နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၂

          တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်း မည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကျောင်းအုပ်ကြီးနှင့်  တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အား အနှေးလျှောက်၊ အမြန် လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁၀)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း ယုယုနိုင် အား  အကောင်းဆုံး ဗိုလ်လောင်းဆု ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင်  “နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် အမျိုးသမီး စစ်မှုထမ်းအရာရှိများအား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် အမျိုးသမီးဦးရေသည် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော် ရှိသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးစွမ်းအား တည်ဆောက်ရေးတို့တွင် မျိုးချစ်စိတ်ဖြင့် ပါဝင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ကာကွယ်ရေး စွမ်းအား တည်ဆောက်ရာတွင် မြန်မာအမျိုးသမီးထု ပါဝင်နိုင်ရေး၊ အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရေးတို့အတွက် လေ့ကျင့်မွေးထုတ်ပေးနေခြင်းပင်ဖြစ်ကြောင်း။

တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏ အဓိကအင်အားစုကြီး အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ရပြီး နိုင်ငံ၏သမိုင်းနှင့် တပ်မတော်၏သမိုင်းသည် တစ်ထပ်တည်း တည်ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် တပ်မတော်သည် ရရှိထားသည့် လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်လာခဲ့သည့်၊ အစဉ်အလာ ကြီးမားသည့် တပ်မတော်ဖြစ်သဖြင့် တပ်မတော်၏ သမိုင်းကြောင်းနှင့် အစဉ်အလာများကို သိရှိနားလည်ထား ကြရန်လိုအပ်မည်ဖြစ်ကြောင်း။

          တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးများမှ လွတ်လပ်ရေး ရသည်အထိ ပြည်သူကို ဦးဆောင်လက်တွဲပြီး တိုက်ပွဲဝင်ခဲ့သည့် တပ်မတော်ဖြစ်ကြောင်း၊ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ခေတ်အဆက်ဆက် အစိုးရများနှင့်အတူ အမျိုးသားနိုင်ငံရေးတာဝန်များ တစ်နည်းအားဖြင့် နိုင်ငံ့အရေးများကို သမိုင်းပေး တာဝန်များအရ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ရကြောင်း။

          တိုင်းပြည်အတွက် အရေးကြုံလာတိုင်း တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် အမျိုးသားနိုင်ငံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြ သည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်၏သမိုင်းကြောင်းနှင့် အစဉ်အလာ ကောင်းများကို သိရှိအောင်လေ့လာပြီး အသက်ပေးစောင့်ထိန်းသွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။

          မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင် ရည်အချို့ကို ပြန်လေ့လာကြည့်ပါက လွတ်လပ်ရေးကြိုးပမ်းမှုကာလများမှစပြီး တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏အခန်းကဏ္ဍသည် ခေတ်အဆက်ဆက် တွင်လည်း များစွာအရေးပါခဲ့သည်ကိုတွေ့ရကြောင်း၊ ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုကာလတစ်လျှောက်တွင်လည်း အမျိုးသားများနှင့် ရင်ပေါင်တန်းတိုက်ပွဲ ဝင်ခဲ့ကြသည့် အမျိုးသမီး သူရဲကောင်းများစွာရှိခဲ့ကြကြောင်း။

          ယနေ့မျက်မှောက်ကာလတွင်လည်း လူမှုရေး၊ စီးပွားရေးနယ်ပယ်များနှင့် အသိပညာ၊ အတတ်ပညာ၊ အနုပညာဆိုင်ရာနယ်ပယ်များတွင် ထူးချွန်ထက်မြက်ပြီး ဂုဏ်ယူဖွယ်၊ စံပြအားထားဖွယ် မြန်မာအမျိုးသမီးများ များစွာပေါ်ထွက်ခဲ့ကြောင်း၊ သင်တန်းကျောင်းမှ သင်ကြားပေးလိုက်သည့် စစ်ပညာ၊ ခေါင်းဆောင်မှု ပညာရပ်များ နှင့် လက်တွေ့လေ့ကျင့်ဆောင်ရွက်မှုများကိုအခြေခံပြီး ပေးအပ်လာမည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း။

          တပ်မတော်သားအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက် မပါဘဲ မိမိတို့တစ်ဦးတစ်ယောက်ချင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် တပ်မတော်ကို ဝင်ရောက်အမှုထမ်းခဲ့ ကြသူများဖြစ်ကြောင်း၊ မိမိတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့် ဝင်ရောက်လာခဲ့ကြ သည့်သူများဖြစ်ပြီး တပ်မတော်မှလည်း အမျိုးသမီးစစ်မှုထမ်းကောင်းများဖြစ်စေရန် အဘက်ဘက်က လေ့ကျင့်ပေးလိုက်ပြီးဖြစ်သဖြင့် တာဝန်ထမ်းဆောင်ချိန် အခက်အခဲ များနှင့်ကြုံတွေ့ရသည့်အခါ စစ်သားစိတ်အပြည့်ဖြင့် နေထိုင်ကျင့်ကြံရန် လိုအပ်မည်ဖြစ်ကြောင်း။

