နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ – ၁၈

တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တ ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်းဗိုလ်လောင်း များ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေးဌာန တို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ အား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄)မှ အောင်စစ်သည်ဆု ရရှိသူ ဗိုလ်လောင်း အောင်ကျော်မင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း စောပြည့်အောင် နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း နိုင်ရဲလှ တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က သင်တန်း ဆင်းမိန့်ခွန်းပြောကြားရာတွင်   တပ်မတော်ဆေးတက္ကသိုလ်ကို “တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိများ မွေးထုတ်ပေးရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပြင် ပေးအပ်လာ သည့် တာဝန်များကို ကျရာကဏ္ဍအလိုက် အင်တိုက်အားတိုက် တာဝန်ထမ်းဆောင်နေကြ သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ ရည်မှန်းချက်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် “တိုင်းပြည်သာယာဝ ပြောရေးနှင့်စားရေရိက္ခာဖူလုံရေး”ကိုအမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်အဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝ သည့် အမယ်စုံလင်သော စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ခြင်းသည် တိုင်းပြည်စီးပွားရေးကို မြှင့်တင်ခြင်းဖြစ်သကဲ့သို့ စားနပ် ရိက္ခာလုံခြုံရေး (Food Security)ကို များစွာ အထောက်အကူပြုနိုင်မည်ပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးမြေဧရိယာကျယ်ပြန့်ခြင်း၊ လူဦးရေ သင့်တင့်မျှတ ခြင်း၊ ရာသီဥတု သမမျှတခြင်းတို့ရှိသည့်အတွက် အခြေခံအားဖြင့် စားနပ်ရိက္ခာ ဖူလုံ လုံခြုံမှုရှိသည်ဟု ဆိုနိုင်သော်လည်း နိုင်ငံသားတစ်ဦးချင်းစီအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အစားအစာများကို သင့်တင့်မျှတအောင် ရွေးချယ်စားသုံးနိုင်မှု အလေ့ အထ အားနည်းသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များအနေဖြင့်လည်း မိမိတို့တာဝန် ကျရာဒေသအသီးသီးကို သွားရောက်တာဝန်ထမ်း ဆောင်သည့်အခါ စားသောက်နေထိုင်မှုပုံစံကို ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် အသိ ပညာပေးခြင်း၊ ပြုပြင်ပေးခြင်းများကို ဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။

မိမိတို့နိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ မိုခါဆိုင်ကလုန်းမုန်တိုင်း တွေ့ကြုံချိန်တွင် ကြိုတင် ပြင်ဆင်မှုများ အားကောင်းခဲ့သဖြင့် ထိခိုက်ဆုံးရှုံးမှုနည်းပါးခဲ့သည်ကို မြင်တွေ့ကြရ မည်ဖြစ်ကြောင်း၊ မုန်တိုင်းတိုက်ခတ်ချိန်ကစပြီး ပြန်လည်ထူထောင်ရေးလုပ်သည့် အချိန်ထိ မုန်တိုင်းဒဏ်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအနေဖြင့် ရောဂါကာကွယ်နှိမ်နင်းရေးဆေးအဖွဲ့ ၅ ဖွဲ့ ဖြင့် မုန်တိုင်းဒဏ်ဘေးသင့်ဒေသများတွင် သဘာဝဘေးအလွန် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမရှိအောင် ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ် များ ကျရောက်လာတိုင်း မိမိတို့တပ်မတော်သည် ကူညီဆောင်ရွက်ပေးရန် အမြဲအသင့်ရှိ နေသောကြောင့် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တိုင်းတွင် ဆေးမှူးများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့များသည် ရှေ့တန်းမှ တက်တက်ကြွကြွပါဝင်ခဲ့သည်ကို တွေ့မြင်ရမည်ပင်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ် အနက် လူမှုရေးဦးတည်ချက် ဒုတိယအချက်မှာ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစား ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ဖြစ်ပြီး နိုင်ငံသူနိုင်ငံသားများ ကျန်းမာစွာအသက်ရှင် နေထိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်လျက်ရှိ ကြောင်း။

