နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

          ၂၀၂၃ ခုနှစ်ဆိုတဲ့ အချိန်ကာလကုန်ဆုံးလို့ ၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းရောက်ရှိတဲ့ အချိန်အခါသမယမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူ ကမ္ဘာသားများအားလုံးကိုလည်း ဘေးဘယာများ ဝေးကွာကြပါစေကြောင်းနဲ့ အေးချမ်းသာယာတဲ့ လူ့ဘောင်အသိုက်အဝန်းတစ်ခုမှာ ချစ်ခင်စည်းလုံးစွာ နေထိုင် နိုင်ကြပါစေကြောင်းလည်း ဆန္ဒပြုဆုတောင်း ပေးလိုက်ရပါတယ်။

          ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃  ခုနှစ်ကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအချို့နဲ့ စိန်ခေါ်မှုများကိုလည်း နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီ နည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒ မရှိသူတွေကတော့ ပြည်သူ ပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်းရှိပါတယ်။ အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ် လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်။ ဒါတွေသာ မရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ များစွာကို တိုးတက်နေမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာပါ။ ကျွန်တော်တို့အားလုံး နိုင်ငံကိုချစ်တဲ့၊ အမျိုးကိုချစ်တဲ့စိတ်၊ ညီညွတ်တဲ့အားနဲ့ ကျော်လွှားရပါမယ်။ ၂၀၂၄ ခုနှစ်မှာလည်း ကျွန်တော်တို့ အစိုးရအနေနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေး ရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနဲ့ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ပြည်သူလူထုနဲ့လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် စီးပွားရေး ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံတဲ့ MSME လုပ်ငန်းများ ယခုထက် ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးကိုလည်း ပိုမိုအားပေး ဆောင်ရွက်သွားပါမယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူအားလုံးအနေနဲ့ တည်ငြိမ်အေးချမ်းပြီး မိမိတို့ရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုသည့်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူအားလုံးရဲ့ အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝများကို ကြိုးစားတည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။

          ၂၀၂၄ ခုနှစ်အတွင်းမှာ ကျွန်တော်တို့နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းမှရရှိတဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များက ကျွန်တော်တို့ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များမှာ အကျိုးရှိရှိ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အစိုးရရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံ အချက်ဖြစ်တဲ့ မဲစာရင်းများမှန်ကန် ပြည့်စုံရေးမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနဲ့လည်း ဆောင်ရွက်မဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ပေးကြဖို့လည်း ပြောကြားလိုပါတယ်။

         ကျွန်တော်တို့ နိုင်ငံဟာ လွတ်လပ်ရေးရတာ (၇၆) နှစ်ရှိပြီ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ထိုက်သင့်သော တိုးတက်မှု မရသေးပါဘူး။ ကိုယ့်နိုင်ငံကို တိုးတက် သာယာဝပြောစေချင်ရင်

(၁) တရားဥပဒေကို လေးစားလိုက်နာရပါမယ်၊

(၂) စည်းကမ်း ရှိရှိနဲ့စည်းစည်းလုံးလုံး နေထိုင်ကြရပါမယ်၊

(၃) အနာဂတ်ကို မျှော်တွေးပြီး ပညာသင်ကြားသင့်တဲ့ အရွယ်မှာ ပညာသင်ကြားရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်း ကြိုးပမ်းပေးရပါမယ်၊

(၄) တတ်နိုင်သူများ၊ အလုပ်လုပ်နိုင် သူများအားလုံး ကုန်ထုတ်လုပ်မှု မြင့်မားရေး ရင်းနှီးမြှုပ်နှံအလုပ်လုပ်ကြဖို့ လိုပါတယ်။

         ဘာအလုပ်ပဲ လုပ်ကြလုပ်ကြ အင်အားရှိမှရမှာဖြစ်လို့ ပျော်ရွှင်ဖွယ်ရာ မိသားစုများ တည်ဆောက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းထဲမှ ကျွန်တော်တို့ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမဲ့အရာတွေကို ဆက်လက် သယ်ဆောင်ကြပြီး မကောင်းသော အတွေး မကောင်းသော အမြင်များနဲ့ မကောင်းသော လုပ်ရပ်များကို ချန်ရစ်ခဲ့ကာ လူမျိုးရေး၊ ဘာသာရေး၊ ဒေသအရေး အစွဲများ ကင်းဝေးခြင်းနဲ့အတူ တစ်ဦးအပေါ်တစ်ဦး ကိုယ်ချင်းစာတရား၊ မုဒိတာတရား၊ မေတ္တာတရားများနဲ့ ကျွန်တော်တို့ အားလုံး မျှော်လင့်တောင့်တနေတဲ့ နိုင်ငံတော်သစ်ဆီ ဆက်လက် လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းပြောကြားရင်း နှစ်သစ်ကူး နှုတ်ခွန်း ဆက်စကား ပြောကြားအပ်ပါတယ် ခင်ဗျာ။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။