ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃) ကျင်းပ

နေပြည်တော် ဖေဖေါ်ဝါရီ – ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၁/၂၀၂၃)ကိုဇန်နဝါရီ ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ် ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တို့ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အနေဖြင့် ကျန်းမာရေးအခြေ အနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်။


ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ၂ နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် စပ်လျဉ်း၍တင်ပြရာတွင် မိမိတို့ အစိုးရ နိုင်ငံတော်တာဝန်ရယူခဲ့ရခြင်းသည် ဒုတိယသက်တမ်းတွင် တာဝန်ယူခဲ့သည့် အစိုးရ၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ မဲမသမာမှု ဖြစ်စဉ်များကြောင့် ဖြစ်ပါ ကြောင်း၊ နိုင်ငံ၏တည်ထောင်ခါစပါတီစုံဒီမိုကရေစီစနစ် မယိမ်းယိုင်စေရန် တပ်မတော် အနေဖြင့် သက်ဆိုင်သူများကို အကြိမ်ကြိမ်သတိပေး၊ အသိပေးခဲ့ပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ယခင်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်ခဲ့သည့် မဲစာရင်းအရမဲပေးပိုင်ခွင့်ရှိသူ ၃၈,၂၇၁,၄၄၇(၃၈ ဒသမ ၂၇ သန်း ကျော်) အပေါ်တွင် တပ်မတော်၏ စိစစ်ချက် များအရ ၁၀,၄၈၂,၁၁၆ ဦး(၁၀ ဒသမ ၄၈ သန်းကျော်)သည် မဲမသမာမှုဖြစ်ကြောင်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသ ထုတ်ပြန်ခဲ့ပါကြောင်း၊ မဲမသမာမှု ဖြစ်နိုင်သည့် စိစစ်တွေ့ရှိချက်သည် မဲပေးပိုင်ခွင့်ရှိသူ ပမာဏ၏ လေးပုံတစ်ပုံကျော် ဖြစ်နေပြီး သာမန်မှားယွင်းမှု၊ သာမန်အငြင်းပွားမှု မဟုတ်ကြောင်းနှင့် သေချာစိစစ်မှုမရှိဘဲ ကြိုတင်ပူးပေါင်း ကြံစည်မှုများသာ ဖြစ်သည် ကိုတွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်အသီးသီးအတွက် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မဲမသမာမှုသည် မည်သည့်နိုင်ငံကမျှ လက်မခံသော ဆိုးဝါးသည့် လုပ်ဆောင်မှု ဖြစ်ပါကြောင်း၊ မဲမသမာမှုအပေါ်စိစစ်ရန်အတွက် တတိယအဖွဲ့အစည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ တွင်ဖွဲ့စည်းပုံအခြေခံဥပဒေ အရသော်လည်း ကောင်း၊ နိုင်ငံ၏နိုင်ငံရေးသမိုင်းစဉ် ဖြတ်သန်းမှုအရသော်လည်းကောင်း စိစစ်ပေးရန် သတိပေး၊ အသိပေးရန်လိုအပ်သည့် အဖွဲ့အစည်းသည် တပ်မတော်ပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်၌ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများတွင် မဲမသမာမှုဖြစ်စဉ်များ မကြာခဏ တွေ့ရှိ၊ ကြားနေရဆဲဖြစ်ပါကြောင်း၊ ထိုသို့ဖြစ်လာသည့်အခါတွင်လည်း တည်ဆဲအစိုးရ နှင့် တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင် UEC တို့က အလေးထားပြီး ဖြေရှင်းပေးရမည်ဖြစ်ပါကြောင်း၊ အရေး ယူမှုများ ပြုလုပ်ရပါကြောင်း၊ မြန်မာနိုင်ငံတွင် UEC အပါအဝင် တာဝန်ရှိသူများက ဖြေရှင်းပေးမှုမရှိသည်ကို တွေ့ရပါကြောင်း၊ တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ-၄ အရ “နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်”၊ ပုဒ်မ-၆ (ဃ)နဲ့ ပုဒ်မ-၇ တို့အရ “စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး”၊ ပုဒ်မ-၆(စ) အရ “ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”၊ ပုဒ်မ-၂၀(စ)အရ “ တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်” ဟု ပြဋ္ဌာန်းထားသည့် အတွက် စိစစ်ရမည်ဟူသည့်တာဝန် လည်း ရှိပြီးဖြစ်ပါကြောင်း။
မိမိတင်ပြခဲ့သည့် ပြဿနာကို မှန်ကန်စွာဖြေရှင်းပေးခြင်းမပြုခဲ့ဘဲ တာဝန်ရှိ သူ အဆင့်ဆင့်နှင့် အဖွဲ့အစည်းများက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ၁-၂-၂၀၂၁ ရက်နေ့တွင်ပြုလုပ်မည့် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်း အဝေး၊ ပထမနေ့အစီအစဉ်တွင် သဘာပတိကသစ္စာပြုခြင်း အစီအစဉ်သာမကဘဲ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ကတိသစ္စာပြုခြင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်မှု အစီအစဉ်အပါအဝင် အစီအစဉ် ၁၅ ရပ်ဖြင့် ဆောင်ရွက်ရန် လွှတ်တော်အား အတင်းအဓမ္မခေါ်ယူအာဏာရယူရန် ကြံစည်မှုသည် ပုဒ်မ-၄၀(ဂ)နှင့် ပုဒ်မ-၄၁၇ ပါ “ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း ” အား ကြံစည်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့အရ ဦးဝင်းမြင့်သည် ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်ဖြစ်နေခြင်း၊ပါတီတာဝန်ထမ်းဆောင်နေခြင်း၊ ဥပဒေအရအမှုဖွင့်အရေး ယူခံထားရခြင်းတို့ကြောင့် သမ္မတအဖြစ် ရပ်တည်ပိုင်ခွင့်မရှိပါကြောင်း၊ ထို့ကြောင့် မိမိတင်ပြခဲ့သည့် မဲမသမာမှုဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီဖြေရှင်းရန် လိုအပ်သည့် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတဦးမြင့်ဆွေက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ-၄၁၇ အရ နိုင်ငံရေးအရအရေးပေါ်အခြေအနေ ကြေညာခဲ့ပါကြောင်း၊ ယခု အစည်းအဝေးသို့ တက်ရောက်လာသည့် အကြီးအကဲများ၏သဘောတူညီမှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန် ပေးထမ်းဆောင်စေခဲ့ပါကြောင်း။
ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ယင်းအချိန်က အစိုးရနှင့်တာဝန်ရှိသူများ အနေ ဖြင့် ရှင်းလင်းသင့်သည်များကို မရှင်းလင်းသည့်အပြင် စုံကန်ငြင်းဆိုခဲ့ပါကြောင်း၊ ထိုသို့ငြင်းရခြင်းအကြောင်းမှာ သူတို့သည် မဲမသမာမှုများမလုပ်ခဲ့၊ မရှိခဲ့ပါက တပ်မတော် မှထုတ်ပြန်သည့် မဲမသမာမှုအထောက်အထားများနှင့် စာရင်းများကို မမှန်ကန်ကြောင်း သက်သေပြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ပြနိုင်ရန် မဲစာရင်းများကို စစ်ဆေးရမည် ဖြစ်ပါကြောင်း၊ သို့သော်၎င်းတို့အနေဖြင့် ထိုသို့မလုပ်ရဲပါကြောင်း၊ ၎င်းတို့၏ မဲစာရင်းများ၊ မဲရရှိမှုများသည် စာရင်းဇယားအရရော၊ လက်တွေ့တွေ့ရှိမှု များအရပါ မမှန်ကန်၍ ဖြစ်ပါကြောင်း၊ မဲစာရင်းများကို စစ်ဆေးရာတွင် တပ်မတော် အနေဖြင့်တွေ့ရှိခဲ့သည့် အချက်အလက်များနှင့် ပကတိအခြေအနေအပေါ်မူတည်ပြီး မဲမသမာမှုစာရင်းများကို ခိုင်ခိုင် မာမာ ပွင့်လင်းမြင်သာစွာ ဖော်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် တပ်မတော် ထုတ်ပြန်သည်မှာ မှားကြောင်း၊ ၎င်းတို့သာမှန်ကြောင်း သက်သေမပြရဲခြင်းပင်ဖြစ်ပါ ကြောင်း၊ ထို့အပြင်တရားဝင် စစ်ဆေးစိစစ်ချက် သက်သေများထွက်လာပါက ၎င်းတို့၏ မဲမသမာမှုများကြောင့် မဲမသမာမှုပြုလုပ် ခဲ့ သည့် ပါတီအနေဖြင့် နိုင်ငံရေးအရ သေသွားမည်ကို ၎င်းတို့သိရှိသည့်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ စုံကန်ငြင်းပယ် ခဲ့ခြင်းသာ ဖြစ်ပါကြောင်း။
အဆိုပါကာလကဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပြဋ္ဌာန်းထားသည့် သက်တမ်းများအလိုက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးသို့ တက်ရောက်လာသူများက သဘောတူ အတည် ပြုခဲ့ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ယခုကဲ့သို့နိုင်ငံတော်တာဝန်ကို ထမ်းဆောင် ခဲ့ရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်ခဲ့ရာ၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ တိုးတက်ပြောင်းလဲလုပ်ဆောင်မှု အခြေအနေများကို တင်ပြသွား မည်ဖြစ်ပါကြောင်း။
ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက် သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ” ဆိုသည့်အချက်အား ဆောင်ရွက်မှုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြို့နယ်အသီးသီးရှိ မဲရုံ တစ်ခုချင်း အလိုက် မဲပေးခဲ့မှုအခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကဦးစီးပြီး မြို့နယ်အလိုက် တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များနှင့် အတူမြေပြင်ဖွင့်ဖောက် စစ်ဆေးမှုများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှ ဇူလိုင် ၄ ရက်အတွင်း သွားရောက်စစ်ဆေးခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု များကို စုံစမ်းမေးမြန်းခဲ့ပါကြောင်း။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲစာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူလက်မှတ်မရှိဘဲ ပါဝင်နေသူများသည် ၄,၈၆၉,၄၂၃ ဦး(၄ ဒသမ ၈၆ သန်းကျော်)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူ ၂၉၅,၄၀၅ ဦး အပါအဝင် မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအရေအတွက် ၁၁,၃၀၅,၃၉၀ ဦး(၁၁ ဒသမ ၃ သန်းကျော်) ဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအပေါ်တွက်ချက်မည်ဆိုပါက ၆ နှစ် အကြာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ရှိရမည့် ခန့်မှန်း လူဦးရေစာရင်း အသက် ၁၈ နှစ်နှင့်အထက်သည် ၃၄,၃၅၀,၁၅၅ ဦး (၃၄ ဒသမ ၃၅ သန်းကျော်) ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးထုတ်ပြန် ခဲ့သည့် မဲဆန္ဒရှင်စာရင်းသည် ၃၈,၂၇၁,၄၄၇ ဦး (၃၈ ဒသမ ၂၇ သန်းကျော်) ဖြစ်ပါကြောင်း၊ မူလကပင် လူဦးရေ ၄ သန်းနီးပါး ကွဲလွဲမှုများရှိနေသည်ကို တွေ့ရှိရ ပါကြောင်း၊ လူဦးရေသန်းခေါင်စာရင်းသည် တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ကောက်ယူ ရသည့် စာရင်းဖြစ်ပါကြောင်း၊ ထိုအထဲတွင် မိမိတို့နိုင်ငံ၏ အခြေခံဥပဒေ ပုဒ်မ-၃၉၂ အရအရွယ်ရောက်ပြီး ဖြစ်သော်လည်း ဆန္ဒမဲပေးပိုင်ခွင့် မရှိသူများလည်း ပါဝင်မည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် သာသနာ့ဝန်ထမ်းများ၊ ထောင်ကျနေသည့်သူများ စသဖြင့်ဖြစ်ပါကြောင်း၊ အဆိုပါအချက်များကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက မဲစာရင်းကွာခြားချက်သည် ပိုမိုများပြားမည်ဖြစ်သည်ကိုထင်ရှားစွာတွေ့နိုင်ပါကြောင်း။
