုပ်စုလိုက်၊ အဖွဲ့အစည်းလိုက်၊ ကျေးရွာလိုက်၊ မြို့နယ် လိုက် သစ်ပင်စိုက်ပျိုးထိန်းသိမ်းသည့် အလေ့အထရှိသူများဖြစ်လာမည်ဆိုပါက တစ်နိုင်ငံလုံးသည် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် လူ့အသိုက်အဝန်းတစ်ရပ်အဖြစ် ရပ်တည်လာနိုင်မည်ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဖြစ်လာ မည်ဆိုပါက မိမိတို့နိုင်ငံသားများအနေဖြင့်လည်း သာယာနေပျော်ဖွယ်ကောင်းသည့် သဘာဝပတ်ဝန်းကျင်ကောင်း တစ်ရပ်ကို မလွဲမသွေပိုင်ဆိုင်လာကြမည်ဖြစ်ကြောင်း၊ ကောင်းမွန်မျှတသည့် ရာသီဥတုနှင့် လတ်ဆတ်သန့်စင်သည့် လေကောင်းလေသန့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရကြမည်ဖြစ်သဖြင့် ကျန်းမာကြံ့ခိုင်ပြီး လူ့သက်တမ်းစေ့ နေထိုင်နိုင်သည့် လူ့အသိုက်အဝန်းတစ်ရပ်အဖြစ်လည်း မလွဲမသွေရောက်ရှိလာကြ မည်ပင်ဖြစ်ကြောင်း။

သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်ကို သွယ်ဝိုက်သည့်နည်းလမ်း အသွယ်သွယ်ဖြင့် အကျိုးကျေးဇူးဖြစ်ထွန်းစေသည့်အပြင် တိုက်ရိုက် အကျိုးပြုခြင်း လည်း အများအပြားရှိနေကြောင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသများမှ ဒီရေတောများ ဆိုပါက လေထုအတွင်းမှ ကာဗွန်ဓာတ်ငွေ့ကို ဖယ်ထုတ်ပေးရာတွင် အဓိကအရေးပါ ပြီး အင်အားကြီးမားသည့် မုန်တိုင်းကြီးများ၏ သက်ရောက်မှုပြင်းအားကို လျှော့ချ ပေးနိုင်သည့်အပြင် ဦးတည်ရာအရပ်ပြောင်းလဲသွားရန်လည်း အထောက်အကူပြုနိုင် သည်ကို မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ကြရဖူးသည့် သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များ တွင် အထင်အရှားတွေ့မြင်ခဲ့ကြရပြီးဖြစ်ကြောင်း။

ကုန်းတွင်းပိုင်းဒေသများဆိုပါကလည်း သစ်တောသစ်ပင်များက မြေဆီလွှာကို ထိန်းသိမ်းပေးနိုင်သောကြောင့် လယ်ယာကိုင်းကျွန်းမြေများ အောင်မြင်ဖြစ်ထွန်းခြင်း၊ မြေအောက်ရေကို ထိန်းသိမ်းပေးနိုင်ခြင်းတို့ကြောင့် ရေတွင်းရေကန်နှင့် သဘာဝ စမ်းချောင်းများ တည်မြဲနေခြင်းဖြစ်ပြီး မြစ်ရေတိုက်စား၍ ကမ်းပါးပြိုခြင်းနှင့် မိုးများ ၍ မြေပြိုသည့်ဖြစ်စဉ်များအပေါ် တိုက်ရိုက်ကာကွယ်လျှော့ချပေးခဲ့သည်များကို သိမြင်မိ ကြမည်ဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် မိမိအတွက်ဆိုခြင်းထက် အများ အတွက် ဟူသည့် ကုသိုလ်စေတနာသဒ္ဓါတရားရှေ့ဆောင်ပြီး ပြုလုပ် အားထုတ် သည့် အလုပ်တစ်မျိုးဖြစ်သည့်အတွက် ဘာသာတရားပိုင်းအမြင်ဖြင့်လည်း ကောင်းမွန် သင့်မြတ်သည့် အလုပ်ဖြစ်ကြောင်း။

စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန် အောင်မြင်ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုး

စိုက်ပျိုးပြီးစီးခဲ့သည့် အပင်တိုင်းကို စတင်စိုက်ပျိုးပြီးချိန်မှစ၍ စဉ်ဆက်မပြတ် စောင့်ကြည့်သည့်စနစ် ထူထောင်သွားရမည်ဖြစ်ပြီး ထိန်းသိမ်းပြုစုခြင်းလုပ်ငန်းစဉ် များ ကို ရာသီအလိုက်၊ အပင်သက်တမ်းအလိုက် မပျက်မကွက် ဆောင်ရွက်ကြရ မည် ဖြစ်ကြောင်း၊          သစ်ပင်စိုက်ပျိုးရာတွင် အဖြစ်သဘောမျိုး၊ ဝတ်ကျေတမ်းကျေ စိုက်ပျိုးကြခြင်းမျိုး မဟုတ်ဘဲ စိုက်ပျိုးသည့်အပင်များ အမှန်တကယ် ရှင်သန် အောင်မြင်ဖြစ်ထွန်းစေရန် စနစ်တကျ စီမံစိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပြီး သစ်ပင်များ ရှင်သန်စေရန် စိုက်ပျိုးပြုစုသည့်စနစ်၊ စိုက်ပြီးသစ်ပင်များအနက် ရှင်သန်ခြင်းမရှိသည့် သစ်ပင်များနေရာ၌ အစားထိုးစိုက်ပျိုးသည့်စနစ်တို့ဖြင့် စီမံ စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများ လုပ်ဆောင်ကြရသည့် အဓိကလုပ်ငန်း တာဝန်ကြီးသုံးရပ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်တစ်ရပ် အဖြစ်ပါဝင်သည့် ပြည်သူ့သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်သည့်အနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သစ်ပင်စိုက်ပျိုးပွဲတော် များတွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး များနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ  ရေဆင်းဆည်ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၇၇၀၅၃ ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်

ယနေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၂၁၅၂ ပင်၊ ပျဉ်းကတိုး ၁၀၇၆ ပင်နှင့် အရိပ်ရလေကာပင် မန်ဂျန်ရှား ၁၀၇၆  ပင် ၊ စုစုပေါင်း ၄၃၀၄ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသား စုများ အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၇၇၀၅၃ ပင် အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၉၅၀၃၈ ပင်ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁၁၀၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၄၆၇၆ ပင်၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်၌ ၁၁၉၇၀ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၅၉၀၀ ပင်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၁၄၃၀၀ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၇၇၈၅ ပင်၊ အရှေ့ တောင် တိုင်းစစ်ဌာနချုပ်၌ ၈၉၃၃ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၀၇၄၃ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၂၁၀၂၂ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၉၃၉၅ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၆၅၁၈ ပင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၌ ၉၉၁၅ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၆၄၅၇ ပင်နှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ၁၂၀၂၀ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်း စိုက်ပျိုးခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်း၌ စိုက်ပျိုးသည့် ၄၃၀၄ ပင် အပါအဝင် တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၉၅၀၃၈ ပင် ကို စိုက်ပျိုးခဲ့ကြပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။