နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  မြို့မိမြို့ဖများအား တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်နှင့် မိုင်းယောင်း မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား ယနေ့တွင် မိုင်းခတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်တို့ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များအား ဆွေးနွေး ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်း မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်တို့မှ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရှမ်း၊ လားဟူ၊ အခါ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက် ကြသည်။

ဦးစွာ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မိုင်းခတ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမြင့်စိုး၊ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် မြို့မိမြို့ဖများက  ဒေသဆိုင်ရာအချက်အလက်များ၊ မိုင်းခတ်မြို့ပေါ် သောက်သုံးရေလိုအပ်ချက်၊ ပညာရေးဝန်ထမ်းလိုအပ်ချက်များ၊ မိုင်းခတ်မြို့အဝင်လမ်းနှင့် မိုင်းခတ်-မိုင်းညှင်းလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးရေး၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးဆောင်ရွက်နေ သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ မိုင်းယောင်းမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် ဓါတ်လုံစေတီတော်သွားလမ်း၊ ယမ်းပုန်း-ဝမ်ဖြတ်-ဝမ်ယွတ် ကျေးရွာချင်းဆက်လမ်းအဆင့်မြှင့်တင်ပေးစေလိုသည့် အခြေအနေများ၊ မိုးသည်းထန် စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပြိုကျ ပျက်စီးနေသည့် နမ့်ဖွန်ချောင်းကူး ဒွန်းနွဲ့တံတားအား သံကူကွန်ကရစ်တံတားအဖြစ် ပြန်လည်ပြုပြင်ပေးစေလိုသည့် အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ ညွန့်ဖေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တို့က သက်ဆိုင်ရာဝန်ကြီးဌာန များ အလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ပြန်လည်ရှင်းလင်းပြောကြား ရာ၌ ကျေးလက်ချင်းဆက်လမ်းနှင့် ရွာတွင်းလမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ မိုင်းခတ်မြို့နယ်အတွင်း သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ များ၊ ပညာရေးဝန်ထမ်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပညာရေး ဝန်ထမ်းများကို ခေါ်ယူထားရှိသည့် အခြေအနေများနှင့် လိုအပ်သည့်နေရာဒေသများ ကို အမြန်ဆုံးဖြည့်ဆည်း ခန့်အပ်ပေးသွားမည့် အခြေအနေများအား ပြန်လည် ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာ၌ မိမိအနေဖြင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင်စဉ် မိုင်းခတ်နှင့် မိုင်းယောင်း ဒေသသို့ အကြိမ်ကြိမ်ရောက်ရှိခဲ့ဖူးကြောင်း၊ မိုင်းညှင်းလမ်းကို စတင်ဖောက်လုပ်ရာ တွင် များစွာကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိုင်းခတ်မြို့ သောက်သုံးရေလုံလောက်စွာရရှိရေးအတွက် နမ့်လွေချောင်းမှ ရေကို ခေတ်မီနည်းစနစ်များဖြင့် သန့်စင်၍ သုံးစွဲနိုင်မည်ဆိုပါက သောက်သုံး ရေလုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အားရရှိ ရေးအတွက် နမ့်လွေချောင်းတွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကို သုတေသနပြု ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လမ်းအဆင့်မြှင့်တင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