မဲရုံတွေများတွင်လည်းနိုင်ငံသားစိစစ်ရေးကတ်မရှိဘဲမဲပေးခွင့်ရရှိရေးညွှန်ကြား ချက်များ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌အသုံးပြုခဲ့သည့် ဆန္ဒပြု အမှန်ခြစ်တံဆိပ် တုံးများနှင့်စပ်လျဉ်းပြီး UEC တံဆိပ်မပါရှိဘဲ အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထား ခြင်းများ မဲလက်မှတ်တွင်တွေ့ရှိမည်ဆိုပါက ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဆိုသည့် ညွှန်ကြားချက်များ၊ မဲရုံတိုင်း၌မဲစာရင်းအရေအတွက် များစွာမှားယွင်းမှု ဖြစ်ပေါ်ခြင်း တို့သည် မတော်တဆဖြစ်ခဲ့ခြင်းမဟုတ်ဘဲ တမင်ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရပါကြောင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကိုကျော်လွန်ပြီး အမျိုးမျိုးစည်းကမ်းချိုးဖောက် ဆောင်ရွက်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ မဲရုံများ၏အခြေ အနေသည် ပရမ်းပတာဖြစ် နေသည်ကိုလည်း တွေ့ရှိရပါကြောင်း။
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုအဆင့်ဆင့်တွင် NLD ပါတီ အနေဖြင့် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုမှုများရှိပါကြောင်း၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအာဏာရလာပြီးသည့်နောက် သမ္မတ အထက်တွင်မိမိရှိမည်ဖြစ်ကြောင်း မီဒီယာများသို့ ၅-၁၁-၂၀၁၅ ရက်နေ့တွင်ပြောဆို မှု၊ လုပ်ဆောင်မှုများနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထား သည့် နိုင်ငံ့အကြီးအကဲ သမ္မတကိုပင် အမိန့်ပေး/ စေခိုင်းညွှန်ကြားမှုများ ရှိလာပါ ကြောင်း၊ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဖြစ်စဉ် မဲမသမာမှုသည် NLD ပါတီတွင် လုံးဝတာဝန်ရှိပါကြောင်း၊ ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းသည်လည်း NLD ပါတီဥက္ကဋ္ဌအနေဖြင့် ၎င်း၏နိုင်ငံရေးရာထူးရရှိမှုအပေါ် မလျော်ဩဇာသုံးကာ မသမာမှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဦးဝင်းမြင့်သည်လည်း အဆိုပါ ကာလက နိုင်ငံတော်သမ္မတဖြစ်ပါလျက် လိုက်ပါ လုပ်ဆောင်ခဲ့ရကြောင်း၊ အဆိုပါ အချက်သည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့်သင်ခန်းစာ တစ်ခုပင်ဖြစ်သည်ကို တင်ပြလိုပါကြောင်း။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဟောင်း ဦးဝင်းမြင့်တို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် တိုက်ရိုက် သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဖိအားပေးမှုများရှိပါကြောင်း၊ ထို့ကြောင့်လည်း ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖိအားပေး ခံရမှုများရှိလာခဲ့ပြီး ၎င်းတို့အား တရားဝင်အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုခဲ့ကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန် ဖောက်ဖျက်ဆောင်ရွက် ခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူ နိုင်ငံတော် သမ္မတ ဟောင်း ဦးဝင်းမြင့် အပါအဝင် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ၊ ဝန်ကြီးချုပ် ဟောင်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများကို အရေးယူမှု ပြုလုပ်ရပါကြောင်း၊ ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များချမှတ် ရခြင်း ဖြစ်ပါကြောင်း၊ထိုသို့ပြုလုပ်ရခြင်းသည်လည်း တိုင်းပြည်၏ဒီမိုကရေစီ လျှောက်လှမ်း မှုအပေါ် နောင်တွင်အမည်းစက် မဖြစ်ပေါ်စေရေးအတွက် ဖြစ်ပါကြောင်း၊ လက်ရှိ တွင်လည်း ၎င်းတို့၏ ဆောင်ရွက်မှုများသည် ၎င်းတို့ဘက်မပါသည့်သူများကို အကြမ်း ဖက်လုပ်ရပ်များ ဆောင်ရွက်နေခြင်းများရှိသည့်အတွက် အစိုးရအနေဖြင့် ထိရောက် သည့် ပြစ်ဒဏ်များချမှတ်နေခြင်းပင်ဖြစ်ပါကြောင်း၊ NLD ပါတီဥက္ကဋ္ဌ အနေဖြင့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား(MRTV)က တရားဝင် တစ်နိုင်ငံလုံးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်က ထုတ်လွှင့်သည့် မဲဆွယ်စည်းရုံးသည့် မိန့်ခွန်းတွင် “နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ စံနှုန်းနဲ့မညီကြောင်း၊ ၇၅ ရာခိုင်နှုန်းသာ ပြည်သူက ရွေးချယ် ဝင်ရောက်ယှဉ်ပြိုင်ရကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းဟာ တပ်မတော်ကသာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် အစိုးရတစ်ခုဖွဲ့စည်းဖို့ဆိုတာ ၂၅ ရာခိုင် နှုန်းဆိုတဲ့အတား အဆီးကို NLD က ဖြတ်ကျော်ဖို့လိုကြောင်း၊ ၇၅ ရာခိုင်နှုန်းသာ ဝင်ရောက်ယှဉ်ပြိုင်ရလို့ ယှဉ်ပြိုင်တဲ့နေရာမှာ အနည်းဆုံး ၆၇ ရာခိုင်နှုန်းနိုင်ဖို့ လိုအပ်ကြောင်း၊ ဒါ့ကြောင့် လိုအပ်တဲ့ ရာခိုင်နှုန်းတွေ တွက်ချက်မနေရအောင် NLD ဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာတိုင်းမှာ NLD ပါတီအောင်နိုင်ရေးအတွက် အင်တိုက် အားတိုက်မဲပေးဖို့” ဆောင်ရွက်နိုင်ရေးလှုံ့ဆော်ခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း NLD ပါတီအနေဖြင့် မဲရလဒ် ရှုံးနိမ့်မည့်နေရာအချို့ကို ရွေးကောက်ပွဲ မဲဆန္ဒနယ်အဖြစ်မှ ဖျက်သိမ်းဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထို့ကြောင့် အချို့သော တိုင်းရင်းသားများနှင့် အဖွဲ့အစည်းများအနေဖြင့် မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့် ခံစားမှုများဖြစ်ပေါ် လာရပါကြောင်း၊ ရွေးကောက်ပွဲ ဖျက်သိမ်း ခံရသည့် မြို့နယ်များသည် တိုင်းရင်းသားနိုင်ငံရေးပါတီများအတွက် မဲများသိသိသာ သာ ရနိုင်သည့်နေရာဒေသများပင် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အနာဂတ်တွင် ပြည်ထောင်စုကြီးမပြိုကွဲရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အပေါ် ထိခိုက်နစ်နာစေလာနိုင်ပါကြောင်း၊ အဆိုပါဖြစ်စဉ်များ အပေါ်သုံးသပ်ပြီး မိမိတို့ အစိုးရအနေဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံး စေရန် တိုင်းရင်းသားဒေသများအပါအဝင် တစ်နိုင်ငံလုံး အကြားအလပ်မရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ကိုတင်ပြလိုပါ ကြောင်း။
ရွေးကောက်ပွဲသည် ၅ နှစ်တစ်ကြိမ်ပြုလုပ်ရသည့် အထွေထွေရွေးကောက်ပွဲ ဖြစ်ပြီး အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ဆောင်ရွက်ရမည့် အခြေအနေဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် များကိုဖွဲ့စည်းပြီး ၎င်းအဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်သမ္မတ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် စသည့်အစိုးရအဖွဲ့ အကြီးအကဲများကို ရွေးချယ်ရခြင်းကို တစ်ပြိုင်တည်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အထွေထွေရွေးကောက်ပွဲ ကို ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံးတွင် တစ်ပြိုင်တည်း လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ဥပဒေအရ တစ်ခုပြီးမှ တစ်ခုလုပ်၍မရပါကြောင်း၊ ပြည်သူ့လွှတ် တော်၊အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းလွှတ်တော်တို့တွင် လွှတ်တော်အစည်း အဝေးအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်သည့် ပမာဏအထိ ရွေးကောက်ပွဲ အောင်မြင် အောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြို့ပေါ်တစ်ခုတည်း ဆောင်ရွက်ပြီးစီးယုံဖြင့် မလုံလောက်ပါကြောင်း၊ ကျေးလက်များထိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက် နေပြည်သူသည် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ ထို့အပြင် သက်ဆိုင် ရာပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ အလိုက် မဲဆွယ်စည်းရုံးနိုင်ရန် အခြေအနေရှိရန်လည်း လိုအပ်ပါကြောင်း။
ရွေးကောက်ပွဲတွင် အခြေခံမဲစာရင်းမှန်ကန်စေရေးသည် အဓိကကျသည့် အချက် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသား စိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ ၄,၈၆၉,၄၂၇ ဦး (၄ ဒသမ ၈ သန်းကျော်) ရှိခဲ့ ပါကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်နိုင်ရေး ၃-၅-၂၀၂၁ ရက်နေ့မှ ၃-၁-၂၀၂၃ ရက်နေ့အထိ “ ပန်းခင်း ” စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ပြုလုပ်ပေးရမည့်ပြည်သူ ၃,၄၉၁,၃၆၄ ဦး (၃ ဒသမ ၄ သန်းကျော်) ရှိသည့်အနက် ၁,၁၃၄,၃၆၃ ဦး (၁ ဒသမ ၁၃ သန်းကျော်)က ဆောင်ရွက်ရန်ကျန်ရှိရာ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့သည် ဆောင်ရွက်ရန်ကျန် အများဆုံးပြည်နယ်နှင့် တိုင်းဒေသကြီးတို့ပင်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိနေသည့် နိုင်ငံသားများအပေါ် ဆက်လက်ပြုလုပ်ပေးရန်လိုအပ် ကြောင်းနှင့် ထိုသို့ဆောင်ရွက်ပေးနိုင်မှသာ ကာယကံရှင်တို့၏၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ဆုံးရှုံးနိုင်မှုမှ ကင်းဝေးမည်ဖြစ်သည်ကို အလေးအနက်ထား တင်ပြလိုပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး သက်သေခံ အထောက်အထားကတ် တစ်မျိုးမျိုးရရှိစေရမည့်အပြင် ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုမရှိဘဲ မိမိသဘောဆန္ဒ အလျောက် မဲပေးပိုင်ခွင့်ရှိရမည်ဖြစ်ပါကြောင်း၊ အသည်းကြားက မဲတစ်ပြား ဖြစ်စေရ မည်ဖြစ်ပါကြောင်း၊ မဲပေးခြင်း မပေးခြင်းသည် ပြည်သူတစ်ဦး၏ ဆန္ဒသာဖြစ်ပြီး မဲပေးနိုင်အောင် ဆောင်ရွက် ပေးရန်မှာ အစိုးရ၏ တာဝန်ဖြစ်ပါကြောင်း။
“လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက်ဆက်လက် ဆောင်ရွက်သွားမည်” ဆိုသည့်အချက်အား ဆောင်ရွက်မှုအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ဓာတ်ခွဲနမူနာစစ်ဆေးမှုစုစုပေါင်း ၉,၉၃၈,၀၂၃ ဦး (၉ ဒသမ ၉၃ သန်းကျော်)ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာဦးရေ ၆၃၃,၈၁၉ ဦး ( ၆ သိန်း ၃ သောင်းကျော်)၊ သေဆုံးသူ ၁၉,၄၉၁ ဦး( ၁ သောင်း ၉ ထောင်ကျော်) ဖြစ်ပါကြောင်း။ သေဆုံးမှုရာခိုင်နှုန်း ၃ ဒသမ ၀၈ ရာခိုင်နှုန်းရှိပါ ကြောင်း။
