နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်မှ နည်းပြအရာရှိကြီးများ အားတွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ – ၁၁

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများနှင့် ဆရာ၊ ဆရာမများ အား ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။

        အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်လေ့ကျင့်ရေးကျောင်းများမှ ကျောင်း အုပ်ကြီးများ၊ နည်းပြအရာရှိကြီးများနှင့် ဆရာ၊ ဆရာမများတက်ရောက်ကြသည်။

“အစကောင်းမှ အနှောင်းသေချာ” ဆိုသည့်အတိုင်း လေ့ကျင့်ရေး၌ အခြေခံမှစ၍ ကောင်းရန်လို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် စစ်တက္ကသိုလ်သည် လက်ရုံးရည်နှလုံးရည်နှင့် ပြည့်စုံသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်အတွက် ဖြစ်ကြောင်း၊ “အစကောင်းမှ အနှောင်း သေချာ” ဆိုသည့်အတိုင်း လေ့ကျင့်ရေး၌ အခြေခံ အစကတည်းကကောင်းရန်လိုကြောင်း၊ အဓိကအားဖြင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကို မွေးထုတ်ပေးခြင်းပင်ဖြစ် သော် လည်း စစ်ဘက်ဆိုင်ရာတစ်ခု တည်းကိုသာ ကျွမ်းကျင်နေ၍မရကြောင်း၊ လိုအပ်သော အသိဉာဏ်၊ ဗဟုသုတနှင့် နှလုံးရည်ပြည့်ဝရန်အတွက် သက်ဆိုင်ရာစာပေပညာရပ်များ ကိုလည်း သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း။

တပ်မတော်တွင် စစ်တက္ကသိုလ်တစ်ခုတည်း ကိုသာမက အခြားတက္ကသိုလ်များ နှင့် ဗိုလ်သင်တန်းကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပြီး တပ်မတော်အရာရှိများကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါသင်တန်းကျောင်းများမှ သင်တန်းဆင်း၍ တာဝန် ထမ်းဆောင်စဉ် လုပ်ငန်းတာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်ပြီး ထူးချွန်ပြောင် မြောက်စွာ တာဝန်ထမ်းဆောင်မှုများအတွက်လည်း ဘွဲ့တံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့် မှုများရရှိခဲ့သည့် တပ်မတော်အရာရှိများ များစွာရှိကြောင်း။

စစ်တက္ကသိုလ်တွင် စစ်ပညာများကို တပ်စုမှုးအဆင့်အထိ သင်ကြားပေးလိုက် ပြီး တက္ကသိုလ်ပညာရပ်များကိုလည်း သင်ကြားပေးကြောင်း၊ စစ်ပညာများ လေ့ကျင့်ရေးနှင့်  တက္ကသိုလ်ပညာလေ့ကျင့်ရေးများကို ဆောင်ရွက်ပေးလိုက်ကြောင်း၊ လေ့ကျင့်သား ပြည့်ဝမှသာ အရည်အချင်းကောင်းမွန်သည့် ခေါင်းဆောင်ကောင်းများမွေးထုတ် ပေးနိုင်မည်ဖြစ်ပြီး လုပ်ငန်းတာဝန်နှင့် စစ်မြေပြင်တာဝန်များထမ်းဆောင်ရာတွင် ပေးအပ် လာသည့်တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ စစ်မြေပြင်နှင့် လုပ်ငန်းတာဝန် နယ်ပယ်အသီးသီးတွင် မှတ်ကျောက်တင်နိုင်သည့် အရာရှိများမွေးထုတ် ပေးရန်လိုကြောင်း။

စွမ်းရည်ရှိသည့် တပ်မတော်တစ်ရပ်ဖြစ်စေရေး ကြိုတင်မျှော်တွေးပြီး ပြင်ဆင်ဆောင်ရွက်ခဲ့

ခေတ်သစ်စစ်ပွဲများတွင် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ တိုးတက်စေရေး အတွက် စစ်ဘက်နည်းပညာရပ်ဆိုင်ရာများတိုးတက်ရေး၊ အသုံးအဆောင်ပစ္စည်းများကို ခေတ်နှင့်လျော်ညီမှုရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း၊ စွမ်းရည်ရှိသည့်တပ်မတော်တစ်ရပ် ဖြစ်စေရေး ကြိုတင်မျှော်မှန်းပြီးပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရေး ပြည်ပနိုင်ငံများသို့ တပ်မတော်သားအရာရှိများကို စေလွှတ်သင်ကြား စေခဲ့ပြီး လက်ရှိအချိန်တွင်လည်း တက်ရောက်လျက်ရှိကြောင်း၊ ခေတ်မီတပ်မတော် တစ်ရပ်တည် ဆောက်ရေးအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း။