          ထို့ပြင် မိမိတို့၏ရည်မှန်းချက်၊ မျှော်မှန်းချက်များ မထိခိုက်အောင်နေထိုင် ဆောင်ရွက်သွားကြရန်နှင့် အမျိုးသမီးစစ်မှုထမ်းကောင်းများဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် အသိပေးမှာကြားလိုကြောင်း၊ တပ်မတော်၏ အဓိကတာဝန် သည် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးနှင့်နိုင်ငံသူ၊ နိုင်ငံသားတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ရန်ပင်ဖြစ်ကြောင်း၊ ကာကွယ်ရေးကဏ္ဍမြှင့် တင်ရန်အတွက် တပ်မတော်ကို သမားရိုးကျစစ်ပွဲဆင်နွှဲနိုင်ပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်လျက်ရှိကြောင်း၊ တပ်မတော်တိုင်းတွင် စွမ်းရည်ထက်မြက်ရန်အတွက် လေ့ကျင့်ရေးသည် မရှိမဖြစ်လိုအပ်ပြီး စွမ်းရည်စွမ်းအားရှိသည့်၊ အရည်အချင်းရှိသည့် တပ်မတော်ကို လေ့ကျင့်ရေးဖြင့် တည်ဆောက်သွားရမည်ဖြစ်ကြောင်း။

          ထိုသို့တည်ဆောက်သည့်နေရာတွင် တပ်မတော်သားအားလုံး၏ ကျန်းမာကြံ့ခိုင်မှု၊ စစ်နည်းဗျူဟာကျွမ်းကျင်မှုနှင့် ပညာရည်မြင့်မားစေရေး စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ စစ်နည်းဗျူဟာအတတ်ပညာနှင့် စစ်လက်နက်ပစ္စည်းများသည် နေ့စဉ်နှင့်အမျှ တီထွင်ပြောင်းလဲ တိုးတက်နေသည့်အလျောက် လေ့ကျင့်ရေးပိုင်းကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် အရည်အသွေးမြှင့်တင် သွားကြရမည်ပင်ဖြစ်ကြောင်း၊ နည်းပညာဖွံ့ဖြိုးမှုနှင့်အတူ ပေါ်ပေါက်လာသည့် စစ်လက်နက်၊ စစ်အသုံးအဆောင် ပစ္စည်းများကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးချနိုင်ရန်အတွက် လေ့ကျင့်နေကြရမည် ဖြစ်သကဲ့သို့ လက်တွေ့စစ်မြေပြင်တွင် ရန်သူကိုရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန် ကျန်းမာကြံ့ခိုင်မှု ရှိနေစေရန်လည်း အမြဲလေ့ကျင့်နေကြရမည်ဖြစ်ကြောင်း။

စစ်သည်တစ်ဦးချင်းစီ၏ ပြုမူပြောဆိုနေထိုင်မှုများသည် တပ်မတော်၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည့်အတွက် တစ်ဦးချင်းစီက စည်းကမ်းနှင့်အညီ နေထိုင်ပြုမူ ကျင့်ကြံကြရန်လိုအပ်ကြောင်း၊ အဖွဲ့အစည်းတစ်ခုသည် စည်းကမ်း လိုက်နာမှုနှင့် အကျင့်စာရိတ္တအားနည်းလာပါက ပျက်စီးမှုအမျိုးမျိုးဖြင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများသည် ထုတ်ပြန်ထားသည့်အမိန့်နှင့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းပြီး တပ်မတော်သားကောင်း ပီသစွာဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိရှိတာဝန် ထမ်းဆောင်သွားကြ ရမှာဖြစ်ကြောင်း။