မိမိတို့အစိုးရ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း များပြားနေချိန် ဖြစ်ပါကြောင်း၊ ကူးစက်မှုအမြင့်ဆုံးကာလ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ်များတွင် တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့ လူဦးရေသည် ၅,၀၀၀ ဦး(၄၁ ရာခိုင်နှုန်း)အထိ ဖြစ်ပွားခဲ့ပါကြောင်း၊ မိမိကိုယ်တိုင် ဦးဆောင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီအစည်း အဝေးများကို ၁၃ ကြိမ်တိုင်တိုင်ကျင်းပပြီး လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့ရေး ကိစ္စရပ်များကို တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များနှင့် Video Conferencing ပြုလုပ်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့အစိုး ရ၏ ဒုတိယဝန်ကြီးချုပ် ကိုယ်တိုင် ၁ ပတ်လျှင် ၃ ကြိမ် ဦးစီးဆောင်ရွက်ကာ အနီးကပ်ဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါတတိယ လှိုင်းကာလတွင် ဖြစ်ပွားမှု၊ သေဆုံးမှုများ လျင်မြန်စွာထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံ/ ဆေးခန်းများအပြင် ကုသမှုစင်တာပေါင်း ၁,၆၇၄ ခုအထိ ဖွင့်လှစ်ကုသပေးခဲ့ပါ ကြောင်း။
မိမိအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးနှင့် ပတ်သက်ပြီး “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်မူဝါဒများ ချမှတ်ပေးခဲ့ပါကြောင်း၊ တာဝန်ရှိသူများကလည်း နည်းလမ်း ပေါင်းစုံဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို နေ့မနား၊ ညမအား ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် Oxygen စက်ရုံ ၂၁၆ ရုံ ၊ ပုဂ္ဂလိက ၂၇၁ ရုံ ၊ စုစုပေါင်း ၄၈၇ ရုံ တည်ဆောက်ပေးပြီး ပြည်သူ လူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်ပေးခဲ့ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် ပိုးတွေ့ရှိမှုနှုန်းနှင့် သေဆုံးမှုနှုန်းသည် လျင်မြန်စွာကျဆင်းလာခဲ့သည်ကို တွေ့ရှိရမည် ဖြစ်သည်ကို တင်ပြအပ်ပါကြောင်း၊ အလားတူ မြန်မာတို့၏ ကူညီလှူဒါန်းလိုမှုစိတ်ဖြင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်း၊ ကုသရေးဆေးဝါး၊ အောက်ဆီဂျင်နှင့် စားသောက်ဖွယ် ရာများကို အင်တိုက်အားတိုက်လှူဒါန်းပေးခဲ့ကြမှုများ၊ အိမ်နီးနားချင်း မိတ်ဆွေနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အောက်ဆီဂျင်အိုးများ မပြတ်ရရှိရေး ကူညီဆောင်ရွက်ပေးမှုကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည့် အခြေအနေဖြစ်ပေါ် ခဲ့ပါကြောင်း။
မိမိတို့နိုင်ငံအတွင်းတွင် ဆေးရုံ ၁,၀၇၇ ရုံ၊ ဆေးပေးခန်း ၁၁,၄၂၇ ခု၊ စုစုပေါင်း ၁၂,၅၀၄ ခု ရှိပြီး နိုင်ငံရေးအခြေအနေအကြောင်းပြ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးကာလတွင် ဆေးရုံ ၇၆၅ ရုံ နှင့်ဆေးပေးခန်း ၇,၄၃၀ ခု၊ စုစုပေါင်း ၈,၁၉၅ ခု( ၆၅ ဒသမ ၅၃ ရာခိုင်နှုန်း)သာ လုပ်ငန်းဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံး တွင် ကျန်းမာရေးဝန်ကြီးဌာနရှိ ခန့်အပ်အရာထမ်း အမှုထမ်း ၁၀၃,၂၁၄ ဦးရှိပြီး ၎င်းတို့ အထဲမှ ၅၄,၇၂၂ ဦးတာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ တာဝန်ထမ်းဆောင်ရန် ပျက်ကွက် သူ ၄၈,၄၉၂ ဦးအနက် CDM ပြုလုပ်ခဲ့သူ ၄၇,၂၅၄ ဦးရှိခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့် ၎င်းတို့အနေဖြင့် လွဲမှားသည့် နိုင်ငံရေးအမြင် မဟုတ်မမှန်သွေးထိုး လှုံ့ဆော် မှုများကြောင့် မိမိတို့၏ လုပ်ငန်းခွင်များကို စွန့်ခွာသွားသည့် သူများသာ ဖြစ်ပါကြောင်း၊ အဆိုပါလိုအပ်သွားသည့် နေရာများတွင် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကုသပေး ခြင်းနှင့် တပ်မတော်ဆေးရုံများတွင် အများပြည်သူများကို ကုသပေးခြင်းများ ခွင့်ပြုပေး ခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ၏ လိုအပ်ချက်အရ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို လွှဲပြောင်းတာဝန်ပေးအပ်ခဲ့ရပြီး တာဝန်သိကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ကြပါကြောင်း၊ အငြိမ်းစား ကျန်းမာရေး ဝန်ထမ်းများနှင့် အငြိမ်းစား တပ်မတော်ဆေး ဆရာဝန်များသည်လည်း ဆေးကုသမှု များကို ဝိုင်းဝန်ကူညီဆောင်ရွက်ပေးခဲ့သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တိုက်ဖျက်ရေးများတွင် များစွာအကူအညီရရှိခဲ့ပါကြောင်း၊ တာဝန်သိကျန်းမာရေး ဝန်ထမ်းများ၊ အငြိမ်းစားဆေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်နှင့် ပြည်သူများ ၏ ပူးပေါင်းမှုအားသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အောင်မြင်မှုများစွာ ရရှိခဲ့ပါကြောင်း၊ စစ်ဘက် ဆိုင်ရာ ဝန်ထမ်းများနှင့် အရပ်ဘက် ဆိုင်ရာဝန်ထမ်းများ ဆက်ဆံရေးကောင်းမွန်မှု၏ အကျိုးရလဒ်ဖြစ်သည်ကို တင်ပြအပ် ပါကြောင်း။
မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ အသက် ၁၈ နှစ်နှင့် အထက် ရည်မှန်းလူဦးရေ ၃၁,၆၆၈,၇၉၁ ဦး(၃၁ ဒသမ ၆၆ သန်းကျော်)မှ ၃၁,၀၁၃,၉၇၂ ဦး(၃၁ ဒသမ ၀၁ သန်းကျော်)အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်သည့်အတွက် ၉၈ ရာခိုင်နှုန်း လွှမ်းခြုံမှုရှိပါကြောင်း၊ အသက် ၅ နှစ်မှ ၁၈ နှစ် အတွင်းရှိ ရည်မှန်းလူဦးရေ ၉,၂၇၇,၇၉၈ ဦး (၉ ဒသမ ၂၇ သန်းကျော်)မှ ၆,၈၁၀,၁၇၃ ဦး (၆ ဒသမ ၈၁ သန်းကျော်)အား ပထမအကြိမ် ထိုးနှံပြီးဖြစ်သည့် အတွက် ၇၃ ရာခိုင်နှုန်း လွှမ်းခြုံမှုရရှိပြီး ဖြစ်ပါကြောင်း။
လုပ်ငန်းစဉ်(၃)ပါ “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစား သွားမည်” ဆိုသည့်အချက်အပေါ် ဆောင်ရွက်မှုအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ တစ်ဝန်းရှိနိုင်ငံများနည်းတူ မိမိတို့နိုင်ငံသည်လည်း ရိုက်ခတ်မှု၊ ထိခိုက်မှုများရှိ ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ စတင်ပြီး စီးပွားရေးဆိုင်ရာနှင့် ကုန်သွယ်မှု ဆိုင်ရာစီမံခန့်ခွဲမှု အားနည်းချက်များအပြင် ကိုဗစ်-၁၉ ရောဂါ၏ကန့်သတ်မှုများ ကြောင့် နိုင်ငံ့စီးပွားရေးသည် ကျဆင်းခဲ့ရပါကြောင်း၊ တိုင်းပြည်သည် နိုင်ငံခြားဝင်ငွေ များရရှိခြင်းမရှိခဲ့ဘဲ ပြည်ပမှ သွင်းကုန်များကို တင်သွင်းခဲ့မှုများကြောင့် ကုန်သွယ်မှု လိုငွေများ များစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊ Non Trade လုပ်ငန်းများမှရရှိသည့် ငွေကြေး များနှင့် သွင်းကုန်များ တင်သွင်းခဲ့ပါကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးမှု မရှိခဲ့ဘဲ ပြည်ပသွင်းကုန်များကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် အားနည်း ချက်များ များစွာဖြစ်ပေါ်ခဲ့ပါ ကြောင်း။
ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် ပျမ်းမျှ GDP တိုးတက်မှုနှုန်း သည် ၇ ဒသမ ၂၆ ရာခိုင်နှုန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေပေါင်း အမေရိကန်ဒေါ်လာ ၁၂,၀၉၆.၈၈ သန်း( ၁၂ ဒသမ ၀၉၇ ဘီလီယံခန့်)၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း (အမှန်ဝင်ရောက်မှု) အမေရိကန်ဒေါ်လာ ၁၁,၆၂၈.၁ သန်း (၁၁ ဒသမ ၆၃ ဘီလီယံ ခန့်) ရှိခဲ့ပါကြောင်း၊ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်း ကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၈(၆ လ) ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၂၀-၂၀၂၁ (၆ လ) ဘဏ္ဍာရေးနှစ်တွင် (အနုတ်)၈ ဒသမ ၄ ရာခိုင်နှုန်း ရှိသည့်အတွက် ပျမ်းမျှ GDP တိုးတက်မှုနှုန်းသည် ၃ ဒသမ ၃၈ ရာခိုင်နှုန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေပေါင်း အမေရိကန်ဒေါ်လာ ၁၂,၆၁၄.၁၇ သန်း(၁၂ ဒသမ ၆၁ ဘီလီယံ ကျော်)၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း (အမှန်ဝင်ရောက်မှု) အမေရိကန် ဒေါ်လာ ၁၄,၉၆၁.၃ သန်း (၁၄ ဒသမ ၉၆ ဘီလီယံကျော်) ရှိခဲ့ပါကြောင်း၊ အဆိုပါအချက် အလက်များအရ ကုန်သွယ်မှုလိုငွေအများအပြားရှိခဲ့ပြီး တိုင်းပြည်အတွက် စိုးရိမ် ဖွယ်ရာ အနေအထားသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါကြောင်း။
ဒီမိုကရေစီဒုတိယသက်တမ်းကာလတွင် ပြည်တွင်း၊ ပြည်ပချေးငွေများ များပြားမှုရှိခဲ့ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်း စုကြည်၏ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ တံစိုးလက်ဆောင်ရယူ မှုများ အပါအဝင် အဂတိမှု ၉ မှု ကျူးလွန်ခဲ့သည့်အတွက်ကြောင့် အမေရိကန် ဒေါ်လာ ၄,၁၀၆,၃၁၆ ( ၄ သန်းကျော်) နှင့် မြန်မာကျပ်ငွေ ၄၉,၂၀၆,၆၉၁,၀၆၅.၇၅ ကျပ် (၄၉,၂၀၆ သန်းကျော်)၊ သမ္မတဟောင်း ဦးဝင်းမြင့်မှ အဂတိလိုက်စားမှု ၅ မှုဖြင့် အမေရိကန်ဒေါ်လာ ၄,၀၈၈,၀၉၀ နှင့် မြန်မာငွေကျပ် ၂၃,၀၄၈,၁၈၆,၀၆၅.၇၅ ( ၂၃,၀၄၈ သန်းကျော်)အပါအဝင် NLD ပါတီဝင် ဗဟိုအလုပ်မှုဆောင် ၈ ဦး၊ ပါတီဝင် ပြည်နယ်နှင့် တိုင်းဒေသဝန်ကြီးချုပ်များနှင့် ဝန်ကြီးဟောင်းများ ၂၀ ဦး၊ ပါတီဝင် မဟုတ်သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ၄ ဦး၊ ပါတီဝင် မဟုတ်သည့် ဝန်ကြီး ဟောင်း ၃ ဦးတို့ ကျူးလွန်ခဲ့သည့် အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်မှ ဆုံးရှုံးခဲ့မှုမှာ အမေရိကန်ဒေါ်လာ ၁၃,၁၀၉,၉၀၈ (၁၃ သန်းကျော်) ၊ မြန်မာကျပ်ငွေ ၃၆၁,၉၀၃,၉၇၄,၆၃၁.၈၅ (၃၆၁ ဘီလီယံကျော်) ဆုံးရှုံးနစ်နာခဲ့သည်ကို တင်ပြလိုပါ ကြောင်း၊ ယင်းတို့သည် တရားရုံးအသီးသီးတို့၌ ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက် ခဲ့သည့် အမှုများ အခြေအနေဖြစ်ပါကြောင်း၊ အဂတိ လိုက်စားမှုကိစ္စများကြောင့် သာမက မလျော်မကန်သည့် အာဏာသုံး ဆောင်ရွက်မှုများကြောင့် တိုင်းပြည်၏ စီးပွားရေးသည် များစွာထိခိုက်နစ်နာဆုံးရှုံးခဲ့မှုများ ရှိခဲ့ပြီး တိုင်းပြည်သည်လည်း တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပါက နောက်ကျ ကျန်ရစ်ခဲ့မှုများ ရှိခဲ့ပါကြောင်း။