ယခုရောက်ရှိသည့် အချိန်တွင် မိုင်းခတ်ဒေသနှင့် မိုင်းယောင်းဒေသတို့သည် ယခင်ကထက် များစွာဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရပြီး ရောင်းဝယ်ဖောက်ကား မှုများ ပိုမိုကောင်းမွန်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ သို့သော် လည်း ယခုထက် ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှိပြီးသားဖြစ်သည့် မြေ၊ ရေ သယံ ဇာတများကို အကျိုးရှိအောင် အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ မိုင်းယောင်းဒေသသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ စပါးကျီဖြစ်ပြီး စပါးအပြင် အခြားသီးနှံများ စိုက်ပျိုးမှုများ ကိုလည်း လုပ်ဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ရေခံမြေခံကောင်းပြီးဖြစ်သဖြင့် အရည် အသွေးပြည့်မီသည့် ဆန်ထွက်ကုန်များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိုးတွင်း၌ သာမက အခြားရာသီများတွင်လည်း ရေသွင်းစိုက်ပျိုးနိုင်အောင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထိုမှတစ်ဆင့် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်း Agricultural Base Industry သို့ သွားနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဆန်ကိုအခြေခံသည့် ထုတ်ကုန်နှင့် အခြားအဆင့်မြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ရာဘာစိုက်ပျိုးမှုနှင့် ပတ်သက်၍ ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများဖြစ်ရန်လိုပြီး ဒေသခံများ၏ အမည်ခံ၍ အခြားသူများမှ လာရောက်လုပ်ကိုင်မှုများ မရှိစေရေး တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စနစ်တကျလှောင်မွေးသည့်စနစ်ဖြင့်မွေးမြူပါက စိုက်ပျိုး ရေး လုပ်ငန်းအတွက် လိုအပ်သည့် ဇီဝမြေဩဇာများကိုရရှိနိုင်မည်ဖြစ်သဖြင့် စိုက်ပျိုး ရေးလုပ်ငန်းများ အထွက်နှုန်းတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့သို့ စနစ်တကျ မွေးမြူခြင်းဖြင့် အသားအထွက်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ယှဉ်တွဲဆောင်ရွက်ပြီး  ဒေသတွင်း ဖူလုံ လာပါက အနီးနားရှိ ဒေသများနှင့် အိမ်နီးချင်းနိုင်ငံများသို့ အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ တင်ပို့နိုင်မည်ဖြစ်သဖြင့်  ဒေသခံများ၏ လူမှုစီးပွား ဘဝများ လည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း။

စီးပွားရေးကောင်းမွန်အောင်ဆောင်ရွက်ရာတွင် ရေခံမြေခံကောင်းမွန်ပြီး ဖြစ်သ ဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်၍ ရကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် အသိပညာနှင့်အတတ်ပညာများ လိုအပ်သဖြင့် ပညာရေးကိုအားပေးရန်လိုကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့သည် ပညာရေး အားပေးမှု နည်းပါးပြီး ဘာသာစကား ကန့်သတ်ချက်၊ သွားလာမှုအခက်အခဲများ ရှိသည်ဖြစ်သော်လည်း ပညာရေးကို အားပေး ဆောင်ရွက် ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိဘများကလည်း မိမိတို့ သားသမီးများ၏ ပညာရေးကို အားပေးရန်လိုအပ်သကဲ့သို့ စီးပွားရေးတိုးတက်အောင်လည်း လုပ်ဆောင်ကြရန်လို ကြောင်း၊ မိမိအနေဖြင့် ရောက်ရှိသည့်နေရာတိုင်းတွင် ပညာရေးကို အားပေး ဆောင်ရွက်ရေးအတွက် အမြဲတစေ တိုက်တွန်းပြောကြားခဲ့ပြီး လိုအပ်သည်များကို လည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကိုပြန်လည် ဖွင့်လှစ်ပေးထားပြီး ပညာတတ်များပေါကြွယ်ဝရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများသည် ပညာရပ်ဆိုင်ရာများအလိုက် မွေးထုတ်ပေးထားသည့်ဝန်ထမ်းများဖြစ်ကြောင်း၊ နိုင်ငံရေးအခြေအနေကြောင့် CDM ပြုလုပ်သွားသည့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းအရ တာဝန်ပြန်လည်ထမ်းဆောင်ရေးအတွက်လည်း တိုက်တွန်းဆောင်ရွက် လျက်ရှိကြောင်း၊ အတန်းပညာများကို သင်ကြားပေးနေသည့် ဆရာ၊ဆရာမ များ အနေဖြင့် အရည်အချင်း ပြည့်ဝရန်လိုအပ်သကဲ့သို့ ကျောင်းသားကျောင်းသူများ အနေဖြင့်လည်း စနစ်တကျဖြင့် ကြိုးစားသင်ယူရန်လိုကြောင်း၊ ကျောင်းသား၊ မိဘ၊ ဆရာနှင့် အုပ်ချုပ်သူများအားလုံး ပါဝင်ဆောင်ရွက်မှသာ ပညာရေးမြင့်မားလာမည် ဖြစ်ကြောင်း၊ အလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်ပြီးပါက စိုက်ပျိုးမွေးမြူရေး နှင့်သက်ဆိုင်သည့် ပညာရပ်များ သင်ယူရန်အတွက် အထောက်အကူပြုမည်ဖြစ် ကြောင်း၊ ထိုမှတစ်ဆင့် တက္ကသိုလ်ပညာရပ်များကို အဆင့်ဆင့်တက်ရောက်သင်ယူရ မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ပညာ သင်ယူရာတွင်လည်း ကျိုင်းတုံမြို့ရှိ တက္ကသိုလ် များတွင် တက်ရောက် ပညာသင်ကြား၍ရကြောင်း၊ ပညာရပ်ပိုင်း ဆိုင်ရာများအလိုက် ထူးချွန်သူများ ပေါ်ထွန်းလာစေရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော် အနေဖြင့်လည်း ပညာသင်ကြားရေးနှင့်ပတ်သက်၍ တတ်နိုင်သည့်ဘက်မှအားပေး ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဒေသတွင်းမှပညာတတ်အရင်းအမြစ်များ ပေါ်ထွက် လာစေရေး အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့နိုင်ငံနှင့် ဒေသတိုးတက်ရေး အတွက် ပညာရည်မြင့်မားရေးဆိုင်ရာကိစ္စရပ်များကို ဒေသခံပြည်သူများအားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

ဒေသစီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်၍ရကြောင်း၊ ယခုဒေသသည် ယခင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် နာမည်ဆိုးများရှိခဲ့သော်လည်း သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်မှတားဆီးဆောင်ရွက်ခဲ့မှုများကြောင့် ယခုအခါ နည်းပါးသွားပြီဖြစ်ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍လည်း ထိန်းသိမ်းကြရန်လိုကြောင်း၊ စက်မှု လုပ်ငန်း၊ စီးပွားရေးလုပ်ငန်းတို့ဖြင့်တိုးတက်မှုကိုသာ မြင်တွေ့လိုကြောင်း၊

မိမိအနေဖြင့် မိုင်းခတ်ဒေသကို မူးယစ်ဆေးဝါးကင်းစင်ပြီး ဒေသတွင်းရှိ လူမှု စီးပွားဘဝများတိုးတက်မှုများရှိသည့် ဒေသတစ်ခုဖြစ်စေလိုကြောင်း၊ ယခုကာလတွင် လုံခြုံရေးအရတည်ငြိမ်အောင်၊ နိုင်ငံရေးအရ ငြိမ်းချမ်းအောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုများရှိပါက နိုင်ငံတိုးတက်မှုရှိမည်မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေး၊ လူမျိုးရေးများနှင့် ပတ်သက်၍ လက်နက်ကိုင်ဆောင်ရွက် ခြင်းကိုအားမပေးပါကြောင်း၊ ဒီမိုကရေစီအရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းအဖြေရှာရေး လမ်းစဉ်ကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာန ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း။

ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူလူထုနှင့် ဒေသတွင် လာရောက် တာဝန်ထမ်းဆောင်သည့် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများအားလုံး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ခေတ္တလာရောက် တာဝန်ထမ်းဆောင်သည့် ဧည့်သည်အနေဖြင့် မဆောင်ရွက်ကြစေလိုဘဲ ဒေသဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က မိုင်းခတ်ဒေသနှင့် မိုင်းယောင်းဒေသအတွက် လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ အုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ် နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရှမ်း၊ လားဟူ၊ အခါ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။