အရာရှိငယ်ဘဝတွင် အထက်အကြီးအကဲများ၏ အမိန့်ကို တိကျစွာလိုက်နာ တတ်ခြင်းသည် ခေါင်းဆောင်ကောင်းနှင့် နောက်လိုက်ကောင်းတို့၏ အမူအကျင့် ကောင်းများပင်ဖြစ်ကြောင်း၊ ငယ်သားဖြစ်ချိန်၌ နောက်လိုက်ကောင်းတစ်ယောက် ဖြစ်ခြင်းသည် နောင်တစ်ချိန်တွင် ခေါင်းဆောင်ကောင်း တစ်ယောက်၏ အစပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်လုပ်သူသည် ထိုးထွင်းကြံဆလုပ်ဆောင်တတ်မှုနှင့် တီထွင် လုပ်ကိုင်ဆောင်ရွက်တတ်မှုရှိခြင်း၊ ကွပ်ကဲမှုနှင့် ကြီးကြပ်မှုကောင်းခြင်း၊ ဗဟုသုတ ကြွယ်ဝပြီး လေ့လာလိုစိတ်ရှိခြင်း၊ အကျင့်စာရိတ္တကောင်းခြင်း၊ စိတ်ဓာတ်ကောင်းခြင်း၊ သစ္စာရှိခြင်း၊ စွမ်းရည်သုံးရပ် ပြည့်စုံခြင်း၊ စည်းကမ်းအရာတွင် စံနမူနာပြဖြစ်ခြင်း စသည့် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

          “သွားသင့်သည့်နေရာကိုသာ သွားရန်၊ ပေါင်းသင့်သည့်သူကိုသာပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန်နှင့် ပြောသင့်သည်ကိုသာပြောရန်” ဟူသည့် သင့် ၄ သင့်ကို လိုက်နာကျင့်သုံးပြီး ဘဝတစ်လျှောက် ကိုယ်ကျင့်တရားကောင်းသည့် အရာရှိများဖြစ်အောင် မိမိကိုယ်ကို စောင့်ထိန်းနေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာရန် ကျရာတာဝန်များ၌ ကျေပွန်စွာ ထမ်းဆောင်ပြီး ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်ပြည့်စုံအောင် ကြိုးစားအားထုတ်သွား ကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။

          မကြာခင်တွင် ပြန်တမ်းဝင်အရာရှိငယ်များအဖြစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့အသီးသီးတွင် ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရတော့မည်ဖြစ်ပြီး ခေါင်းဆောင်ငယ်များ တတ်မြောက်ကျွမ်းကျင်ရမည့် အခြေခံစစ်ပညာများ၊ ခေါင်းဆောင်မှုနှင့် ကွပ်ကဲမှုပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြား လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ ရောက်ရှိတာဝန်ထမ်းဆောင်ရမည့် တပ်ရင်း၊ တပ်ဖွဲ့နှင့်ဌာနချုပ်များတွင် နေ့စဉ်လုပ်ဆောင်နေကြရသည့် အုပ်ချုပ်မှုလုပ်ငန်း တာဝန်များရှိပြီး ယင်းတာဝန်များကို ထမ်းဆောင်ရာတွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ရုံးလုပ်ငန်းများကို ဦးစီးတာဝန်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

          တပ်မတော်သည် ပြည်သူကပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော် ဖြစ်သောကြောင့် မည်သည့်အခက်အခဲ၊ အတားအဆီးမျိုးကိုမဆို ပြည်သူနှင့် လက်တွဲပြီး တွန်းလှန်ကျော်ဖြတ်ကြရမည်ဖြစ်သကဲ့သို့ ပြည်သူကအားကိုးရသည့် တပ်မတော်ဖြစ်အောင်လည်း အမြဲကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် သမိုင်းကြောင်းလိုအပ်ချက်အရ ယနေ့အချိန်အထိ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ “အမျိုး သားနိုင်ငံရေး”ဟူသည်မှာ တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အေးချမ်းသာယာခြင်း၊ စည်ပင်ဝပြောခြင်း၊ တရားမျှတလွတ်လပ်ခြင်းနှင့် ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းစသည့် လောကီကောင်းကျိုး၊ သုခအဖြာဖြာကို ဖော်ဆောင်ပေးသည့် လုပ်ငန်းများဖြစ်သည်ကို ပြောကြားလိုကြောင်း။

          တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်ရန် တာဝန်ရှိသည်ဖြစ်သည့်အတွက် မည်သည့်အစိုးရ၊ မည်သည့်နိုင်ငံရေး စနစ်နှင့်သွားသည်ဖြစ်စေ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့ကို အလေးအနက်ထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

          မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အရင်းခံပြီး မွန်မြတ်သည့်စိတ်များနှင့် တပ်မတော်၏ ကောင်းမြတ်သည့် အလေ့အကျင့်၊ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းသွားကြရန် မှာကြားလိုကြောင်း၊ သမိုင်းကြောင်းနှင့် ယှဉ်တွဲလျက်ရှိသည့် တပ်မတော်၏ မွန်မြတ်သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်၊ မိမိတို့၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ မထိခိုက်အောင် နေထိုင်လုပ်ကိုင်ပြီး အမျိုးသမီး စစ်မှုထမ်းကောင်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ အမြဲကျန်းမာကြံ့ခိုင်နေအောင် စဉ်ဆက်မပြတ်လေ့ကျင့်သွားကြရန်၊ ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ပြီး မိမိကိုယ်တိုင်နှင့် မိမိရဲဘော်ရဲဘက်များ ကောင်းကျိုးအတွက် အမြဲရှေးရှုလုပ်ကိုင်သွားကြရန်၊ ဒို့တာဝန် အရေးသုံးပါးကို အစဉ်ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သည့်သူများဖြစ်အောင် လေ့ကျင့်ဆောင်ရွက် သွားကြရန်၊       နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် အမျိုးသမီးအရာရှိကောင်း များဖြစ်လာရေး အမြဲကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင် သည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသူများဖြစ်သည့် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း ယုယုနိုင်၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း ကြည်ဗဟိုစိမ့်၊ စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ်လောင်း ရွှေရည်ဝင်း နှင့် ကြံ့ခိုင်ရေး အကောင်းဆုံးဆုရ ဗိုလ်လောင်း ရွှေဝတ်မှုန်ဦး တို့အား တွေ့ဆုံ၍ ဂုဏ်ပြု အမှာ စကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ကြသဖြင့် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် ကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် ဆောင်ရွက်တတ်သည့် အခြေခံကောင်းများကိုလည်း ဘဝတစ်လျှောက်လုံး ဆက်လက် ထိန်းသိမ်း သွားကြရန်လိုကြောင်း၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများအနေဖြင့် ဗိုလ်လောင်း သင်တန်း မတက်ရောက်မီ တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာတို့ကို အသီးသီးဆည်းပူး လေ့လာခဲ့ကြပြီးဖြစ်သဖြင့် အတွေးအခေါ်ပိုင်းနှင့် လူနေမှုပုံစံများကို လေ့လာခဲ့ကြရပြီး အရည်အချင်းနှင့် အတွေ့အကြုံများရှိပြီးဖြစ်ကြောင်း၊ အခြေခံ ပညာအဆင့်၌ ပို့ချသင်ကြားခြင်း(Teaching)ကို အဓိကထားဆောင်ရွက်ရပြီး အဆင့်မြင့်ပညာအဆင့် တက္ကသိုလ်၌ သင်ကြားသင်ယူမှုများဆောင်ရွက်ရာတွင် တွေးခေါ်လေ့လာသင်ကြား ခြင်း(Studying)ကို အဓိကထားဆောင်ရွက်ကြကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ရန်နှင့် တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာများကို အောင်မြင်ရန် ကြိုးစားခဲ့ကြရပြီး ယခုဗိုလ်လောင်းသင်တန်း တက်ရောက်ခဲ့ရာတွင်လည်း ကြိုးစားအားထုတ်မှု ရလဒ်များကြောင့် ထူးချွန်စွာ အောင်မြင်ပြီး အမျိုးသမီးအရာရှိများအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ် ကြောင်း။

ထို့ပြင် ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်း ပေးခဲ့သည့် မိဘများ၏ ကျေးဇူးကို မမေ့ရန်နှင့် အကောင်းဆုံးကျေးဇူးဆပ်ခြင်းသည် မိဘများ၏ စကားကိုနားထောင်ခြင်းပင်ဖြစ်ပြီး မိမိကိုယ်ကို ချင့်ချိန်နိုင်စွမ်းဖြင့် မိမိဘဝလမ်းကို တည့်မတ်ထိန်းကြောင်းသွားရမည်ဖြစ်ကြောင်း၊ မိသားစုမှ ဂုဏ်ယူရသည့်၊ နိုင်ငံတော်နှင့် တပ်မတော်မှ အားထားရသည့် တပ်မတော်အရာရှိ ကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်း၊ တက္ကသိုလ်မှရရှိလာသည့် လူမှုဆက်ဆံရေး အတွေ့အကြုံများ၊ ဗိုလ်သင်တန်းကျောင်းမှ သင်ကြားလေ့ကျင့် ပေးလိုက်သည့် အခြေခံကောင်းများကို ဆက်လက် ထိန်းသိမ်း၍ မိမိဘဝ တိုးတက်အောင်၊ မိမိရည်မှန်းချက်များ မပျောက်ပျက်ရအောင် ဘဝတစ်လျှောက်လုံး ဆက်လက်ကြိုးစားအားထုတ်သွားရ မည်ဖြစ်ကြောင်းနှင့် မည်သည့်နယ်ပယ်တွင်မဆို တိုင်းပြည်ကောင်းရာကောင်းကျိုးကို အကျိုးပြုနိုင်သူများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။