မိမိတို့အစိုးရ စတင်တာဝန်ယူစဉ်ကာလတွင် နိုင်ငံတကာ၏ ဝိုင်းဝန်း ပိတ်ဆို့ မှုများရှိသကဲ့သို့ ပြည်တွင်းစီးပွားရေး အခြေအနေများနှင့် ပြည်ပ သွေးထိုးလှုံ့ဆော် မှုများကြောင့် နိုင်ငံ့စီးပွားရေးသည် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ရသည် များ ရှိပါကြောင်း၊ နိုင်ငံရေးအခြေအနေများကြောင့် ချေးငွေ၊ ထောက်ပံ့ငွေများရရှိခဲ့ခြင်း မရှိ ကြောင်း၊ ယခင်အစိုးရလက်ထက်များ၌ ရရှိခဲ့သည့် ချေးငွေ၊ ထောက်ပံ့ငွေများလည်း ရပ်ဆိုင်းခြင်းခံရကြောင်း၊ ကုလသမဂ္ဂနှင့်အဖွဲ့အစည်းအသီးသီးတို့၏ ထောက်ပံ့မှုများ ကိုပင် ရပ်ဆိုင်းခြင်းခံခဲ့ရကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလ အထိ) GDP တိုးတက်မှုနှုန်းသည် အနုတ် ၅.၉(ငါး ဒသမ ကိုး)ရာခိုင်နှုန်းရှိပါ ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆ လ)(အောက်တိုဘာလမှ မတ်လအထိ) ၂ ဒသမ ၄ ရာခိုင်နှုန်း သာ တိုးတက်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ကုန် ခန့်မှန်းခြေ (ဧပြီလမှ မတ်လအထိ) ၃ ဒသမ ၂ ရာခိုင်နှုန်း အထိ တိုးတက်ခဲ့သဖြင့် GDP တိုးတက်မှုနှုန်းသည် မြင့်တက်လာပါကြောင်း၊ GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ အပေါင်းပြအောင် ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် ပြည်တွင်းစီးပွားရေး မြှင့်တင်သည့်နေရာတွင် သွင်းကုန် ဦးစားမပေးဘဲ လျှော့ချပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းတိုးတက်ရေး အတွက် အားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင် တိုးတက်မှုနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်လာရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများသည် အဓိကမောင်းနှင်အားတစ်ခု ပင် ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုကို အဓိကထားသည့် စီးပွားရေးလုပ်ငန်း၊ ရောင်းဝယ်ဖောက်ကားခြင်းကို အဓိကထားသည့် စီးပွားရေး လုပ်ငန်း၊ ဝန်ဆောင်မှုကို အဓိကထားသည့် စီးပွားရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းဟူ၍ ၄ မျိုး ရှိရာ၌ ကုန်ထုတ် လုပ်မှုကိုအခြေခံသည့်လုပ်ငန်းသည် လက်တွေ့ကျသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မြေပေါ်မြေအောက်သယံဇာတများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဦးစားပေး ဆောင်ရွက်ပြီး သွင်းကုန်အစား ထိုးထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးတို့ကို ရည်မှန်းချက်ထားပြီး နိုင်ငံခြားဝင်ငွေ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။
လုပ်ငန်းစဉ်(၄) ပါ “ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟူသည့်အချက်အား ဆောင်ရွက်နေမှု အနေဖြင့် နိုင်ငံတော်အစိုးရအဆက်ဆက်သည် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး နည်းလမ်းပေါင်းစုံ ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ NCA အတိုင်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းပြည်အတွင်း ငြိမ်းချမ်းသာယာမှုရှိရေးသည် အရေးကြီး ကြောင်းကို အလေးအနက်ခံယူထားရှိပါကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးကို စတင်ထုတ်ပြန်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် တစ်နှစ်တာကာလသာမက ဘဲ မကြာသေးမီအချိန်က ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို သက်တမ်းတိုးမြှင့်ပေးထားခြင်းဖြစ် သည့် အတွက်ထုတ်ပြန်ခဲ့မှုပေါင်း ၂၂ ကြိမ် ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အလေးပေးဆောင်ရွက်ခဲ့မှုရှိကြောင်းကို တင်ပြလိုပါကြောင်း။
မိမိတို့အစိုးရသည် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် နိုင်ရေး လိုအပ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျဆွေးနွေးနိုင်ရေး မိမိအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ရာ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ၇ ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့တို့မှ တွေ့ဆုံဆွေးနွေး နိုင်ရေး အကြောင်းပြန်ကြားခဲ့ပြီး တတိယအကြိမ်ထိ ဆွေးနွေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။
ထိုကဲ့သို့တွေ့ဆုံဆွေးနွေးရာတွင် စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့နှင့် ပတ်သက်သည်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆို ချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်နိုင်သည်နှင့် ဖြစ်သင့်ဖြစ် ထိုက်သည်ကို ပွင့်လင်းမြင်သာစွာ အကြေအလည် ဆွေးနွေးခဲ့ကြပါကြောင်း၊ ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များကို ဖော်ဆောင်နိုင်ခဲ့သည့်အပြင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ အစိတ် အပိုင်း(၃)ပါ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား(၂) ပါ ဆွေးနွေးရန် အချက် များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်သဘော တူညီချက်များ ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။
ဆက်လက်၍ အစိုးရအနေဖြင့် လက်တွေ့ကျသည့်ငြိမ်းချမ်းရေးလုပ်ငန်းများ ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့် NCA ကိုအခြေခံသည့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက် ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ နိုင်ငံရေးအပိုင်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက်အသက် တမျှ အရေးပါသည့်အတွက်ကြောင့် တိုင်းရင်းသားညီအစ်ကိုများကြား သံသယများ ဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးစားတည်ထောင်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း ဟူသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လျှောက်လှမ်းကြရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက် နေသည့် အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို လက်တွေ့ကျကျ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် မိမိအနေဖြင့် NCA ကို အတတ်နိုင်ဆုံးထိန်းသိမ်း လုပ်ဆောင်ခြင်းဖြစ်ပါကြောင်းကို တင်ပြလိုပါကြောင်း။
လုပ်ငန်းစဉ်(၅)ပါ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ် နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့်အချက်အား ဆောင်ရွက် နေမှုအနေ ဖြင့် မိမိတို့အစိုးရအနေဖြင့် မဲစာရင်းမှားယွင်းမှုမှ ပြဿနာဖြစ်ပြီး နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်တွေနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး အစဉ် တစိုက် ဦးတည်ချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်မှန်၍စည်းကမ်း ပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲသည် အရေးပါသည့်အခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ရွေးကောက်ပွဲတွင် အခြေခံ အချက်အလက်များ ပြည့်စုံမှန်ကန်အောင် သက်ဆိုင်ရာဌာနများက ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို အဆင့်လိုက် ဆောင်ရွက် လျက်ရှိပါကြောင်း။
ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစဉ်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှ စတင်ပြင်ဆင်ခဲ့ပါကြောင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက ဦးစီးပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်သည့်အဖွဲ့တို့ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြိုတင် ပြုစုထားသည့် လူဦးရေစာရင်းပုံစံ ၆၆/၆ နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပြုစုထားသည့် ရပ်ကွက်/ ကျေးရွာအုပ်စုများမှ မြေပြင်၌ လက်ရှိနေထိုင်လျက်ရှိသည့် လူဦးရေစာရင်း(ထွေ-၁က)တို့ကို တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ မဲစာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်မှုသည် အရေးကြီး သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်ကို တင်ပြလိုပါကြောင်း။