ထို့ကြောင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး  ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် နယ်လှည့်အထူးကုဆေးအဖွဲ့များဖြင့် နိုင်ငံအဝန်း လိုက်လံ ကုသပေးလျက် ရှိကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း နယ်လှည့်ဆေးကုသရေးယာဉ်များနှင့် ကျေးလက်နေပြည်သူများကို အခမဲ့ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့ သို့ ပင်လယ်သွားဆေးရုံရေယာဉ်၊ မြစ်တွင်းသွား ဆေးရုံရေယာဉ် တို့ဖြင့် ဒေသခံပြည်သူ လူထု စုစုပေါင်း ၉ သိန်းကျော်ကို သွားရောဂါ၊ မျက်စိရောဂါ အပါအဝင် ကလေးရောဂါ၊ ခွဲစိတ်ကုသမှုရောဂါနှင့် ဆေးကုသမှုဆိုင်ရာရောဂါများကို ကုသဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း၊ ထိုကဲ့သို့ နိုင်ငံအဝန်းကျေးလက်ဒေသများအထိ သွားရောက်ပြီး ရောဂါဝေဒနာ ခံစားနေရသည့် ပြည်သူများကို လိုအပ်သည့်စမ်းသပ်ကုသမှုနှင့် ခွဲစိတ်ကုသမှုများကို အခမဲ့ဆောင်ရွက်ပေးနေခြင်းသည် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို မိမိတို့ တပ်မတော်အနေဖြင့် စေတနာမေတ္တာအမှန်ဖြင့် ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း။

ယနေ့ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးကို ပြိုကွဲစေရေးအတွက် ပြည်ပနိုင်ငံအချို့၏ထောက်ပံ့မှုများနှင့် အစွန်းရောက် ပြည်ပြေးနိုင်ငံရေးသမားများက ငြိမ်းချမ်းရေးကို မလိုလားသည့် တိုင်းရင်းသားလက်နက် ကိုင်အချို့နှင့် ပူးပေါင်းပြီး အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ လုပ်ဆောင်သည့်နေရာတွင် ဆင်ခြင်တုံတရားမဲ့စွာ စစ်ဘက်နှင့် မသက်ဆိုင်သည့် ကျန်းမာရေးကဏ္ဍကိုလည်း ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေသည်ကို မြင်တွေ့ကြရ မည်ဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံတော်က ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံ တော်၏ ကျန်းမာရေးစောင့်ရှောက်မှုယန္တရား လည်ပတ်မှု ရပ်တန့်သွား‌စေရေးအတွက် ဆရာဝန်၊ သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းများကို CDM ပြုလုပ်လာအောင် သွေးဆောင်ဖြားယောင်းခြင်း၊ ဖိအားပေး အကြပ်ကိုင်ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြ ကြောင်း၊ အချို့သောကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုက်နာကျင့်ကြံရမည့် ကတိ သစ္စာကို ဖောက်ဖျက်ခဲ့ကြသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ လစ်ဟာမှုများဖြစ်ပေါ်ခဲ့ပြီး မိမိတို့ တပ်မတော်သား ပါရဂူ၊ ဆရာဝန်နှင့် သူနာပြု များက ဝင်ရောက်တာဝန်ထမ်းဆောင်ပေးခဲ့ရကြောင်း။

ထို့အပြင် အကြမ်းဖက်သမားများသည် မိဘပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးနှင့် မိသားစုဘဝလုံခြုံရေးအတွက် အလွန်အန္တရာယ်ကြီးမားသည့် လုပ်ရပ်များဖြစ်သော ဆေးရုံ၊ ဆေးပေးခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြသည့်အပြင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကိုလည်း ခြိမ်းခြောက်ခြင်း၊ ဖိအားပေးအနိုင်ကျင့်ခြင်းများ၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ကြကြောင်း၊ ယင်းလုပ်ရပ်များသည် အစွန်းရောက် အကြမ်းဖက်လုပ်ရပ်များ ဖြစ်သည့်အတွက် မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့ အစည်းကမျှ လက်မခံနိုင်သကဲ့သို့ မြန်မာ့လူ့အဖွဲ့အစည်းတွင်လည်း လက်မခံနိုင်သည့် လုပ်ရပ်များ ဖြစ်ကြောင်း။

မိဘပြည်သူများ၏ ကျန်းမာရေးကဏ္ဍအပေါ် ဦးတည်ချက်ထားတိုက်ခိုက်ခြင်း သည် နိုင်ငံတော်၏ လူသားအရင်းအမြစ်စွမ်းအားပြိုလဲအောင် တိုက်ခိုက်ခြင်းဖြစ်သကဲ့သို့ အပြစ်မဲ့ပြည်သူလူထုကိုဦးတည်ပြီး သစ္စာမဲ့စွာ အကြမ်းဖက်တိုက်ခိုက်ခြင်းပင်ဖြစ် ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ ကျန်းမာရေးဝန်ထမ်းများအပေါ် ပြုလုပ်ခဲ့ သည့် ဆိုးရွားသည့်ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူသိရှိနားလည်ပြီး လက်တွေ့ နယ်ပယ်တွင် တာဝန်ထမ်းဆောင်သည့်အခါ တပ်မတော်သားဆရာဝန် စစ်သည်တော် ကောင်းများပီပီ မိမိတတ်ကျွမ်းသည့် ဆေးပညာဖြင့်သာမက လုံခြုံရေးသတိ၊ နိုင်ငံရေး အသိမှန်များဖြင့် မိဘပြည်သူများကို ကာကွယ်စောင့်ရှောက်သွားကြရန် မှာကြားလို ကြောင်း။

