နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေး၊ ဆုများပေးအပ်ချီးမြှင့်

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံးအသင်း ထိုက်ထိုက်တန်တန် အနိုင်ရဗိုလ်စွဲ

နေပြည်တော်၊ နိုဝင်ဘာ ၂၄

(၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် ကိုယ်စားပြု ဘောလုံးအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

ပြိုင်ပွဲမစတင်မီ ဗိုလ်လုပွဲသို့လာရောက်ကြည့်ရှုအားပေးကြသည့် နှစ်ဖက်အသင်း ပရိတ်သတ်များနှင့် အားကစားဝါသနာရှင်ပရိသတ်များအား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း၊ရေ၊လေ)ရုံး၊ ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်ဘောလုံးအကယ်ဒမီမှ သင်တန်းသားများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များနှင့် အားကစားဝါသနာရှင်ပရိသတ်များ တစ်ခဲနက်တက်ရောက်ကြည့်ရှု အားပေးကြသည်။

(၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြရာတွင်  အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်း မှူးရုံး ကိုယ်စားပြု ဘောလုံးအသင်းတို့သည် တက်ရောက်ခဲ့ကြပြီး ပွဲစတင်ကစားချိန် မှစ၍ ဗိုလ်လုပွဲသို့ အကြိတ်အနယ်ယှဉ်ပြိုင်တက်ရောက်လာသည့် အသင်းများဖြစ် သည်နှင့်အညီ ခြေရည်တူစွာဖြင့် တစ်ဖက်နှင့်တစ်ဖက် ဦးဆောင်ဂိုးရရှိနိုင်ရေးအတွက် အင်နှင့်အားနှင့် ယှဉ်ပြိုင်ကစားခဲ့ကာ ပွဲကစားချိန် ၄ မိနစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်အသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံးအသင်းမှ ဘောလုံးကို ပိုမိုထိန်းသိမ်းကစားနိုင်ခဲ့ပြီး ပွဲကို စိုးမိုး ထားခဲ့ကာ ပွဲချိန် ၁၆ မိနစ်တွင် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက် တစ်ဂိုး စီဖြင့်  အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယင်းနောက် တစ်ဖက်နှင့်တစ်ဖက် ဂိုးရရှိနိုင်သည့် အခွင့်အရေးများ အပြန် အလှန် ရရှိခဲ့ကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းမှ ပွဲချိန် ၃၉ မိနစ်နှင့် ၄၆ မိနစ်တို့တွင် တိကျသည့် ကန်ချက်များဖြင့် ဦးဆောင်ဂိုးများ ထပ်မံရယူနိုင်ခဲ့သဖြင့် ပထမပိုင်းပြီးဆုံးချိန်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)၊ စခန်းမှူးရုံးအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းပွဲကစားချိန်တွင် တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံးအသင်းက ပွဲချိန် ၆၆ မိနစ်တွင် ချေပဂိုး တစ်ဂိုးနှင့် သာမာန်ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံး၍ နာကျင်အချိန်ပိုပေးထားသည့် ၉၃ မိနစ်တွင် အဖိုးတန်ချေပဂိုး တစ်ဂိုးတို့ကို ထပ်မံ သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲကစားချိန်ပြီးဆုံးချိန်တွင်  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံးအသင်းတို့သည် တစ်ဖက် သုံးဂိုးစီဖြင့် သရေကျခဲ့ပြီး အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

အချိန်ပိုပွဲစဉ်များအတွင်း၌လည်း တစ်ဖက်နှင့် တစ်ဖက်အနိုင်မခံ၊ အရှုံးမပေး ရေကုန်ရေခမ်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး နှစ်ဖက်အသင်း ဂိုးသမားများ၏ လက်စွမ်းပြမှုများနှင့်အတူ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသည့်အတွက် အချိန်ပိုပွဲချိန်ပြီးဆုံးချိန်တွင် သုံးဂိုးစီဖြင့် သရေ ရလာဒ်သာထွက်ပေါ်ခဲ့သဖြင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ စခန်းမှူးရုံး အသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းကို ၆ ဂိုး ၅ ဂိုး ဖြင့် ထိုက်တန်စွာ အနိုင်ရဗိုလ်စွဲခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တပ်မတော် (ကြည်း၊ရေ၊လေ)ဘောလုံး ပြိုင်ပွဲ(ခ)အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်အသင်းနှင့် (က) အဆင့်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံး ဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းတို့အား နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်က ဆုဖလားနှင့် ငွေသားဆုများကို လည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းနှင့် (က) အဆင့်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်း တို့အား စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အနောက် တောင်တိုင်းစစ်ဌာနချုပ်အသင်းနှင့် (က)အဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းတို့အား စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးမင်းဦးက ငွေသားဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ (ခ)အဆင့်ပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံး အားကစား သမားဆုရရှိသူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော် က တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း၊ (က) အဆင့် ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုရရှိသူများအား ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု များကိုလည်းကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် တောင်ပိုင်းတိုင်းစစ်ဌာန ချုပ် အသင်းမှ အားကစားသမားများအား ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင် က တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ (က)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့်ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ စခန်းမှူးရုံးအသင်းမှ အားက စားသမားများအား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က တပ်မတော်(ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲ(ခ)အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိ သော တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက်ဆုဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော် (ကြည်း၊ရေ၊လေ)ဘောလုံး ပြိုင်ပွဲ(က)အဆင့်ပြိုင်ပွဲတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ စခန်းမှူးရုံး အသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တံခွန်စိုက် ဆုဖလား၊ ဆင့်ပွားဆုဖလားနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။

အဆိုပါ(၆၀)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ရေ၊လေ)ဘောလုံးပြိုင်ပွဲကို (က)အဆင့်ပြိုင်ပွဲနှင့် (ခ)အဆင့်ပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲ နှစ်မျိုးခွဲခြားကာ (က)အဆင့်တွင် ပြိုင်ပွဲဝင်အသင်း(၁၆)သင်း၊ (ခ)အဆင့်တွင် ပြိုင်ပွဲ ဝင်အသင်း(၈)သင်း စုစုပေါင်း(၂၄)သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပထမ အဆင့် အုပ်စုပတ်လည်ပြိုင်ပွဲများကို တိုင်းစစ်ဌာနချုပ်များအလိုက် ဇုန်များခွဲ၍ ယှဉ်ပြိုင်ကစားခဲ့ကြပြီး နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့်ရှုံး/ထွက် ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်မှ စတင်၍ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကာ ယနေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။