ဒီမိုကရေစီစနစ်၏အခြေခံကျပြီး အနှစ်သာရလည်းဖြစ်သည့် ကိုယ်စားပြုမှု ကို ဖော်ဆောင်နိုင်ခြင်းသည် ရွေးကောက်ပွဲစနစ်အပေါ်တွင်သာ မူတည်နေပါ ကြောင်း၊ လက်ရှိကျင့်သုံးနေသည့် များသူအနိုင်ယူစနစ် FPTP(First Past the Post) စနစ်သည် မဲနိုင်သည့်ပါတီအတွက် အားသာချက်ဖြစ်သော်လည်း ကျန်ပါတီများအတွက် ကိုယ်စား ပြုမှု နစ်နာဆုံးရှုံးသည့်သဘောကို တွေ့ရသဖြင့် မိမိတို့အစိုးရအနေဖြင့် တိုင်းရင်းသား များ၊ တိုင်းရင်းသားဒေသများနှင့် လူထုလူတန်းစား အသီးသီးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ တရားဝင်နိုင်ငံရေး စင်မြင့်ဖြစ်သည့် လွှတ်တော်ထဲသို့ ရောက်ရှိ လာရေး မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့်သင့်တော်မည့် ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါတီ ၈၈ ပါတီ ယှဉ်ပြိုင်ခဲ့ပြီး ၁၉ ပါတီသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပါကြောင်း၊ ၂ ဦး တစ်သီးပုဂ္ဂလအနေဖြင့် ရွေးချယ်ခံခဲ့ရပါကြောင်း၊ယင်းအခြေအနေကို သုံးသပ်ကြည့် ပါက မိမိတို့နိုင်ငံတွင် နိုင်ငံရေးပါတီများ များပြားနေပြီး ပါတီအလိုက် ပြည်သူကို ကိုယ်စားပြုနိုင်မှုသည် အားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ဖြစ်သင့်သည်မှာ နိုင်ငံရေးပါတီများသည် မိမိကိုထောက်ခံသည့် ပြည်သူများ စုစုစည်းစည်း အင်အား ရှိရှိဖြင့် ကိုယ်စားပြုနိုင်ရေး လိုအပ်ပါကြောင်း၊ ပါတီများ များပြားသော်လည်း လွှတ်တော်တွင် ပါဝင်ခွင့်ရရှိသည့် ပါတီသည်နည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ ပါတီဝင်များအနေဖြင့် ပါတီအစုအဖွဲ့တစ်ခုအနေဖြင့်သာ လုပ်ဆောင်နိုင်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယင်းအစုအဖွဲ့သည် ငယ်နေမည်ဆိုပါက ဧရိယာအားဖြင့်၊ အရေအတွက်အားဖြင့်၊ နယ်ပယ်အားဖြင့် ကြီးမားကျယ်ပြန့်စွာ စုစည်းနိုင်မှု မရှိသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပါတီများအားလုံး ယခုထက် ပိုမိုပြီး ကျစ်လစ်ခိုင်မာစွာ၊ စည်းစနစ်ကျနစွာဖြင့် ထုထည်ဖြင့် ဖွဲ့စည်းနိုင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုလည်း ပြင်ဆင် ပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်များကို လိုအပ် သလိုစုစည်းကာ PR (Proportional Representation) စနစ်ကျင့်သုံးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းစနစ် ကို ပြောင်းလဲကျင့်သုံးနိုင်လျှင် လူမျိုးစုငယ်များ အပါအဝင် တိုင်းရင်းသားများ အနေ ဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး စသည့်ကဏ္ဍများတွင် အချိုးကျ ပါဝင်လာနိုင်မည် ဖြစ်သဖြင့် ပိုမိုပြီး မျှမျှတတရှိလာမည် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးသည့်ကာလကစပြီး အထွေထွေရွေးကောက်ပွဲ(၃)ကြိမ် ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတွင် မြို့နယ် ၃၃၀ မြို့ နယ်ရှိပြီး ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ် တို့၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည် ဟူသည့် အစိုးရများ လက်ထက်တွင် ပြည်သူ့ဆန္ဒဖော်ထုတ်နိုင်မှုပိုမိုပြီး နည်းပါးသွား သည်ကို သတိပြုဖွယ် တွေ့ရပါကြောင်း၊
ရွေးကောက်ပွဲများ ကျင်းပရာတွင်လည်း နိုင်ငံသားတစ်ဦးချင်း၏ ဆန္ဒသဘော ထားကို လွတ်လပ်စွာဖော်ထုတ်နိုင်ရေး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက် တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့် မတရားမှုများ ကင်းဝေးရမည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး၊ မဲပေးကြမည့် နိုင်ငံသားအားလုံး မတရားမှုများမှ ကင်းဝေးစေရေး ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ် များဖြစ်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုတင်ပြင်ဆင်မှု၊ စီမံဆောင်ရွက်မှု များကို ဆက်လက်ပြုလုပ် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ လွတ်လပ်၍တရားမျှတပြီး ပွင့်လင်း မြင်သာသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံအဝန်း မူလပကတိ သာမန်အခြေအနေအချိန်အခါများအတိုင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံရေးပါတီများကိုလည်း ရွေးကောက်ပွဲစနစ်နှင့် ဆီလျော်သည့် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ပြည်သူလူထုကိုလည်း ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်သည့် ပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် ပြင်ဆင်ချိန်၊ လုပ်ဆောင်ချိန် စသည့်လုပ်ငန်းစဉ်များ ရှိပါသေးကြောင်း၊ ယင်းလုပ်ငန်းစဉ်များအပေါ် မိမိတို့ အစိုးရအနေဖြင့် အလေးထားလုပ်ကိုင် ဆောင်ရွက်နေကြောင်းကို တင်ပြလိုပါကြောင်း။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ရွေးချယ်တင်မြှောက်ခြင်း ပြုလုပ်ခြင်းဆိုင်ရာများ တင်ပြလိုပါ ကြောင်း၊၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်တွင် တပ်မတော်အနေဖြင့် ယာယီသမ္မတ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်အရ တိုင်းပြည်၏တာဝန်ကို ရယူထိန်းသိမ်းရခြင်း ဖြစ်ပါကြောင်း၊ ယင်းအပေါ် နိုင်ငံရေး အသုံးချမှုများ များစွာရှိပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် တိုင်းပြည်တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး နေပြည်တော်စည်ပင်ရိပ်သာတွင်ရှိနေသည့် ထိုစဉ်က ရွေးချယ်ခံလွှတ်တော်အမတ် များကို လက်ရှိနိုင်ငံရေးဖြစ်စဉ်အပေါ် တရားဥပဒေနှင့် အညီ ဖြေရှင်းနိုင်စေရန် ရှင်းလင်းပြောပြပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် မှ ၄ ရက်အထိ နေရပ် ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ပေး ခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရပ်တည်ခွင့် မရှိသူများက ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၅ ရက်တွင် “ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)” အမည်ဖြင့် တရားမဝင် ကော်မတီအားလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်တွင် “ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ” (National Unity Government-NUG) အမည်ဖြင့် တရားမဝင်အစိုးရကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (People’s Defense Force-PDF) အဖြစ် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းအားလည်းကောင်း ဖွဲ့စည်းခဲ့ပါ ကြောင်း၊ တစ်ချိန်တည်း၌ပင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)စသည့် အဖွဲ့များကို ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုကဲ့သို့ ဖွဲ့စည်းပြီးသည့်နောက်တွင် တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများဖြစ်သည့် KIA၊ KNU နှင့် KNPP နယ်မြေများတွင် အကြမ်းဖက်သင်တန်း တက်ရောက်ရန်အတွက် NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်းများဦးစီး၍ စေလွှတ် သွားရောက်ခဲ့ပါ ကြောင်း၊ NLD ပါတီ ဥက္ကဋ္ဌ၏ ပြည်သူသို့ ပန်ကြားချက်ကို NLD ပါတီက တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဝင်းထိန်၏ နာမည်ဖြင့် ၎င်း၏အသက်နှင့် ရင်းကာ တိုင်တည်ဝံ့ပါ ကြောင်းဖြင့် ပြည်သူကိုလှုံ့ဆော်သည့် စာတစ်စောင် ထွက်ပေါ်လာပါကြောင်း၊ “တပ်မတော်မှ အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝလက်မခံဘဲ တခဲနက်ဆန့်ကျင်တုံ့ပြန်ကြပါရန် တိုက်တွန်းလိုက်ပါကြောင်း” ဟူသည်ကို ကြည့်ပါ က တိုင်းပြည်ကို ဒီမိုကရေစီ ထွန်းကားအောင် ဆောင်ရွက်မည်ဟူသည့် သူများသည် NLD ထောက်ခံသူများ၊ တပ်မတော်မှ တာဝန်ယူထိန်းသိမ်းခြင်းကို လုံးဝ သဘော မပေါက်သည့်သူများကို လက်နက်စွဲကိုင် ဆူပူလုပ်ဆောင်လာစေရန် လမ်းမှားသို့ တွန်းပို့သည်ကို တွေ့ရပါကြောင်း၊ ယင်းတို့သည် ကြိုတင်ပြင်ဆင် မှုများသာ ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့သော အခြေအနေအကြောင်းအရာများကြောင့် မိမိတို့နိုင်ငံတွင် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပေါ်လာရခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် တရား ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းရန် အခွင့်အရေးရှိပါကြောင်း၊ ယင်းကို ရင်မဆိုင်ရဲဘဲ အကြမ်းဖက်လမ်းကြောင်းပေါ်ကို ရွေးချယ်ခဲ့ခြင်းသည် ဒီမိုကရေစီအား ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းသည် မြန်မာနိုင်ငံဒီမိုကရေစီစနစ်၏ ဆိုးရွားသည့် အမည်းစက်ပင် ဖြစ်ပါကြောင်း၊ မိမိတို့ လူမျိုးသည် သွေးဆူလွယ်သည့်သူများဖြစ်ပြီး အားနည်းချက်များ ရှိသည့်အတွက် လှုံ့ဆော်မှုများတွင် နားယောင်လွယ်ကြပါကြောင်း၊ သို့သော် အခြေ အနေ အရပ်ရပ်ကို သဘောပေါက်နားလည်လာကြသည့်အခါတွင် ၂၀၂၁ ခုနှစ်၌ ကြီးမားသည့်ဆန္ဒပြမှုများ ဖြစ်ပေါ်လာသော်လည်း နှောင်းပိုင်းကာလမှစ၍ ဆူပူဆန္ဒပြ မှုများ လျော့ကျသွားပြီး ၂၀၂၂ ခုနှစ်တွင် သိသိသာသာ လျော့နည်းသွား ခဲ့ပါကြောင်း၊ သို့သော် EAO များနှင့် ပြည်ပနိုင်ငံအချို့က တိုက်ရိုက်/ သွယ်ဝိုက်အကူအညီ ထောက်ပံ့မှုများဖြင့် PDF အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှု၊ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမီးရှို့မှု၊ လူသတ်မှုများ ရှိနေပါသေးကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်န ဝါရီလ ၂၅ ရက်အထိ ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများ တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ၄,၉၁၇ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး တစ်နိုင်ငံလုံး လက်ပစ်ဗုံး၊ လက်လုပ်ဗုံးဖြင့်ပစ်ခတ်ခံရမှု ၈,၅၂၇ ကြိမ်၊ တိုက်ခိုက်ခံ ရမှု ၉,၆၈၆ ကြိမ်၊ မီးရှို့မှု ၁,၂၃၁ ကြိမ်၊ စုစုပေါင်းအကြမ်းဖက်မှု ၁၉,၄၄၄ ကြိမ် ဖြစ်ပွားခဲ့ပါကြောင်း၊ လက်နက်မျိုးစုံ ၁၇,၆၉၇ လက်၊ လက်လုပ်မိုင်း/ ဗုံး ၂၇,၂၁၃ လုံးအပါအဝင် ခဲယမ်းမျိုးစုံ ၁,၃၈၂,၆၆၇ တောင့် သိမ်းဆည်းရမိခဲ့ပါကြောင်း၊ အစိုးရ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သား အပါ အဝင် စုစုပေါင်း သေဆုံး ၅,၄၄၃ ဦးနှင့် ဒဏ်ရာရ ၄,၅၇၇ ဦး ရှိပါကြောင်း၊ ဗုံးဖောက်ခွဲမှုအနေဖြင့် ကားလမ်း ၁၀၂၁ ကြိမ်၊ ရထားလမ်း ၆၆ ကြိမ်၊ တံတား ၁၃၇ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂၃ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ ကြိမ်၊ မီးရှို့ ဖျက်ဆီးမှုအနေဖြင့် ကားလမ်း ၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ ကြိမ်၊ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် သံဃာ ၇၀ ပါး၊ သီလရှင် ၂ ပါး၊ ပညာရေး ဝန်ထမ်း ၆၆ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၅၂ ဦး သေဆုံးမှုများရှိခဲ့ပါကြောင်း။