ရောဂါကုသမှုများအတွက် တပ်မတော်ဆေးရုံများကို အဆင့်မြှင့်တင်ပေးခဲ့ရာ တွင် ကျောက်ကပ်အစားထိုးကုသနိုင်သည့် ဆေးရုံ ၄ ခု၊ အသည်းအစားထိုးကုသနိုင်သည့် ဆေးရုံ ၁ ခု၊ နှလုံးရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသနိုင်သည့်ဆေးရုံ ၄ ခု၊ နှလုံး ခွဲစိတ်ကုသနိုင်သည့် ဆေးရုံ ၂ ခု၊ အစာအိမ်အူလမ်းကြောင်းကို မှန်ပြောင်းဖြင့် ခွဲစိတ် ကုသနိုင်သည့်ဆေးရုံ ၅ ခုအထိရှိလာပြီဖြစ်ကြောင်း။

 ထိုကဲ့သို့ တပ်မတော်ဆေးရုံများကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့သောကြောင့် တပ်မတော်အနေဖြင့် ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်း၊ နှလုံး ခုန်နှုန်း ထိန်းညှိစက်ထည့်ခြင်း၊ နှလုံးသွေးကြော Stent ထည့်ကုသခြင်း၊ ဦးနှောက်   နှင့်ရင်ခေါင်း ခွဲစိတ်ကုသခြင်းများကို တပ်မတော်သားအရာရှိ၊ စစ်သည်၊ မိသားစုဝင် များသာမက အရပ်သားပြည်သူများကိုပါ အောင်မြင်စွာကုသပေးနိုင်ခဲ့သဖြင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးမှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းက အထောက် အကူပြုပေးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမည်ဖြစ်ကြောင်း။

ထို့အပြင် တပ်မတော်သားဆရာဝန်များဖြစ်သကဲ့သို့ စစ်ဘက်ခေါင်းဆောင်ငယ် များလည်းဖြစ်သည့်အတွက် မိမိကိုယ်ကို ခေါင်းဆောင်မှု အရည်အချင်းနှင့်ပြည်စုံနေ အောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့်ခေါင်းဆောင်မှုပေးပြီး မိမိ တပ်ဖွဲ့ဝင်များနှင့်အတူ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြရမည်၊ ရဲစွမ်းသတ္တိနှင့်ပြည့်ဝသည့် တပ်မတော်သား ခေါင်းဆောင်ငယ် ကောင်းများဖြစ်ရန် လိုသကဲ့သို့ ဆရာဝန်ဖြစ်သည့်အလျောက် မြင့်မြတ်သည့်စိတ်ထား ကူညီရိုင်းပင်းသည့်နှလုံးရည်နှင့် ပြည့်ဝရန်လိုအပ်ကြောင်း၊ တစ်နည်းအားဖြင့်ပြောရမည် ဆိုပါက လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် “ပညာ ပြည့်ဝ၊ နှလုံးလှ”အောင် မိမိကိုယ်ကို အမြဲလေ့ကျင့်တည်ဆောက်သွားကြရန် လိုအပ် သကဲ့သို့ ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းအစဉ်အလာကောင်းများကိုလည်း “သမားဇာနည် အောင်စစ်သည်” ဟူသည့်အတိုင်း ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဟု အလေးအနက်ထား တိုက်တွန်း မှာကြားလိုကြောင်း။