သင်တန်းများသင်ကြားပို့ချရာတွင် အရေအတွက်ထက် အရည်အချင်းပြည့်မီ အောင် မွေးထုတ်ပေးရန်လိုကြောင်း၊ စစ်ဘက်ခေါင်းဆောင်များကိုမွေးထုတ်ပေးခြင်းဖြစ်သဖြင့် လေ့ကျင့်ရေးနှင့်ပတ်သက်၍ စတင်ချိန်ကတည်းက စနစ်တကျဖြင့်လေ့ကျင့်ပေးရန် ၄ နှစ်တာကာလသည် စစ်ပညာနှင့် တက္ကသိုလ်ပညာရပ်များသင်ကြားပေးရန်အတွက် လုံလောက်သည့် အချိန်ကာလတစ်ခုဖြစ်ကြောင်း၊ ဗိုလ်လောင်းများအနေဖြင့် သင်တန်း ပြီးမြောက်ချိန်တွင် လူငယ်ခေါင်းဆောင်စိတ်ဖြင့် နေထိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် လေ့ကျင့်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် ပထမနှစ်မှစတင်၍ အရာရှိ ကောင်းများဖြစ်အောင် စနစ်တကျဖြင့် လေ့ကျင့် ပေးရန်လိုကြောင်း၊ အသေးအဖွဲ့မှစ၍ ဂရုစိုက်ပြီး စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေသာခိုသည့်စိတ်၊ အလွယ်တကူလုပ်ဆောင်လိုသည့်စိတ်များ မရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရန် လိုကြောင်း၊ အားလုံးမှဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက အရည်အချင်းရှိ သည့် စစ်ဘက်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။

စာပေပညာနှင့်ပတ်သက်၍ ယခင်က သာမန်ဘွဲ့များကိုသာပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် Ph.D ဘွဲ့အထိ ပေးအပ်ခဲ့ကြောင်း၊ ပြည်ပ၌လည်းသွားရောက်သင်ကြား မှုများရှိကြောင်း၊ နှလုံးရည်ပြည့်ဝစေရေး လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ တပ်မတော် လေ့ကျင့်ရေးကျောင်းများမှ သင်ကြားမွေးထုတ်ပေးလိုက်သူများအနေဖြင့် တပ်မတော်ပိုင်းဆိုင်ရာများကိုသာမက နိုင်ငံတော်အတွက် လိုအပ်သည့်အခြားလုပ်ငန်း တာဝန်များကိုလည်း ကျေပွန်စွာဖြင့် ထမ်းဆောင်နိုင်ကြောင်း၊ စစ်ဘက်ခေါင်းဆောင် များအနေဖြင့် နှလုံးရည်ဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော် အတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

စာပေဖတ်ရှုခြင်းဖြင့် နှလုံးရည်ပြည့်ဝသော ခေါင်းဆောင်များဖြစ်စေမည်

စာပေဖတ်ရှုခြင်းသည် ဘဝတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုသဖြင့် စာပေကို အမြဲမပြတ်ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ တက္ကသိုလ် ပညာရပ်သည် စာပေပညာရပ်ကိုသာမက အတွေးအခေါ်ပညာရပ်များကို သင်ကြားပေး ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအား သင်ကြားပေးရာတွင် တူညီသည့် အမြင်များ ရှိစေရေး၊ အခြေခံကျကျတွေးခေါ်တတ်သည့် အလေ့အကျင့်ကောင်းများရှိစေရေး လေ့ကျင့်ပေးရန်လိုကြောင်း။