၂၀၂၂ ခုနှစ် တစ်နှစ်တာလုံးတွင် အကြမ်းဖက်မှုဖြစ်စဉ် အကြိမ်အရေအတွက် လျော့နည်းလာသော်လည်း သေဆုံး၊ ဒဏ်ရာရမှု များလာပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ မဲစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပျက်စီးဆုံရှုံးမှုနှင့် သေဆုံး/ ဒဏ်ရာရမှုများ ပိုမိုများပြား လာခဲ့ပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့များ၏ တင်ပြချက်များအရ ၁၀၀ ရာခိုင်နှုန်း တည်ငြိမ် အေးချမ်း သည့် မြို့နယ် ၁၉၈ မြို့နယ်၊ လုံခြုံရေးအလေးထား ဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်၊ လုံခြုံရေးထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လိုအပ်သည့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်းကို သိရှိရပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုဟူသည် မြို့ပေါ်တစ်ခု တည်း မရပါကြောင်း၊ ကျေးလက်ဒေသ၊ မြို့နယ်အဆင့်ထိ အကျုံးဝင် ပါကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်များ၏ နောက်ကွယ်တွင် တစ်ချို့သော EAO များသည် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိပါကြောင်း၊ PDF များသည် တိုင်းရင်း သား EAO များနှင့် မတူသည်ကို ၎င်းတို့လုပ်ရပ်ကို ကြည့်ပါက တွေ့ရပါကြောင်း၊ ၎င်းတို့ဒေသနှင့် လူမျိုးအတွက်ကို မကြည့်ဘဲ မဲမသမာ မှုပြုသူများနှင့် ပူးပေါင်းပြီး၊ ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒလန်ဟူ၍ စွပ်စွဲပြီး အပြစ်မဲ့ပြည်သူများကို သတ်ဖြတ် ခြင်း၊ ပစ္စည်းများကို လုယက်ခြင်း၊ ဆက်ကြေး တောင်းခြင်းတို့ကို လုပ်ဆောင်နေပါ ကြောင်း၊ ၎င်းတို့၏ ကိုယ်ကျိုးကိုသာကြည့်ပြီး ၎င်းတို့ဒေသနှင့် လူမျိုးအကျိုးကို ဂရုမစိုက်ဘဲ လုပ်ဆောင်နေသောကြောင့် ယခုအချိန်အထိ နယ်မြေတည်ငြိမ် အေးချမ်းမှုများနှင့် ဝေးကွာနေရခြင်း ဖြစ်ကြောင်း တက်ရောက်လာသည့် အဖွဲ့ဝင်များ သတိပြုနိုင်ရန် တင်ပြလိုပါကြောင်း။
ရွေးကောက်ပွဲတွင် အခြေခံမဲစာရင်း မှန်ကန်ရေးသည် အဓိကကျသည့်အခြေခံ အချက်ပင်ဖြစ်ပါကြောင်း၊ လူဦးရေစာရင်း တိကျခိုင်မာရန်လည်း လိုအပ်မည်ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် လူဦးရေနှင့်သန်းခေါင် စာရင်းသည် ၁၀ နှစ်နီးပါး ခန့်ကြာပြီဖြစ်သဖြင့် လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်းသည်ကောက်ယူရန် လိုအပ်နေသေးမည်ဖြစ်ကြောင်း၊ ထို့အပြင်ယခင် က မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သည့် သန်းခေါင်စာရင်းသည် အင်္ဂလိပ်အစိုးရ လက်ထက်၌ ၁၀ နှစ် ၁ ကြိမ် ကောက်ယူခဲ့ပြီး ၁၈၇၂ ခုနှစ်က စတင်ခဲ့ပါကြောင်း၊ ၁၈၈၁ ခုနှစ်မှစ၍ ၁၀ နှစ် ၁ ကြိမ် ၁၉၄၁ ခုနှစ်အထိ ကောက်ယူ ခဲ့ပါကြောင်း၊ လွတ်လပ်ရေးရပြီးချိန် အစိုးရမှ ၁၉၅၃ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ အဆင့် ၃ ဆင့်ဖြင့် ကောက်ယူခဲ့ပါကြောင်း၊ ထိုကောက်ယူမှုသည် နိုင်ငံ၏ ၃၀ ရာခိုင်နှုန်းသာ ကောက်ယူနိုင်ခဲ့ပြီး ကျန် ၇၀ ရာခိုင် နှုန်းအတွက် ၁၉၆၁ ခုနှစ်တွင် ကောက်ယူရန် ရွှေ့ဆိုင်းခဲ့သော်လည်း မဆောင်ရွက် နိုင်ခဲ့ဘဲရှိခဲ့ရာ ၁၉၇၂ ခုနှစ်တွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေကို ပြဋ္ဌာန်းပြီး ၁၉၇၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၅ ရက်အထိ ကောက်ယူခဲ့ပါကြောင်း၊ ဒုတိယအကြိမ် ၁၉၈၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၅ ရက်အထိ သန်းခေါင်စာရင်းများ ကောက်ယူခဲ့ ပါကြောင်း၊ သန်းခေါင်းစာရင်းများအား ၁၀ နှစ် ၁ ကြိမ် ကောက်ယူရန်လိုပါကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်ပသို့ ထွက်ခွာသွားသည့် အတည်မပြုနိုင် သေးသည့် နိုင်ငံသားအရေအတွက်နှင့် အကြမ်းဖက်မှုများ ကြောင့် လူဦးရေစာရင်းသည် အတည်ပြုရန် ခက်ခဲနေဆဲဖြစ်ပါကြောင်း၊ မဲစာရင်းမှန်ကန်ရန် အခြေခံဖြစ်သည့် သန်းခေါင်စာရင်း မှန်ကန်ရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း သည် ၁၀ နှစ် ၁ ကြိမ် ကောက်ယူခြင်းဖြစ်သဖြင့် သန်းခေါင်စာရင်းကောက်ယူမှုသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ပင်ဖြစ် ပါကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်မည် ဆိုပါကတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ဒီမိုကရေစီ အခွင့် အရေးများ ဆုံးရှုံးနိုင်မှု မရှိတော့မည်လည်း ဖြစ်ပါကြောင်း။
လာမည့် ရွေးကောက်ပွဲတွင် အနည်းဆုံး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည့် မြို့နယ်အရေအတွက်နှင့် တည်ငြိမ်အေးချမ်းမှု အခြေအနေများထက် မလျော့ပါးအောင်၊ အစောဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင်လည်း အချို့နယ်မြေများတွင် နိုင်ငံ သားတစ်ဦးချင်း၏ ဆန္ဒသဘောထားကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ရေး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့် လွှမ်းမိုးမှု စသည့် မတရားမှုများကင်းဝေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းသည့် မူလ ပကတိအခြေအနေ၊ အချိန်ကာလရှိမှသာ တစ်နိုင်ငံလုံးအကြားအလပ်မရှိ အထွေ ထွေ ရွေးကောက်ပွဲကျင်းပနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ဆိုပါက လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းမှုရရှိရေးသည် အစိုးရက မလွဲမသွေလုပ်ဆောင်ရမည့် အခြေအနေ ဖြစ်ပါ ကြောင်း၊ မဲပေးခြင်း၊ မဲမပေးခြင်းသည် လူတစ်ဦးချင်းစီ၏ ဆန္ဒဖြစ်ပါကြောင်း၊ မဲပေးနိုင်အောင် ဆောင်ရွက်နိုင်ရေးသည် အစိုးရ၏ တာဝန်သာဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် နိုင်ငံသားအားလုံး ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးရလေအောင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း၊ မဲပေးကြမည့် နိုင်ငံသားတိုင်းလည်း မိမိတို့ တစ်ဦးချင်း၏ ဆန္ဒအတိုင်း မဲရုံများသို့ လာရောက်ပြီး လွတ်လပ်စွာဆန္ဒမဲပေးခွင့်ကို နေရာအနှံ့ ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း။
တပ်မတော်အနေဖြင့် မည်သည့်ခေတ်၊ မည်သည့်အစိုးရပင် ဖြစ်စေ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဟု ခံယူပြီး နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ Guardian အနေဖြင့် အစဉ်အမြဲ ဆက်လက်တည်ရှိနေမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်အခြေအနေတွင် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့နှင့်အတူ ပြည်သူ လူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းကူညီပေးရန် ပန်ကြားလိုပါကြောင်း၊ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရေးသည်လည်း အဓိက အရေးကြီးသည့် အတွက် အထက်ပါ မိမိအစီရင်ခံချက်များအရ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများ ရှိပါကြောင်း၊ ယင်းတို့ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် အချိန်လိုအပ်ပါကြောင်း၊ လက်ရှိအစိုးရနှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂ နှစ် တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ် ရိုးသားဖြောင့်မတ်စွာဖြင့် စိတ်စေတနာကောင်းစွာ လုပ်ဆောင်ခဲ့ကြသကဲ့သို့ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး ကိစ္စရပ်များတွင် ရေရှည်အကျိုးရှိစေမည့် အစီအမံဆောင်ရွက်ချက်များကိုသာ ရှေးရှုဆောင်ရွက် ခဲ့ပါ ကြောင်းနှင့် တာဝန်ထမ်းဆောင်ခဲ့မှု အခြေအနေအရပ်ရပ်ကို သုံးသပ်သိရှိနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါ ကြောင်းဖြင့် တင်ပြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်များနှင့်စပ်လျဉ်း ၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ ဆွေးနွေးတင်ပြကြရာ ဦးစွာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ လုပ်ဆောင်မှုကို ရှင်းလင်းတင်ပြသည့်အတွက် ကျေးဇူတင် ရှိပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများ ကျန်ရှိမှုနှင့်ပတ်သက်၍ အခြေခံ ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များဖြစ်သည့် ပုဒ်မ ၄၂၅ အားသုံးသပ်ရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသဘောထားမှတ်ချက်ကိုလည်း ရယူပါက ပိုမို ပြည့်စုံမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းတင်ပြရာ တွင် ရှေ့လုပ်ငန်းစဉ် နောက်ဆုံးအချက်ဖြစ်သည့် အရေးပေါ်ကာလပြဋ္ဌာန်းခြင်း ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပြီးချိန်တွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကိစ္စရပ်နှင့်ပတ်သက်ပြီးဆွေးနွေးလိုပါကြောင်း၊ မိမိတို့နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ စတင်တာဝန်ယူခဲ့ရခြင်းမှာ မဲမသမာမှုကိစ္စကြောင့် ဖြစ်ပါ ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ယခုကဲ့သို့ သောအမှားများ ထပ်မံမဖြစ်ပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မိမိကိုတာဝန်ပေး၍ ပဏာမစစ်ဆေးခြင်းများ ဆောင်ရွက်စေလျက်ရှိကြောင်း၊ ပထမဆုံးတွေ့ရှိချက်အနေဖြင့် ၁၉၄၈ ခုနှစ် နောက် ပိုင်း အမျိုးသားမှတ်ပုံတင်ကတ် ပေးထားမှုများကို စစ်ဆေးရာတွင် မှတ်ပုံတင်ထား သူပေါင်း ၅၁ သန်းကျော်ရှိကြောင်း၊ အဆိုပါမှတ်ပုံတင်စာရင်းများကို စစ်ဆေးခဲ့ချိန်တွင် ထပ်နေသူများ၊ နိုင်ငံအတွင်းနေထိုင်မှုရှိ/မရှိ မသေချာသောသူများလည်း တွေ့ရှိရ ကြောင်း၊ ထို့ကြောင့်အဆိုပါအချက်များကို စိစစ်ပြီးပါက ဒုတိယအဆင့်အနေဖြင့် ရရှိလာသည့် ကွန်ပျူတာစာရင်းများကို မြေပြင်အခြေအနေနှင့် တိုက်ဆိုင်စစ်ဆေးရ မည်ဖြစ်ကြောင်း၊ အဆိုပါအခြေအနေအပေါ် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ အချို့ အကြမ်းဖက်အဖွဲ့များက နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ဖျက်ဆီးခြင်းလုပ်ငန်း များဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကြောင့် တစ်ဦးချင်းမဲစာရင်း မှန်ကန်ရေးဆောင်ရွက်နေမှုကို များစွာအနှောင့်အယှက်ဖြစ်စေ လျက်ရှိကြောင်း၊ ပုံစံ ၆၆/၆ ကိုကောက်ယူချိန်တွင် ဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်များကို နှောင့်ယှက် ပစ်ခတ်သတ်ဖြတ်ခြင်းများရှိကြောင်း။ ၁၀ နှစ် တစ်ကြိမ်ကျင်းပသည့် လူဦးရေနှင့်အိမ် အကြောင်းရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်အတွက် မရှိမဖြစ်အရေးကြီး လိုအပ် သည့် စာရင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အထောက်အကူပြုနိုင်သကဲ့သို့ မဲစာရင်းများနှင့် ရွေးကောက်ပွဲအတွက်လည်းများစွာ အထောက်အကူပြုနိုင်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကြီး ဖြစ်ရန်၊ တစ်ဦးချင်းမဲဆန္ဒနယ်အလိုက် မဲပေးပိုင်ခွင့်များရှိနိုင်ရန်၊ မှန်ကန်သည့်မဲစာရင်း များရရှိစေရန် ဆောင်ရွက်ရန်လိုအပ်နေကြောင်း၊ လက်ရှိလုံခြုံရေးအရဆောင်ရွက် ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကြမ်းဖက်မှုများကို ၂၀၂၁ ခုနှစ်မှစ၍ လုပ်ဆောင်လာကြကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးလက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်ရေး ဆောင်ရွက်ရန်၊ အကြမ်းဖက်များကျန်ရှိနေသည့် နေရာများတွင် အကြမ်းဖက်မှုများ ချုပ်ငြိမ်းသွားရန်၊ မဲပေးရာတွင် တစ်ဦးချင်းလွတ်လပ်စွာဖြင့် ဆောင်ရွက်နိုင်ရန် အချိန်ကာလတစ်ခုအထိ လိုအပ်နေသေးသည်ဟု ယူဆပါကြောင်းဖြင့်ဆွေးနွေးတင်ပြ သည်။