သမားဇာနည်များ မွေးဖွားပေးရာဖြစ်သည့် တပ်မတော်ဆေးတက္ကသိုလ်က သင်ကြားပေးလိုက်သော ဆေးသိပ္ပံပညာရပ်နှင့် တိုင်းရင်းသားပြည်သူများ၊ တပ်မတော် သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာမျှဝေပေးမှု၊ ဆေးကုသမှုလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချဆောင်ရွက်သွားကြရန်၊ ခေတ်နှင့် အညီ ပြောင်းလဲတိုးတက်နေသည့် ဆေးသိပ္ပံ ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူး သုတေသနပြုပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်တတ်မြောက်သည့် ဆေးပညာရှင်ဆရာဝန် အရာရှိကောင်းများဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြရန်၊ တာဝန်ကျရာတပ်၊ ဒေသအသီးသီးတွင် တာဝန်ကျေပွန်ပြီး မိမိတို့တတ်ကျွမ်းသည့် ဆေးပညာနှင့် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများအပြင် နိုင်ငံတော်တည် ဆောက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် တပ်မတော်သားခေါင်းဆောင်ငယ် ဆရာဝန်ဆေးမှူး များဖြစ်သဖြင့် မြင့်မြတ်သည့်စိတ်ထား၊ ကူညီရိုင်းပင်းသည့် နှလုံးရည်၊ ကြံ့ခိုင်သည့်ရဲစွမ်း သတ္တိများ ပြည့်စုံပြီး နိုင်ငံတော်နှင့်တပ်မတော်က ယုံကြည်အားထားရသည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများဖြစ်အောင် အစွမ်းကုန်ကြိုး ပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဌာနချုပ်  ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများကို တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိကြသည့်အတွက် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သင်တန်းကာလတစ်လျှောက်လုံး မျှော်မှန်းချက်၊ ရည်မှန်းချက်ရှိစွာဖြင့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် အစဉ်တစိုက် ကြိုးစားအားထုတ်ခဲ့ပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် နေထိုင်ခဲ့မှုကြောင့် ယခု ကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ခြင်းဖြစ်သဖြင့် ကောင်းမွန်သည့် အခြေခံကောင်းများရှိခဲ့ပြီးဖြစ် ကြောင်း၊ အခြေခံပညာအထက်တန်းပညာကို မြင့်မားသောရမှတ်များဖြင့် အောင်မြင်ခဲ့ သည့် အခြေခံကောင်းများကို ယခုတက္ကသိုလ်ပညာရပ်များ ဆည်းပူးရာတွင်လည်း ဆက် လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ကြိုးစားခဲ့သောကြောင့် ထူးချွန်စွာ အောင်မြင်ခဲ့ပြီးဖြစ်သဖြင့်  ရှေ့ဆက်လက် လျှောက်လှမ်းရမည့် ဘဝခရီးတစ်လျှောက်တွင်လည်း မိမိတို့၏ရည်မှန်း ချက်များ မပျောက်ပျက်၊ မယိမ်းယိုင်စေရေးအတွက် ရှိပြီးဖြစ်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကြိုးစားအားထုတ်မှုရှိမှသာ လျင် ဘဝရပ်တည်မှုများ မြင့်မားမည်ဖြစ်ပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် မပျောက်စေ ရေးအတွက် စဉ်ဆက်မပြတ်ဆက်လက် ကြိုးပမ်းအားထုတ်သွားရန်နှင့် မိမိကိုယ်ကို စောင့်ထိန်းနေထိုင်သွားကြရန်လိုကြောင်း၊ ငယ်စဉ်ကလေးဘဝမှ တက္ကသိုလ်ရောက်သည် အထိ ကျွေးမွေးစောင့်ရှောက်သွန်သင်ပေးခဲ့သည့် ကြီးမားလှသည့် မိဘဆရာ တို့၏ဂုဏ် ကျေးဇူးကို သိတတ်နားလည်ကျေးဇူးဆပ်ရမည်ဖြစ်သကဲ့သို့ အသိပညာများနှင့် အတတ် ပညာများကို သင်ကြားပေးလိုက်သည့် တပ်မတော်ဆေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊   တပ်မတော်နှင့် နိုင်ငံတော်၏ ဂုဏ်ကျေးဇူးကိုလည်း စစ်သားကောင်းတစ်ဦး၊ ဆရာဝန် ကောင်းတစ်ဦး ပီသစွာနေထိုင်ကျင့်ကြံခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထား၍ ဆက်လက် တိုးတက်အောင်နေထိုင်ခြင်း၊ သစ္စာရှိရှိဖြင့် ပေးအပ်လာသည့် တာဝန်များကိုကျေပွန် အောင် ထမ်းဆောင်ခြင်းတို့ဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ လူသားတစ်ဦးတွင် ရှိ သင့်သည့် ကျင့်ဝတ်သိက္ခာများကိုစောင့်ထိန်းပြီး မိမိကိုယ်ကိုထိန်းထိန်းသိမ်းသိမ်း နေထိုင် ကာ ကိုယ်ကျင့်တရားကောင်းပြီး အောင်မြင်သူများဖြစ်အောင် မိမိဘဝကိုမိမိ ကြိုးစား တည်ဆောက်  နေထိုင်ကျင့်ကြံရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။