ကျန်းမာကြံ့ခိုင်စေရန်အတွက် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများကို ဆောင်ရွက်ပေးရကြောင်း၊ ကိုယ်ခံစွမ်းအားများရှိစေရေး လိုအပ်သည့် ကယ်လိုရီများရရှိအောင် စနစ်တကျဖြင့် တွက်ချက်၍စီမံဆောင်ရွက်ပေးထားသဖြင့် အပြည့်အဝစားသုံးရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်သူများဖြစ်စေရေး အစားအသောက်နှင့် ပတ်သက်၍ အပြည့်အဝကျွေးမွေးရန်လိုကြောင်း၊ ခေါင်းဆောင်လုပ်မည့် သူများအနေဖြင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာများ ပြည့်ဝနေရန်လိုကြောင်း၊ အသောက်အစားအပျော် အပါး များကို တတ်နိုင်သမျှဆင်ခြင်ရန်နှင့် ကိုယ့်စိတ်ကို အလိုမလိုက်ရန်လိုကြောင်း၊ အရက်သေစာများကို အလွန်အကျွံသောက်စားခြင်းများသည် ကျန်းမာရေးကို ထိခိုက် စေနိုင်ကြောင်း၊ မူးယစ်သောက်စားမှုများကြောင့် မလိုလားအပ်သည့်ဖြစ်စဉ်များဖြစ် ပေါ်ပြီး လူမှုရေးကိစ္စရပ်များကိုပါ ထိခိုက်စေနိုင်သဖြင့် အသောက်အစားနှင့်ပတ်သက် ၍ မိမိကိုယ်တိုင်အသိတရားဖြင့် ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ မိမိလက်အောက်ရှိ သင်တန်းသားများကိုလည်း ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ အသောက်အစား နှင့် ပတ်သက်၍ အလေထားထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း။

အစားအသောက်နှင့်ပတ်သက်၍ အာဟာရပြည့်ဝသည့် အစားအသောက်များ ကို စားသုံးရန်လိုကြောင်း၊ အသက်အရွယ်နှင့် သင့်တင့်လျောက် ပတ်သည့် ကိုယ်ဟန်အနေ အထားရှိရန်လိုကြောင်း၊ ထို့ကြောင့်သင်တန်းသားများကိုလေ့ကျင့်ပေးရာတွင် စားသောက် နေထိုင်မှုမှတစ်ဆင့် အခြေခံမှစ၍ စနစ်တကျလေ့ကျင့်ပေးရန်လိုကြောင်း၊ သို့မှသာ သင်တန်းသများအနေဖြင့် သင့်တင့်လျောက်ပတ်သည့် ကြံ့ခိုင်မှုများရရှိမည် ဖြစ်ကြောင်း၊ ကောင်းမွန်သည့်အကျင့်များကို ဗိုလ်လောင်းဘဝမှစတင်၍ လေ့ကျင့်ပေး ရန်လိုသကဲ့သို့ နည်းပြများကိုယ်တိုင်က စံပြဖြစ်နေရန်လိုကြောင်း။

လေ့ကျင့်သားပြည့်ဝခြင်းဖြင့် နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့် စစ်ဘက်ခေါင်းဆောင်များဖြစ်စေမည်

လေ့ကျင့်ရေးပိုင်းတွင် သေချာစွာဆောင်ရွက်ပေးရန်လိုကြောင်း၊ လေ့ကျင့်ရေး ပိုင်း ဆိုင်ရာများကို စနစ်တကျလေ့ကျင့်ပေးမှသာ စစ်မြေပြင်တွင် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများကျင်းပရာတွင် စဉ်းစား ဉာဏ်ဖြင့် ခွန်အားစိုက်ထုတ်၍ စနစ်တကျဆောင်ရွက်တတ်သည့် အကျင့်ကောင်းများရရှိ အောင် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ စစ်ခေါင်းဆောင်များသည် စဉ်းစားဆင်ခြင်တုံ တရားနှင့် သတ္တိရှိရှိဖြင့် ဆောင်ရွက်နိုင်ရေး စစ်တက္ကသိုလ်မှ မွေးထုတ်ပေးနေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးရာတွင် သင်တန်းသားများ အား အဆိုပါစိတ်ဓာတ်များ အခြေခံမှစတင်၍ မွေးမြူပေးနိုင်ရေး လေ့ကျင့်ပေးသွားရန် လိုကြောင်း၊ လေ့ကျင့်သားပြည့်ဝစွာဖြင့် လေ့ကျင့်ဆောင်ရွက်ပေးခြင်းဖြင့် တပ်မတော် အတွက် အားထားရသည့် စစ်ဘက်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သဖြင့် လက်ရုံးရည်၊ နှလုံးရည်နှင့် စဉ်းစားဆုံးဖြတ်နိုင်သည့် ခေါင်းဆောင်များ မွေးထုတ်ပေး နိုင်ရေး စနစ်တကျဖြင့် အလေးထားလေ့ကျင့် ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။