ယင်းနောက်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ပြောကြားရာတွင် အကြမ်းဖက်မှုနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခက်အခဲများကို ဖြေရှင်းခဲ့ရကြောင်း၊ နိုင်ငံစီးပွားရေးကျဆင်းမှု ယခင်အစိုးရလက်ထက် GDP အနုတ် ၅ ရာခိုင်နှုန်း အထိကျဆင်းခဲ့မှုကို ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်းတွင် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိစဉ် နိုင်ငံတော်ကို ပျက်ဆီးရာ ပျက်ဆီးကြောင်းလုပ်ဆောင်နေသည့် အဖျက်သမားများသည်လည်း ယခု အချိန်အထိ ရှိနေဆဲဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အနှောင့်အယှက်ဖြစ်နေဆဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန် စေရေးအတွက် လူဦးရေစာရင်း ကောက်ယူရေးသည် အဓိကကျ ကြောင်း၊ အဆိုပါ ကိစ္စရပ်များ အနှောင့်အယှက်ကင်းကင်းဖြင့် ဆောင်ရွက်နိုင်ရန်နှင့် အချိန်ကာလတစ်ခု လိုအပ်နေဆဲဖြစ်သည်ကို ထောက်ခံတင်ပြအပ်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြရာတွင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ မဲမသမာမှုကြောင့် တပ်မတော်မှနိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရ ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူပြီးနောက်ပိုင်းငြိမ်းချမ်းစွာ ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူမှု၊ အကြမ်းဖက်မှုနှင့် ဖျက်ဆီးသတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ လက်ရှိအချိန်တွင် ဆူပူဆန္ဒပြမှုများမရှိတော့သော်လည်း အကြမ်းဖက်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိစေရန် အကြမ်းဖက်သမားများက အကြမ်းဖက်နှောင့်ယှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်း များကို လုပ်ဆောင်လျက်ရှိကြောင်း၊ အုပ်ချုပ်မှု ယန္တရားများလည်ပတ်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အချို့နေရာများတွင် ခန့်အပ်ရန်ကျန်ရှိ နေသေးကြောင်း၊ မိမိတင်ပြခဲ့သည့် အထက်ပါအခြေအနေများအရ NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လာမည့်ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိစေရန်အတွက် ရွေးကောက်ပွဲအကြိုကာလ ရွေးကောက်ပွဲကော်မရှင် ရုံးများ၊ လဝကရုံးများနှင့် နိုင်ငံရေးပါတီရုံးများကိုမီးရှို့ မိုင်းထောင်ဖောက်ခွဲခြင်း၊ နိုင်ငံရေး ပါတီဝင်များနှင် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း များ၊ အုပ်ချုပ်မှုယန္တရားများ မလည်ပတ်နိုင်စေရန်အတွက် ရာအိမ်မှု၊ ဆယ်အိမ်မှုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခြင်းများရှိသကဲ့သို့ ပြည်သူများအကြား အကြောက်တရား ဖြင့်လွှမ်းမိုးနိုင်ရန်အတွက် ၎င်းတို့နှင့်အယူအဆမတူသည့် သူများကို ဒလံဟုစွတ်ဆွဲပြီးလုပ်ကြံသတ် ဖြတ်မှုများကို လုပ်ဆောင်လာနိုင်ပါကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရှုထောင့်အရကြည့်ရမည်ဆိုပါက အကြမ်းဖက်အုပ်စုများ တဖြည်းဖြည်းချုပ်ငြိမ်းသွားသည့် အခြေအနေအထိလုပ်ဆောင် သွားရန်အချိန် အတိုင်းအတာတစ်ခုအထိ လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။
ယင်းနောက်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြ ရာတွင်လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးသည် နိုင်ငံတော် အတွက် အရေးကြီးလိုအပ်ချက်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲမသမာမှု များအပါအဝင် တရားမျှတမှုများမရှိခဲ့သည်ကိုတွေ့ရကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း သည် တစ်ပါတီစနစ်၊ တစ်ဦးတစ်ယောက်တည်းမှ အာဏာရှင်ပုံစံဖြင့် သက်ဆိုးရှည်စွာ အုပ်ချုပ်နိုင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုများကို ဆောင်ရွက် ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အချိန်ယူ ဆောင်ရွက်ရန် လိုအပ်သည်ကို မိမိအနေဖြင့် ထောက်ခံတင်ပြအပ်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြ သည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်နေစဉ်အတွင်း အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်မှု များကို စာရင်းဇယားများနှင့်တကွ တွေ့ရှိရပြီးဖြစ်ကြောင်း၊ လက်ရှိကာလတွင် အကြမ်းဖက်မှုများလျော့နည်းလာပြီ ဖြစ်သော်လည်း အချို့သောနေရာဒေသများတွင် ရှိနေဆဲဖြစ်ပြီး ရွေးကောက်ပွဲကိုပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ယင်းအခြေအနေသည် ရှေ့လုပ်ငန်းစဉ်တွင် အရေးကြီး ဆုံး အချက်ဖြစ်သည့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် သင့်တော် ခြင်းမရှိသေးသည့် အခြေအနေဖြစ်သည်ကို တွေ့ရှိရပြီး တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ရွေးကောက်ပွဲအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပြီးပြည့်စုံအောင် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ သတ်မှတ်ဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လိုအပ်သည့် အချိန်ကာလတစ်ခုကို အခြေခံ ဥပဒေနှင့်အညီဖြစ်စေရေး အားလုံးဆွေးနွေးသတ်မှတ်သင့်ပါကြောင်း ဆွေးနွေးတင်ပြ သည်။
ဆွေးနွေးတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြည့်စွက် ဆွေးနွေးပြောကြားရာတွင် မိမိတို့အနေဖြင့် ပြည်သူကရွေးချယ်ထားသည့် ပါတီစုံဒီမို ကရေစီစနစ်ကို မလွဲမသွေ လျှောက်လှမ်းရမည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)သည် ပြည်သူ လူထု(၉၂ ဒသမ ၄၈)ရာခိုင်နှုန်းက ထောက်ခံအတည်ပြုထားသည့် အခြေခံဥပဒေ ဖြစ်ပြီး မိမိတို့တပ်မတော်သားများလည်း မဲပေးခဲ့ကြောင်း၊ ၎င်းသည် ပါတီစုံဒီမိုကရေစီ စနစ်ကိုကျင့်သုံးရန်ခိုင်မာသည့် အာမခံချက်တစ်ခုဖြစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုကာကွယ်ရန်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ပေးရန်တာဝန်ရှိပြီး ရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆောင်ရွက်ရန်အတွက် စာရင်းဇယားများမှန်ကန်ရန်၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်နှင့် ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုနှင့် ဖိအားများ ကြောင့် မဲပေးရခြင်းများမရှိရန် လိုကြောင်း၊ အကြားအလပ်မရှိရွေးကောက်ပွဲကျင်းပ နိုင်ရန်လည်းလိုကြောင်း၊ မဲပေးခြင်းမပေးခြင်းသည် ပြည်သူတစ်ဦးချင်းစီ၏ ဒီမိုကရေစီ အခွင့်အရေးဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိအောင် ဆောင်ရွက်ပေးရန်မှာ အစိုးရ၏ တာဝန်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရကြည့်မည်ဆိုပါက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့သည် ပထမဦးဆုံး စတင်ကျင်းပသည့်နေ့တွင် အစည်းအဝေးတက်ရောက်သူ ၅၀ ရာခိုင်နှုန်းနှင့်အထက် ရှိရန်လိုကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ဒေသအသီးသီးတွင်လည်း ၅၀ ရာခိုင်နှုန်းအထက် အနည်းဆုံး မဖြစ်မနေလုပ်နိုင် ရမည်ဖြစ်ကြောင်း၊ သို့မှလည်း ရွေးကောက်ပွဲအောင်မြင်မည်ဖြစ်ပြီး အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရာခိုင်နှုန်းများများ လုပ်နိုင်သည့် ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲသည် သိက္ခာမဲ့သည့် ရွေးကောက် ပွဲဖြစ်ခဲ့သဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကို ပြန်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအင်္ဂါရပ်များနှင့် ညီအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ EAO များနှင့် PDF အမည်ခံအကြမ်းဖက် သမားများက ရွေးကောက်ပွဲပျက်အောင် လုပ်ဆောင်နေကြသကဲ့သို့ အချိုနိုင်ငံများကလည်း ရွေးကောက်ပွဲမလုပ်ဆောင်ရန် ပြောဆိုမှုများရှိကြောင်း၊ မိတ်ဆွေနိုင်ငံများကလည်း ရွေးကောက်ပွဲလုပ်ဆောင်ရန် ပြောဆိုမှုများရှိကြောင်း၊ အကြမ်းဖက်အုပ်စု များဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမား များသည် မည်သည့်အတွက်ကြောင့် ရွေးကောက်ပွဲ အထမမြောက်စေလိုသည်ကို စဉ်းစားရမည်ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲပြီးစီးပြီး ရွေးချယ်ခံကိုယ်စားလှယ် များတက်လာပါက ၎င်းတို့သည် လည်း အလိုအလျောက်ပျက်ပြယ်သွားမည်ဟု သိနေ သဖြင့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ EAO အဖွဲ့အချို့ကလည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မိမိတို့အစိုးရနှင့် ဆွေးနွေးရန်မရှိဟု ပြောထားကြ ကြောင်း၊ သို့သော်လည်း မိမိတို့နှင့်ဆွေးနွေးပြီး ဖြစ်သည့် အဖွဲ့ ၁၀ ဖွဲ့လုံးသည် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို လက်ခံကြကြောင်း၊ တိုင်းရင်းသားများဖြင့် NCA ပါ အချက်အလက် များကို ညှိနှိုင်းဆောင်ရွက်ပြီး ရွေးကောက်ပွဲကို ဆောင်ရွက်မှ သာလျှင်တစ်နိုင်ငံ လုံးဒီမိုကရေစီစနစ် လွှမ်းခြုံမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် အချိန်အတိုင်းအတာတစ်ခု ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေအရလည်း နိုင်ငံရေးပါတီများသည် မှတ်ပုံတင်ရမည်ဖြစ်ပြီး ကိုယ်စားလှယ် လောင်းများအနေဖြင့် ရွေးကောက်ပွဲဝင်ရန် စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊ ထို့နောက် မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ပါဝင်ယှဉ်ပြိုင်မည့်ပါတီသည် တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ အနက် ၁၆၅ မြို့နယ်တွင် ရုံးဖွင့်ထားပြီး ဖြစ်ရမည်ဖြစ်ကာ ပါတီဝင်ဦးရေ တစ်သိန်းရှိရမည်ဖြစ်ကြောင်း၊ တစ်ရာ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ်သည် ၁၉၈ မြို့နယ်ရှိသည်ဟု တင်ပြချက် များအရသိရှိရကြောင်း၊ လုံခြုံရေးအလေးထား ဆောင်ရွက်ရမည့်မြို့နယ် သည် ၆၇ မြို့နယ်၊ လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ပေးရမည့် မြို့နယ် ၆၅ မြို့နယ်ရှိ ကြောင်း၊ အချို့ကျေးလက်ဒေသများသည် လုံခြုံရေး ပိုမိုလိုအပ်ကြောင်းကို တွေ့ရှိရ ကြောင်း၊ အချို့ပြည်နယ်များတွင် ရွေးကောက်ပွဲကိုဒေသ၏ ၅၀ ရာခိုင်နှုန်း ဆောင်ရွက် ပေးနိုင်မည့် အခြေအနေရအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်လျက်ရှိ သေးကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့်လည်း စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက် ၍ ရနိုင်မည်မဟုတ်ကြောင်း၊ ကျေးလက်နေ ၇၀ ရာခိုင်နှုန်းသော ပြည်သူတို့၏ မဲပေးနိုင်မှုကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို မဖြစ်မနေဆောင်ရွက်ပေးရန် လိုအပ် သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ဥပဒေတွင် ပြန်ကြည့်မည်ဆိုပါကလည်း အခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ သာမာန်အားဖြင့် ၆ လ နှစ်ကြိမ်ပေး၍ရသည် ဖြစ်သော်လည်း လက်ရှိအချိန်သည် သာမာန်အချိန်မဟုတ်သဖြင့် ၆ လတစ်ကြိမ် အနည်းဆုံး ထပ်မံတိုးမြှင့်ပေးရန်သင့် သည်ဟု ယူဆမိပါကြောင်း၊ ၆ လပြည့်ပြီးပါက နိုင်ငံတော်၏ အခြေအနေများကို ထပ်မံတင်ပြမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။
ထို့နောက် အထူးဖိတ်ကြားထားသည့် ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေပိုင်းဆိုင်ရာနှင့် ပတ် သက်၍ ဆွေးနွေးတင်ပြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၀ မှ ၄၃၂ သည်အရေးပေါ်အခြေအနေဆိုင်ရာပြဋ္ဌာန်းချက်များ ဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၅ ၏ အဓိကအချက်သည် သာမာန်အားဖြင့် တစ်ကြိမ်လျင် ၆ လအထိ နှစ်ကြိမ် တိုးမြှင့်နိုင်သည်ဟူသည့် ပြဋ္ဌာန်းချက်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဖော်ပြထားသည့် သာမာန်အားဖြင့်ဟူသည့် အသုံးအနှုန်းသုံးနှုန်းထားသည့် အခြေအနေ များကို လေ့လာကြည့်သည့်အခါတွင် ယခုအခါပုံမှန်မဟုတ်သည့် အခြေ အနေ၊ သာမာန်မဟုတ်သည့် အခြေအနေကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ဥပဒေတစ်ခုကိုလေ့လာသည့်အခါ Letter of Law ဟူသည့် အရေးအသားနှင့် Spirit of Law ဟူသည့် ဥပဒေ၏ အနှစ်သာရကို ကြည့်ရမည်ဖြစ်ပြီး Spirit of Law ကို ကြည့်ရ မည်ဖြစ်ကြောင်းဆွေးနွေးသည်။
ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၄ လ (၂ နှစ်) တာကာလအတွင်း နိုင်ငံတော်တာဝန်များကို အစိုးရကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်၊ အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ် အပေါ်တာဝန် ထမ်းဆောင်ခဲ့မှုအခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည့်ပြည့်စုံစုံ ရှင်းလင်းဆွေးနွေးသွားသည်ကို တွေ့ရပါကြောင်း၊ အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်တွင်း၊ ပြည်ပတားဆီးနှောင့် ယှက်မှုများ၊ အခက်အခဲများကြားက ကြံ့ကြံ့ခံပြီး နိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားဖြစ်သည့် “ ဒို့တာဝန် အရေး ၃ ပါး ” ကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်ကို အသိအမှတ်ပြုသည်ကို ဦးစွာပြောကြားလိုပါကြောင်း။
မိမိတို့နိုင်ငံတွင် အခက်အခဲအကြပ်အတည်းများ၊ ကြီးမားသည့် အငြင်းပွားမှု များ ပေါ်လာတိုင်းရှေ့ကထွက်ပြီး ကာကွယ်ရပ်တည်ပေးခဲ့သည်မှာ တပ်မတော်ဆို သည့် ခိုင်မာစနစ်ကျသည့် အဖွဲ့အစည်း (Institution) ပင်ဖြစ်ပါကြောင်း၊ ယခင်အစိုးရ လက်ထက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်များကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံတော်၏တာဝန်ကိုရယူခဲ့ရခြင်း ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းစ လမ်းခရီးမတိမ်းချော်စေရန် တပ်မတော်အနေဖြင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်များကို ဖြေရှင်းပေးရန်၊ ဆွေးနွေးညှိနှိုင်းပေးရန် အကြိမ်ကြိမ်ကြိုးပမ်းတိုက်တွန်းခဲ့ပါကြောင်း။
ယနေ့ မိမိတို့နိုင်ငံတွင် နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေ အနေ ကြေညာပြီး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဖွဲ့စည်းထား သည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ” သည် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသည့် ကာလအတိုင်း တာဝန်ထမ်းဆောင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ အဆိုပါကာလအတွင်း၌ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ မဲစာရင်း မှားယွင်းမှုအပေါ်မှ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အခြေခံမဲစာရင်းများ မှန်ကန် စေမှုသည် အဓိကကျသည့်အတွက် လူဦးရေစာရင်း တိကျခိုင်မာစေရန် ဆောင်ရွက် သင့်သည့် အခြေအနေများ၊ နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သည့်အတွက်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းခေါင်းဆောင်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေများ၊ NCA နှင့်ပတ်သက်ပြီး စာချုပ်ပါအချက် အလက်များကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် အစဉ်အမြဲ အလေးထား လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် အချို့‌သော EAO များသည် မဲမသမာသူများနှင့်ပူးပေါင်းပြီး နိုင်ငံအတွင်း အကြမ်းဖက်ဖြစ်စဉ်များကို ရွေးချယ်ဆောင်ရွက်ခဲ့သည့်အတွက် နယ်မြေ တည်ငြိမ် အေးချမ်းမှုနှင့် ဝေးကွာခဲ့ရသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကို အလေးထားဆောင်ရွက်ခဲ့သည့်အတွက် လက်ရှိ နိုင်ငံ၏အခြေအနေသည် ယခင်က ထက် တည်ငြိမ်မှုရှိလာသော်လည်း ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ဘက် အဖွဲ့အစည်း များအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်နှင့် ကျင်းပရန် ရည်ရွယ်ထား သည့် ရွေးကောက်ပွဲ ပျက်ပြားအောင် နည်းလမ်းမျိုးစုံသုံးပြီး ပိုမိုလုပ်ဆောင်လာကြ သည်ကို တွေ့ရပါကြောင်း။
တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဒီမိုကရေစီ အခွင့်အရေးများ မဆုံးရှုံးမနစ်နာစေရန် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား နေရာ အနှံ့ အကြားအလပ်မရှိ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားအားလုံး အချိုးကျ ကိုယ်စားပြုပါဝင်နိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာစေရန် အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် အ‌ထွေထွေရွေးကောက်ပွဲ မဲဆန္ဒနယ်ထက်မလျော့အောင် အတတ်နိုင် ဆုံး ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်နိုင်ရန် အတွက် လမ်းပမ်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပါကြောင်း၊ အဆိုပါအချက်များသည် မလွဲမသွေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ ထိုသို့ဖြစ်စေရန်အတွက်လည်း မိမိတို့ ဖန်တီးပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူညီဆုံးဖြတ်ချက်များအရလည်း ကောင်း၊ အခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတော် တစ်ဝန်းလုံးအရေးပေါ် အခြေအနေကြေငြာထားသည့် ကာလကို ၁-၂-၂၀၂၃ ရက်မှစ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်”ထံသို့ ထပ်မံအပ်နှံကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သို့ အသိပေးကြေညာအပ်ပါကြောင်း၊ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” အနေဖြင့်လည်း ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အတွက် ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အား အစဉ်အမြဲ အလေးထား ကာကွယ် စောင့်ရှောက်ပေးသွားရန်၊ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွင် မိမိနိုင်ငံသား တစ်ဦး ချင်းစီရဲ့ ဆန္ဒအတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ရှိနိုင်ရေး နိုင်ငံတစ်ဝန်းနေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်စေရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးသွားကြရန်ပြောကြားလိုကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃)ကို ရုပ်သိမ်းလိုက်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။