နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်မှုဝန်ကြီးဌာန၊ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့အားသွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ – ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင် များ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဧရာဝတီ တိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်းရှိ စက်မှုဝန်ကြီးဌာန၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့အား သွားရောက်ကြည့်ရှုစစ် ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ ဝင်များအား အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့မှ ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စက်ရုံ အစည်းအဝေး ခန်းမတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် စက်မှု ဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း ညွှန်ကြားရေးမှူး တို့က အဆင့်မြင့် စက္ကူစက်ရုံ (သာပေါင်း) နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့၏ နောက်ခံသမိုင်း အကျဉ်း၊ စက်ရုံဆိုင်ရာ အချက်အလက်များ၊ စတင်လည်ပတ်ချိန်မှ ရပ်နားခဲ့ရသည် အထိ စက္ကူပျော့ဖတ်၊ စက္ကူ နှင့် သတင်းစာစက္ကူ ထုတ်လုပ် နိုင်ခဲ့မှု၊ သွင်းအားစုနှင့် ထုတ်ကုန်အမျိုးအစားများ၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်ခဲ့မှုများ၊ ဝန်ထမ်းများ တာဝန် ထမ်းဆောင်နေမှု၊ စက်မှုကုန်ကြမ်း သစ်စိုက်ခင်းများ ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာနှစ် အလိုက် ဝန်ထမ်းလစာပေးချေနေရမှုနှင့် ပင်စင်လစာပေးချေထားရှိမှု၊ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့မှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။


ယင်းနောက် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး က မအူပင် ဓာတ်ငွေ့တွင်းမှ ဓာတ်ငွေ့ထွက်ရှိနေမှု၊ မအူပင်ရေနံမြေနှင့် ညောင်တုန်းရေနံမြေ တို့မှ သဘာဝဓာတ်ငွေ့ထွက်ရှိမှုနှင့် သက်ဆိုင်ရာစက်ရုံများသို့ ဖြန့်ခွဲပေးပို့လျက်ရှိမှု၊ အဆင့် မြင့် စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့အား လည်ပတ် နိုင်ရေးအတွက် ဓာတ်ငွေ့လိုအပ်ချက်နှင့် ဓာတ်ငွေ့ပိုက်လိုင်းများကို စစ်ဆေးပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်လိုအပ်မှု တို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်း စာ စက္ကူစက်ရုံ(သာပေါင်း)တို့အတွက် သဘာဝတောများမှ ဝါးကုန်ကြမ်းများရရှိနိုင်မှု၊ နိုင်ငံအဝန်း ပေါက်ရောက်လျက်ရှိသည့် ဝါးအမျိုးအစားများနှင့် စက္ကူထုတ်လုပ်နိုင်မှု၊ သာပေါင်းစက္ကူစက်ရုံတည်ရှိရာဒေသ၌ နှစ်စဉ်ဝါးရရှိနိုင်မှု၊ ဝါးအမျိုးအစားများအလိုက် စိုက်ခင်းတည်ထောင်မည်ဆိုပါက တစ်ဧက ထွက်ရှိနိုင်မှု၊ စက္ကူပျော့ဖတ်များ ထုတ်လုပ် နိုင်ရန်အတွက် ကြီးမြန်သစ်မျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်မှု တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော က အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့အား စက်ကိရိယာများ ပြန်လည်စစ်ဆေးခြင်း၊ ပြုပြင်ခြင်းများပြုလုပ်နိုင်ရေး စက်ရုံနှင့် စိုက်ခင်းများသို့ ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့မှု၊ စွမ်းအင်ရရှိနိုင်မှု နည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။


ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက္ကူသည် တိုင်းပြည်အတွက် လိုအပ်ချက်များစွာ ရှိနေပြီး နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့် စက္ကူလိုအပ်ချက် များစွာကို ပြည်ပမှတင်သွင်းအသုံးပြုနေရကြောင်း၊စက္ကူစက်ရုံများပြန်လည် လည်ပတ် နိုင်ရေးအတွက် ကုန်ကြမ်း အနေဖြင့် ဝါး၊ သစ် တို့ လိုအပ်မည်ဖြစ်ပြီး စက်လည်ပတ် နိုင်ရေး အတွက် စွမ်းအင်လိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံပြန်လည် ပြုပြင်ပြီးချိန်တွင် ထပ်မံ တိုးချဲ့နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်း လိုအပ်ချက် ဖြစ်သည့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းများကိုလည်း စိုက်ပျိုးရမည်ဖြစ် ကြောင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း ပျော့ဖတ်များကို ထုတ်လုပ်၍ ရနိုင်မည်ဖြစ်ပြီး စက္ကူစက်ရုံသို့ ဆက်လက်ပို့ဆောင်နိုင်ကြောင်း၊ စက္ကူ စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်သဖြင့် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ စက္ကူလိုအပ်ချက်များအတွက် ပြည်ပမှ တင်သွင်းနေရသည့် နိုင်ငံခြားငွေ အသုံးပြုမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ပြီး အလုပ် အကိုင်အခွင့်အလမ်းများစွာကိုလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ စက်ရုံများ အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ အောင်မြင်အောင် ဆောင်ရွက်သွားရန် လိုကြောင်း ဖြင့် မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် စက်ရုံမှ ထုတ်လုပ်ထားရှိသည့် စက္ကူအမျိုးအစားများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုပြီး လိုအပ်သည်များ ဆွေးနွေးပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံဝန်း အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ပျော့ဖတ်ထုတ်လုပ်ရေး စက်ရုံ ခွဲ(Pulping Plant)၊ တန် (၅၀) စက္ကူစက်ရုံ၊ တန်(၆၀) သတင်းစာ စက္ကူစက်ရုံ တို့သို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့မှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်းနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။